(Amos Tutuola (၁၉၂၀-၁၉၉၇) သည် နိုက်ဂျီးယီးရန်း အမျိုးသား စာရေးဆရာ ဖြစ်ပြီး ကိုယ်တိုင် သင်ကြား လေ့လာမှုဖြင့် ကမ္ဘာတန်းရောက်ရှိလာသော ပထမဦးဆုံး အာဖရိကသား စာရေးဆရာ ဖြစ်သည်။ သူ့စာများသည် ယောရုဘ လူမျိုးစုတို့၏ အစဉ်အလာ ရိုးရာပုံပြင်များကို အခြေခံခြင်း ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေသော ထန်းရည်သမားဝတ္ထု (The palm-wine drunkard) မှာ အိပ်မက်ဆန်လှသည်။ ထိုဝတ္ထု ထွက်ခါစတွင် ကမ္ဘာ့စာရေးဆရာ အသိုင်းအဝိုင်းမှ ဝေဖန်ချက်များ အမျိုးမျိုးပေးခဲ့ကြသည်။ အရိုင်းဆန်ခြင်း၊ အာဖရိကသားတို့၏ အယူအစွဲများကို အားပေးခြင်း စသည့် အဆိုးမြင် ဝေဖန်ချက်များ ပေးခဲ့ကြသည်။ မည်သို့ပင်ဆိုစေ လျှို့ဝှက်ဆန်းကြယ်သော ပုံဝတ္ထုများကို အရိုင်းဆန်ဆန်ရေးသားသည့် ဟန်သည် တမျိုးတဖုံ ထူးခြားလှသဖြင့် သူ၏ ထန်းရည်သမား ဝတ္ထုမှ The complete gentleman ကို  ထုတ်နှုတ်၍ ဘာသာပြန် တင်ဆက်ပေးလိုက်ပါသည်။)

ငါ့စွန့်စားခန်းတွေထဲက အတော်လေးဆန်းတာ တစ်ခု ပြောပြရဦးမယ်။ ဒီလို..။ တို့ရွာက ရွာကြီးဆိုတော့ ရွာနီးချုပ်စပ်က နေပြီး ရောင်းကြဝယ်ကြတာ အင်မတန်စည်ကားတဲ့ ဈေးကြီး ရှိပါရော။ တို့များ ရွာထဲက လူတွေကလည်း ဈေးရောင်းရတာ ပျော်တယ်နဲ့ တူပါရဲ့ကွာ။ သူသူ ငါငါ ရှိတဲ့ ပစ္စည်း၊ အသီးအရွက်၊ အသားငါး ချ ရောင်းကြတာပဲဟ။ ဒီလို ရောင်းချင်တဲ့အထဲ တို့ သူကြီးသမီးကလေးလည်း ပါသပေါ့ကွာ။ အဲ..အဲဒီမှာ အဲဒီ လူချောကြီးနဲ့ တွေ့တာပါပဲ။ ဒီလူက အင်မတန်ချော သတဲ့။ ဝတ်တာ စားတာလည်း ဈေးကြီးပေ့၊ ကောင်းပေ့ဆိုတာမျိုး။ ချောတယ်ဆိုတာမှာလည်း ဘာ အပြစ်အနာအဆာမှ ရှာမရအောင် ချောတာတဲ့။ ချောတဲ့သူများ မင်းတို့တွေ့ဖူးမှာပေါ့။ တစ်နေရာရာတော့ ဖျက်တာချည်းပဲ။ ဒါပေမဲ့ ဒီလူချောကြီးကတော့ အသားအရည်၊ အရပ်အမောင်း၊ အရိုးအဆစ်၊ ခြေလက်အင်္ဂါ ဘာတစ်ခုမှ ပြောစရာရယ် မရှိအောင် အပြည့်အဝကြီး လှတဲ့ ချောတဲ့သူတဲ့ကွ။ အင်း.. သူကလည်း သူ့ပါတဲ့ ပစ္စည်းကလေးတွေ၊ အသားငါးလေးတွေ ရောင်းချလို့ ရှိရင်လည်း ဈေးကောင်းရပြီး အမြန်ဆုံး ရောင်းလို့ ကုန်တာပဲတဲ့။ ဒီလိုနဲ့ သူကြီးသမီး မိန်းမပျိုလေးက လူချောကြီးကို မြင်ပြီး အင်မတန်ကို သဘောကျ နေတာပေါ့။ တရက်သားကျတော့ ကလေးမက သူရောင်းနေတဲ့ ပစ္စည်းကလေးတွေလည်း ဂရုမစိုက်နိုင်တော့ဘဲ အဲဒီ လူချောကြီးကိုပဲ ငေးနေရှာသတဲ့။ နောက်ဆုံး အရဲစွန့်လို့ မောင်ကြီးက ဘယ်ကလဲ ဆိုပြီး သွားမေးတော့ လူချောကြီးက ဘာမှ ပြန်မဖြေဘူး ဆိုပဲ။

ဒီလိုနဲ့ ဈေးကွဲတဲ့ အချိန်ရောက်တော့ ဈေးသည်၊ ဈေးဝယ်တွေလည်း ကိုယ်စီ ကိုယ်ငှ ကိုယ့်ဌာန ပြန်ကြရသပေါ့လေ။ လူချောကြီးလည်း သူ့အိမ်သူ ပြန်ရမှာပေါ့။ ကလေးမကတော့ သူခင်းထားတဲ့ ဈေးဗန်း ကလေးတောင် မသိမ်းအားတော့ပဲ လူချောကြီးနောက် လိုက်ဖို့ပြင်သတဲ့။

ဒီလိုလိုက်လာတာ လူချောကြီးက မြင်တော့ ကလေးမကို မလိုက်ဖို့ တားသတဲ့။ ကလေးမက နားမထောင်ဘူး။ အဲဒီလို အတန်တန် တားပေမဲ့ ကလေးမက လှည့်မပြန်တာကြောင့် လူချောကြီးကလည်း လက်လျှော့ပြီး လိုက်ချင်လည်း လိုက်ပေါ့ဆိုပြီး ထားလိုက်တော့တာပဲ။

အေးအေး…. ဘာမှန်းမသိ ဘယ်ကမှန်းမသိနဲ့ ချောတာနဲ့ လိုက်မသွားကြနဲ့ကွ။ ဒီလိုနဲ့ သူတို့ရွာက ဈေးနဲ့ ဆယ့်နှစ်မိုင် လောက် လျှောက်လာပြီးတဲ့အခါမှာ လမ်းမကြီးကနေ ဖဲ့ဆင်းလာကြတော့သတဲ့။ သူတို့ ဦးတည်နေတဲ့ နေရာကတော့ ကြောက်စရာကောင်းတဲ့ သတ္တဝါဆန်းတွေ၊ မကောင်းဆိုးဝါးတွေနေတဲ့ ချောက်ခြားစရာ အဆုံးမရှိ တောအုပ်ကြီးဆီပဲ။

အဲဒီတောအုပ်ကြီးထဲ ဖြတ်ပြီး အတော်ကလေး သွားမိတဲ့ အခါမှာ တစ်နေရာကျတော့ လူချောကြီးက ရပ်ပြီး သတ္တဝါဆန်းတစ်ကောင်နဲ့ စကားပြောတာ တွေ့ရသတဲ့။ လူချောကြီးက သူ့ ညာခြေထောက်ကို ချွတ်ပြီး အဲဒီ သတ္တဝါကို ပေးလိုက်ရော။ ငှားတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြီး ငှားခလည်း ပေးလိုက်သတဲ့။ ဒီလိုနဲ့ လူချောကြီးက ခြေတစ်ပေါင်ကျိုး ဆက်သွား၊ နောက်တစ်နေရာကျတော့ ဘယ်ဘက်ခြေထောက်ကို သူ့ပိုင်ရှင်ဆီ ဖြုတ်ပြီး ပြန်ပေး။ ငှားခလည်း ပေးရတာပေါ့။ ခြေနှစ်ချောင်းစလုံး မရှိတော့ လက်နှစ်ဘက်နဲ့ တွားသွားတာပေါ့။ အဲဒီအချိန်ကျမှ ကလေးမက ကြောက်လွန်းလို့ အိမ်ပြန်ပြေးချင်တော့တာ။ ဒါပေမဲ့ လူချောကြီးနဲ့ ကြောက်စရာ သတ္တဝါဆန်းတွေက ကလေးမကို ပြန်လှည့်ခွင့် မပေးတော့ဘူး။ မင်းကို ငါက မလိုက်ပါနဲ့လို့ အတန်တန်တားခဲ့သား မဟုတ်လား၊ ခုတော့ မင်းကို ပြန်ခွင့်မပေးတော့ဘူးလို့ လူချောကြီးက ပြောသတဲ့။

ကလေးမလည်း မပြေးသာတာနဲ့ ဆက်လိုက်လာရတာပေါ့ကွာ။ သွားရင်း သွားရင်းနဲ့ သူငှားလာတဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေ ပြန်ပြန်ပြီး အပ်လာလိုက်တာ ခေါင်းသာ ကျန်တော့သတဲ့။ ကလေးမလည်း ထွက်ပြေးဖို့ ကြိုးစားပေမဲ့ သတ္တဝါဆန်းတွေနဲ့ လူချောကြီးက ပိတ်ဆို့ထားလို့ ပြေးလို့မရဘူးပေါ့။ နောက်ဆုံးကျတော့ ရှိသမျှ အရိုးအသား အကုန်ပြန်အပ်လိုက်တဲ့အခါ လူချောကြီးဆိုတာ အရိုးခေါင်း ပြောင်ပြောင်တစ်လုံးသာ ကျန်တော့သတဲ့။

ကလေးမလည်း သူ့အဖေစကား နားထောင်ပြီး ပေးစားတဲ့ ယောကျ်ားနဲ့ ယူလိုက်ရ အကောင်းသား၊ လှတာမက်ပြီး ဒီလူချောကြီးနောက်လိုက်မိလို့ ဒုက္ခရောက်ရပြီလို့ တွေးပြီး နောင်တရနေတာပေါ့။ နောက်ဆုံး လူချောကြီးဆိုတာ အရိုးခေါင်းပြောင်တစ်လုံးပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့ ခမျာမှာ မူးမေ့လဲ မတတ် ဖြစ်သွားတာပဲ။ လူချောကြီး…အဲ…အခုတော့ အရိုးခေါင်းပေါ့။ သူက မင်း ငါ့အိမ်လိုက်ခဲ့ပေတော့၊ မလိုက်ရင် သေမယ်ဆိုပြီး ပြောသတဲ့။ အဲဒီလို ပြောတဲ့အသံကလည်း ရိုင်းစိုင်းကြမ်းတမ်းပြီး ကြောက်စရာ ကောင်းလွန်းလို့ နှစ်မိုင်အကွာကလူတောင် နားမထောင်နိုင်ဘဲ ထွက်ပြေးလိမ့်မတဲ့။

ကလေးမလည်း ပြေးတာပေါ့။ အသက်လုပြီး အားကုန်ပြေးတာ။ အရိုးခေါင်းက အင်မတန် ပါးတဲ့အခါကျတော့ ဝါးနှစ်ပြန်လောက်နဲ့ ပြန်မိတာပဲ။ သူက အရိုးခေါင်းပေမဲ့ ခုန်ပေါက်ပြီး လိုက်နိုင်သတဲ့။ ဒီလိုနဲ့ ကလေးမကို ရှေ့ကတစ်မျိုး၊ နောက်ကတစ်သွယ် ခြောက်ရင်း လှန့်ရင်း သူ့အိမ်ရောက်အောင် ကျုံးသွင်းပြီး ခေါ်လာတာပေါ့။

နောက်ဆုံး ကလေးမလည်း အရိုးခေါင်းနဲ့အတူ သူ့အိမ်ကို ရောက်သွားရော ဆိုပါစို့ကွာ။ အိမ်ဆိုပေမဲ့ တွင်းကြီး တစ်တွင်းပါပဲ။ သူ့မိသားစုဖြစ်တဲ့ အခြားအရိုးခေါင်းတွေနဲ့ အတူတူ နေကြတာပေါ့။ အဲ…သူ့တို့တွင်းကြီးထဲလည်း ရောက်ရော အရိုးခေါင်းက ကလေးမလည်ပင်းကို ခရုဆွဲကြိုးလေး တစ်ကုံး ဆွဲပေးလိုက်သတဲ့။ ပြီးတော့ ဧရာမ ဖားပြုတ်ကြီးတစ်ကောင်ကိုလည်း ထိုင်ခုံအဖြစ် ထိုင်ဖို့ ပေးသတဲ့။ ကလေးမကို ဖားပြုတ်ကြီး ကျောပေါ်ထိုင်ခိုင်းပြီး အခြား အရိုးခေါင်းတစ်လုံးကိုလည်း ဝီစီတစ်ခုပေးလို့ ကလေးမကို စောင့်ကြည့်ခိုင်းတာပေါ့။ သူတို့ အရိုးခေါင်းမိသားစု အနောက်ဘက်မှာ အလုပ်လုပ်နေတုန်း ကလေးမ ထွက်ပြေးဖို့ ကြိုးစားရင် ဝီစီသာ မှုတ်လိုက်ပေါ့လေ။

တစ်ရက်တော့ ကလေးမက ထွက်ပြေးဖို့ လုပ်သတဲ့။ စောင့်ကြည့်နေတဲ့ အရိုးခေါင်းကလည်း ဝီစီကို တအား မှုတ်လိုက်တော့ အရိုးခေါင်းတွေ တမိသားစုလုံး ချက်ချင်း စုပြုံပြီး ရောက်လာကြတော့တာ။ ဖားပြုတ်ကြီး ကျောကုန်းပေါ်ထိုင်နေတဲ့ ကလေးမ ဘေးနားမှာ ဝိုင်းပတ်ပြီး လူးလှိမ့်နေကြတာများ ကျောက်ခင်းလမ်းပေါ် သံစည်ပိုင်း တစ်ထောင်လောက် လှိမ့်နေတဲ့ အတိုင်းပဲတဲ့။ ကလေးမက သူ့စောင့်ကြည့်နေတဲ့ အရိုးခေါင်း အိပ်ငိုက်နေတုန်း ပြေးဖို့ လုပ်တာ။ ဒါပေမဲ့ သူ့လည်ပင်း ချည်ထားတဲ့ ခရုဆွဲကြိုးက အသံဆိုးကြီးနဲ့ စူးစူးရှရှ ထအော်တာကိုး။ အဲဒီမှာ အိပ်ငိုက်နေတဲ့ အရိုးခေါင်းက လန့်နိုးပြီး ဝီစီကို မှုတ်တာ။ နောက်တော့ တမိသားစု လုံး ရောက်လာရောပေါ့လေ။ ခေါ်လာတဲ့ အရိုးခေါင်းက ကလေးမကို မင်းက ဒီကြိုးကို ဘယ့်နှယ် မှတ်နေသလဲ ဘာညာ ကြိမ်းဝါး ဆူပူတာပေါ့။ ကလေးမကတော့ ဘာမှ ပြန်မပြောနိုင်တော့ဘူးတဲ့။ လည်ပင်းမှာ ချည်ထားတဲ့ ခရုဆွဲကြိုးကြောင့် ထုံထိုင်း ဆွံ့အသွားတာဆိုပဲ။

အဲဒီမှာ ကလေးမအဖေ ရွာသူကြီးက ငါ့ဆီရောက်လာပြီး အကူအညီတောင်းတော့တာပေါ့။ အံမယ်… ငါ့ကို နှယ်နှယ် မှတ်လို့။ ဟောဒီ ကမ္ဘာကြီးထဲ ငါမတတ်နိုင်တာ ဘာမှမရှိဘူးကွဲ့။ နတ်ဘုရားတို့ ဖခင် တန်ခိုးရှင် ဆိုတာ ငါပဲ။ ကလေးမအဖေက သူ့သမီးကို ရှာပေးရင် ပျောက်သွားတဲ့ ငါ့ထန်းတောက ထန်းတက်သမား ဘယ်မှာ ရှိတယ်ဆိုတာ ပြောပြမတဲ့။ အေး အဲဒီအကောင် ပျောက်နေတာ အတော်ကြာပြီ။ ငါ့အစွမ်းနဲ့တောင် ရှာလို့မတွေ့ဘူးကွ။ ဒင်းမရှိတော့ ငါ့မှာ ထန်းရည် သောက်ရတာ အဆင်မပြေဘူး။ ငါကလည်း တစ်နေ့ မြူ လေးငါးဆယ်လောက် သောက်တဲ့ ကောင်ကွ။ ကလေးမ အဖေက ဒီလို ပြောတော့ ငါလည်း ဝမ်းသာသွားသ ပေါ့။ ဟုတ်ပြီ။ သဘောတူပြီ။ ကလေးမကို ရှာပေးမယ်။ ပြောစမ်းပါဦး.. ဘယ့်နှယ်ပျောက်သွားသလဲ ဆိုတော့ ရှေ့က ပြောပြသလိုပဲ ကလေးမကို နောက်ဆုံးမြင်လိုက်ရတာကတော့ ဈေးကွဲတဲ့အချိန် လူချောကြီး တစ်ယောက်နောက် လိုက်သွားတယ် ဆိုတဲ့ သတင်းပဲ။ အဲဒီညမှာပဲ စီမံစရာ ရှိတဲ့ အစီအရင်တွေ၊ ယဇ်ပူဇော်တာတွေ ငါလုပ်တာပေါ့။

မနက်ကျတော့ လာပို့တဲ့ ထန်းရည် မြူလေးဆယ်လောက် အဝသောက်ပြီး ကလေးမကို ရှာဖွေဖို့ စုံစမ်းရေး စ ရတာပေါ့။ နောက်ဆုံးတွေ့လိုက်ရပါတယ် ဆိုတဲ့ ဈေးထဲသွားပြီး စနည်းနာကြည့်တယ်။ အင်း…ငါက နတ်ဆရာ၊ နတ်တို့ဖခင်ပဲကွ..ဈေးထဲက လူတွေကြည့်လိုက်တာနဲ့ ဘယ်သူက ဘာဆိုတာ တန်းသိတာပဲ။ အဲ… မနက်ကိုးနာရီ တိတိလောက်မှာ သူတို့ပြောတဲ့ အဲဒီ လူချောကြီးကို တွေ့ရတော့တာ။ ငါလည်း မြင် မြင်ချင်း သိလိုက်တာကတော့ ဒီငနဲဟာ ကြောက်စရာ သတ္တဝါဆန်း ဆိုတာပဲ။

အင်းလေ… ကလေးမကို အပြစ်မဆိုသာပါဘူး။ ငါလည်း မိန်းမပျိုလေးဆို ဒီလူချောနောက် ကောက်ကောက် ပါအောင် လိုက်မိမှာပဲ။ ဒါပေမဲ့.. ငါက ယောကျ်ားဆိုတော့ မနာလိုတော့ ဖြစ်မိသကွ။ ဒီအကောင့်နှယ် ချောလိုက်ပါဘိ။ စစ်မြေပြင်မှာ ဆိုရင်တောင် ဒင်းကို ရန်သူတွေက သတ်မှာမဟုတ်ဘူး။ ဖမ်းမှာတောင် မဟုတ်ဘူး။ ဒင်းရှိနေတဲ့ မြို့ပေါ်တောင် လေယာဉ်နဲ့ ဗုံးကြဲမှာ မဟုတ်ဘူးကွ။ အာ….နောက်ဆုံးကွာ.. ကြဲချလိုက်တဲ့ ဗုံးတောင် သူ့အလှ သူ့အချောကြောင့် အဲဒီမြို့က ဒင်း မထွက်မချင်း မကွဲသေးဘဲ စောင့်နေမှာ။

ငါ့မလည်း ဒင်းနောက်လိုက်ရမဲ့အစား သူ့အလှကြောင့် ကိုယ့်ဟာကိုယ် အင်မတန်ကို သိမ်ငယ်သွားပြီး ဈေးထောင့်လေးမှာ ထိုင်လို့တောင် ငိုမိပါရဲ့ကွာ။ ဪ… ဘုရားသခင်.. ဘယ့်နှယ်ကြောင့် ကျုပ်မှာတော့ အရုပ်ဆိုးဆိုးနဲ့ ဒင်းလိုတော့ ချောအောင် မဖန်ဆင်းခဲ့ပါလိမ့်ပေါ့။ ခဏနေတော့မှ ဟာ…မဟုတ်သေးပါဘူး..။ ဘုရား ကျေးဇူး သိရတယ်။ ဒင်းက ဘာမှမဟုတ်တဲ့ အရိုးခေါင်းသက်သက်ပဲလေ။ တော်သေးတယ်။ ဘုရားက ငါ့ကို အဲဒီလို မဖန်ဆင်းတာ။ ကိုင်း… အဲဒီတော့ ဒီသတ္တဝါနောက် ငါလိုက်ပြီး ကြည့်ရမယ်ဆိုပြီး ဈေးထဲ ပြန် သွားရော။ ဒင်း မြင်ပြန်တော့လည်း သူ့အလှမှာ မျောချင်ချင်နဲ့။ ဟဲ့…သတိထားကွဲ့… အရိုးခေါင်းကပဲကွဲ့…နဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတော့တာကလား။ ဈေးကွဲချိန်ရောက်တော့ ဒင်းလည်း ပြန်ဖို့ပြင်ပြီပေါ့။ ဒါနဲ့ ငါလည်း နောက်ကနေ အသာလေးလိုက်သွားတော့တာ။

ဈေးကနေ လျှောက်လာလိုက်တာ ဆယ့်နှစ်မိုင်လောက်ရှိတော့ ကိုယ့်လူက လမ်းမကြီးကနေ ဖဲ့ဆင်းပြီး ကြောက်စရာ ကောင်းတဲ့ အဆုံးမဲ့တောအုပ်ကြီးထဲ ဦးတည်တော့တာကိုး။ ငါလည်း တောအုပ်ထဲ ဝင်ခါနီးတော့ ငါလိုက်လာတာ မသိစေချင်တာနဲ့ ငါ့တန်ခိုးနဲ့ မန်းမှုတ်လို့ ငါ့ကိုယ့်ငါ ပုတ်သင်ကလေး တစ်ကောင်အဖြစ် ပြောင်းပြီး သူ့နောက်က လိုက်ခဲ့တော့တာပဲ။ အဲဒီ အဆုံးမဲ့ တောအုပ်ထဲမှာ နှစ်ဆယ့်ငါးမိုင် လောက် လျှောက်ပြီးတဲ့အခါ လူချောကြီးက သူငှားထားသမျှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဆိုင်ရာ ပိုင်ရှင် အသီးသီးထံ ပြန်အပ်ရတာ။ ငှားခလည်း ပေးရတာပေါ့။

နောက်ထပ် မိုင်ငါးဆယ်လောက် ထပ်လျှောက်လာတဲ့အခါကျမှ သူ့အိမ်ရောက်တော့တာ။ သူ့အိမ်…အဲ.. တွင်းကြီးထဲဝင်သွားတော့ ငါလည်း လိုက်ဝင်တယ်။ ငါ့ကို ဘယ်သတိထားမိမှာလည်း ငါက ပုတ်သင်လေး ဖြစ်နေတာလေ။ တွင်းထဲရောက်တာနဲ့ လူချော…အဲ..အရိုးခေါင်းက ကလေးမထားတဲ့ နေရာကို တန်းပြီး သွားကြည့်တော့တာ။ ကလေးမက ဖားပြုတ်ကြီးပေါ်မှာ ထိုင်လို့။ သူ့လည်ပင်းမှာလည်း ခရုတွေသီထားတဲ့ ဆွဲကြိုးတစ်ကုံး ချည်ထားရဲ့။ ကလေးမကို စောင့်ကြည့်နေတဲ့ အရိုးခေါင်းကတော့ နောက်မှာ။ တို့ ကိုလူချော အရိုးခေါင်းက ကလေးမ သူ့နေရာ သူရှိနေတာ တွေ့တော့ သူ့မိသားစု အလုပ်လုပ်နေတဲ့ အနောက်ဘက် ထွက်သွားတာပေါ့။

စောင့်ကြည့်နေတဲ့ အရိုးခေါင်းကလည်း အိပ်ငိုက်နေတာနဲ့ ငါလည်း လူပုံစံ ပြန်ဖန်ဆင်းပြီး ကလေးမကို စကား ပြောလိုက်တယ်။ ငါ မင်း လာကယ်တာပေါ့။ ကလေးမခမျာ ဘာမှ ပြန်မပြောနိုင်ပါဘူးကွာ။ မရှူနိုင် မကယ်နိုင် ဖြစ်နေတဲ့ သူ့အခြအနေကို အမူရာလေးနဲ့သာ ပြနိုင်ရှာတယ်။ ကလေးမကို ဖားပြုတ်ကြီးပေါ်က ဆွဲထူလိုက်တာနဲ့ လည်ပင်းက ခရုဆွဲကြိုးက စောက်ကျိုးနည်း ထအော်တော့တာပဲ။ အိပ်ငိုက်နေတဲ့ အရိုးခေါင်းလည်း နိုးလာပြီး ဝီစီကို တအားမှုတ်တော့ အနောက်က အရိုးခေါင်းတွေအကုန် ချက်ချင်းရောက် လာတော့တာ။ ငါ့လည်း မြင်ရော ကျင်းလေးတစ်ကျင်းထဲမှာ ထည့်ထားတဲ့ ခရုဆွဲကြိုးတွေထဲက တစ်ကုံး ကောက်ချီပြီး ငါ့လည်ပင်းမှာ ပတ်ဖို့ လုပ်ပါရော။ ဒီခရုဆွဲကြိုးက တော်တော်စွမ်းတာ။ ဘယ်လူမဆို လည်ပင်း စွပ်မိတာနဲ့ တန်ခိုးအစွမ်းတွေ အကုန်ညှိုးနွမ်းပြီး ထုံထိုင်း ဆွံ့အသွားနိုင်တာကိုး။ ငါလည်း အဲဒီ ခရု ဆွဲကြိုးနဲ့ ဘယ်အစွပ်ခံပါလိမ့်မလဲ။ သူတို့ ငါ့ကို စွပ်မယ်လုပ်တော့ ငါက ငါ့ကိုယ်ငါ လေအဖြစ် အသွင်ပြောင်း လိုက်တာပဲ။ အရိုးခေါင်းတွေလည်း ငါ့ကို ရှာကြတာပေါ့လေ။ ဘယ်များ ရောက်သွားပါလိမ့်ဆိုပြီး ရှာကြတာ တစ်နာရီလောက် ကြာသကော။ နောက်တော့ ဒင်းတို့လည်း လက်လျှော့ပြီး အနောက်ဘက် ပြန်လိမ့်သွားကြ တာပေါ့ကွာ။ စောင့်ကြည့်နေတဲ့ အရိုးခေါင်းပဲ ကျန်ခဲ့တာ။

သူတို့နောက်ရောက်သွားတာနဲ့ ငါလည်း လူပြန်ဖန်ဆင်းပြီး ကလေးမကို အတင်းဆွဲပြေးတာ။ ကလေးမ လည်ပင်းက ခရုဆွဲကြိုးက အော်လိုက်တာကွာ။ လေးမိုင်အကွာက လူတောင် နားမခံနိုင်ပဲ ထွက်ပြေးမှာ သေချာတယ်။ စောင့်ကြည့်တဲ့ အရိုးခေါင်းကလည်း ဝီစီကို တအားမှုတ်ပြီး သူ့မိသားစုကို ခေါ်တာပေါ့။ ဒင်းတို့ မရောက်ခင် ငါလည်း ကလေးမလက်ကို ဆွဲပြီး တွင်းထဲကနေ တအားကုန် ပြေးထွက်ရတော့တာ။ ဝါးနှစ်ပြန်လောက်ရှိသေး ဒင်းတို့ အရိုးခေါင်း တမိသားစုလုံး တွင်းထဲကနေ ပြုံထွက်ပြီး တို့နောက် လိုက်လာ ကြတော့တာပဲဟေ့။ ဒင်းတို့က ကျောက်တုံးကြီးတွေ လိမ့်ဆင်း လာသလိုမျိုး နောက်ကနေ လိုက်လာကြတာ။ ပါးစပ်တွေကလည်း အသံဆိုးကြီးတွေ တဟီဟီမြည်လို့ဟ။ ငါလည်း စဉ်းစားတယ်..၊ ဒီပုံစံနဲ့ဆို ငါတို့ကို ချက်ချင်းလိုလို မိတော့မှာပဲ။ ဒီတော့ ကလေးမကို ကြောင်ပေါက်ကလေး တစ်ကောင်အဖြစ် ပြောင်းပြီး ငါ့အိတ်ထဲ ထည့်၊ ငါ့ကိုယ်ငါကျတော့ စာကလေး တစ်ကောင်အဖြစ် ပြောင်းလိုက်တာပေါ့။ စာကလေး လေ၊ အင်္ဂလိပ်လိုဆို စပဲရိုး လို့ ခေါ်တယ် မဟုတ်လားကွ။

စာကလေးအဖြစ် ပြောင်းပြီး ပြန်ပြေးသွားပေမဲ့ ကလေးမလည်ပင်းက ခရုဆွဲကြိုးက မရပ်မနား အော်နေတာ ကွာ။ ဘယ်လိုလုပ်လုပ် အသံတိတ်မသွားဘူး။ သူ့အိမ်ပြန်ရောက်တော့ ကလေးမကိုရော ငါ့ကိုယ်ငါပါ မူလအသွင် ပြန်ပြောင်းပြီး သူ့အဖေလက် အပ်လိုက်တာပေါ့။ ကလေးမ အဖေက အလွန်ပဲ ဝမ်းသာပြီး ငါက နတ်တကာတို့ ဖခင်ဆိုတဲ့ အမည်နဲ့ လိုက်ပါပေတယ်လို့ ချီးမွမ်းတယ်။

ကလေးမက အိမ်ပြန်ရောက်ပေမဲ့လို့ ခရုဆွဲကြိုးက တချိန်လုံးအော်နေတာပဲ။ ကလေးမခမျာ စကားမပြောနိုင်လို့ အိမ်ပြန်ရောက်တာ ဝမ်းသာကြောင်း အမူအရာလေးနဲ့သာ ပြနိုင်ရှာတယ်။ အဲ…စကား မပြောနိုင်ရုံ ဘာကမလဲ စားလည်း မစားနိုင် အိပ်လည်း မအိပ်နိုင်ဘူး။ အဲဒီ စောက်ကျိုးနည်း ခရုဆွဲကြိုးက မနားတမ်း အော်နေလို့ ကလေးမတင်မက တမိသားစုလုံး အိပ်လို့တောင် မရကြဘူးတဲ့။

အဲဒီအခါကျတော့ ငါလည်း အဲဒီဆွဲကြိုးကို ကလေးမ လည်ပင်းကနေ ဖြုတ်ဖို့ ကြိုးစားရတာပေါ့။ နည်းအမျိုးမျိုး သုံးပေမဲ့ မရဘူး။ နောက်ဆုံး ငါ့အစွမ်းရှိသမျှ ကြိုးစားတာတောင် အသံမြည်တာပဲ ပျောက်သွားတယ်။ ကြိုးက ပြုတ်မသွားဘူးဟ။

ကလေးမ အဖေကလည်း ငါ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ပါသတဲ့။ ဒါပေမဲ့လည်း ငါက နတ်အပေါင်းတို့ ဖခင် ဆိုတော့ ဒီကိစ္စကို ပြီးပြတ်အောင် ဆောင်ရွက်ပေးပါတဲ့။ ငါလည်း နည်းနည်းတော့ ရှက်တာပေါ့ကွာ။ အင်း… ဒီတစ်ခါ ထပ်သွားရင်တော့ ဒီ အရိုးခေါင်းတွေက ငါ့ကို အသေသတ်ကြမှာပဲ။ ဒီတောအုပ်ထဲ သွားရတာလည်း အင်မတန်မှ အန္တရာယ်များတာ ကလားကွ။ ပြီးတော့ ဒင်းတို့ဆီ ခပ်တည်တည်နဲ့သွားပြီး ကလေးမ ပြန်ပြီး စကားပြောလို့၊ စားလို့ အိပ်လို့ရအောင် အဲဒီကြိုးကို ဘယ်လို ဖြုတ်ရလဲဟင်လို့ သွားမေးလို့မှ မရတာ။

ကလေးမကို ကယ်ပြီး နောက် သုံးရက်လောက်နေတော့ ငါလည်း မထူးဘူး ဆိုပြီး အဲဒီ ကြောက်စရာ အဆုံးမဲ့ တောအုပ်ထဲ တခါထပ်သွားရော။ တခုခု သိရမလားဆိုပြီး ထပ်စုံစမ်းဖို့ပေါ့ကွာ။ အဲဒီမှာ ကလေးမက လူချောကြီးလို့ ထင်ပြီး လိုက်သွားတဲ့ အရိုးခေါင်းကို သူ့အိမ်နား မရောက်ခင်မှာ တွေ့ရတာပဲ။ ဟုတ်တယ်။ အဲဒီ အရိုးခေါင်းပဲကွ။ သေချာတယ်။ ဒင်းက သွားနေရင်း အပင်ကလေး နှစ်ပင်ရှေ့ကျ ရပ်ပြီး ညာဘက်အပင်က အရွက်ကလေးတစ်ရွက်ကို ခူးလိုက်ရော။ ငါလည်း ထုံးစံအတိုင်း ပုတ်သင်ကလေး တစ်ကောင်အဖြစ် ပြောင်းပြီး သူနဲ့အနီးဆုံး သစ်ပင်နားထိ ကပ်ကြည့်တာပေါ့။ သစ်ရွက်ကလေး ခူးပြီးတော့ ဒီလိုပြောသကွ။

“ဟောဒီအရွက်သာ ကလေးမကို မကျွေးရင် တသက်လုံး အ မဟဲ့။”

ပြောပြီးတော့ မြေကြီးပေါ် ပစ်ချလိုက်တယ်။ နောက်တစ်ပင်က သစ်ရွက်ကလေးတစ်ရွက် ထပ်ခူးပြီး ပြောတာက ဒီလို။

“ဟောဒီအရွက်သာ ကလေးမ မစားရရင် လည်ပင်းက ခရုဆွဲကြိုးက ဘယ်တော့မှ ဖြုတ်လို့မရဘဲ တသက်လုံး အသံဆိုးနဲ့ အော်နေလိမ့် မဟဲ့။”

ပြောပြီး အဲဒီ သစ်ရွက်ကိုလည်း မြေကြီးပေါ် ပစ်ချလိုက်ရော။ ပြီးတော့ အရိုးခေါင်းလည်း အဲဒီနေရာကနေ ခုန်ပေါက်ပြီး လှိမ့်ထွက်သွားတော့တာပဲ။ သူ အတော်ဝေးဝေး ရောက်တဲ့အထိ ငါစောင့်တယ်။ ပြီးမှ သူပစ်ချ သွားတဲ့ သစ်ရွက်ကလေးတွေ အသာကောက်လို့ အိမ်ကို အပြေးပြန်ခဲ့တာ။ ဘုရား သိကြားမလို့ ဒင်းပြောတဲ့ အချိန် ငါက တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာကွာ။

အိမ်ရောက်တာနဲ့ အဲဒီ သစ်ရွက်တွေကို သက်သက်စီ ခွဲပြီး ကလေးမကို ချက်ကျွေးလိုက်တာ။ ပထမ အရွက် စားပြီးတာနဲ့ ကလေးမက စကားပြန်ပြောနိုင်တာပဲ။ ဒုတိယ အရွက်စားပြီးတဲ့အခါကျတော့ လည်ပင်းက ခရုဆွဲကြိုးက သူ့ဟာသူ ဖုတ်ခနဲ ပြုတ်ကျပြီး ချက်ချင်းကို ပျောက်သွားတော့တာ။ ကလေးမရဲ့ မိဘနှစ်ပါး လည်း ဘာပြောကောင်းမလဲကွာ။ အင်မတန်ကို ဝမ်းသာပြီး ငါ့ကို ကျေးဇူးတင်လိုက်ကြတာများ။ ငါ့ကို ထန်းရည် မြူငါးဆယ်လောက် ချတိုက်တော့တာပဲ။ နောက်ဆုံး အဲဒီ သူတို့သမီး ကလေးမနဲ့ ငါ့ကို ပေးစားပြီး သူတို့အိမ်ပေါ်မှာ အခန်းနှစ်ခန်း ပေးလို့ ခေါ်တင်လိုက်ကြတာကွ။ အေးအေး… အဲဒါ ငါမိန်းမ ဘယ်လိုရလာ သလဲ ဆိုတဲ့ အကြောင်းပါပဲ။

About မောင်ဘလိုင်

has written 140 post in this Website..

   Send article as PDF