အပိုဝင်ငွေရှာဖို့အတွက် နည်းလမ်း (၁၉) ခု

Mon LayOctober 26, 20203min2640

အပိုဝင်ငွေရှာရာမှာ အထောက်အကူဖြစ်မယ့် အကြံဉာဏ်တစ်ချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အပိုဝင်ငွေရအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနိုင်တာကြောင့် ဖော်ပြပေးထားတဲ့ နည်းလမ်းတွေကနေ စိတ်ကူးစိတ်သန်းလေးရအောင် ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ အမြဲဆန်းသစ်နေဖို့လည်း လိုပါတယ်။

နည်းပြဆရာ (ဂိုက်ဆရာ)

နည်းပြဆရာဆိုတာ ကျောင်းသားတွေကို ကျောင်းစာနဲ့ပက်သက်ပြီး ကူညီပေးရတာပါ။ ဂိုက်ဆရာလို့လည်း သိကြပါတယ်။ စာသင်ပေးရတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ ကျောင်းသားတွေကို စာပြပေးလို့ ရပါတယ်။ ကိုယ့်အိမ်၊ ကျူရှင်သင်တန်း၊ ကျောင်းသားအိမ်၊ အဆင်ပြေတဲ့နေရာမှာ စာပြပေးနိုင်ပါတယ်။

ဘာသာပြန်၊ စကားပြန်

ဘာသာစကား ကျွမ်းကျင်တယ်ဆိုရင် ဘာသာတစ်ခုကနေ အခြားတစ်ခုကို ဘာသာပြန်ခြင်းဖြင့် အပိုဝင်ငွေရှာနိုင်ပါတယ်။ စကားပြန်ဆိုုတာ ပြောသမျှစကားတိုင်းကို ချက်ချင်း ဘာသာစကားတစ်ခုကနေ နောက်ဘာသာစကားတစ်ခုကို လက်တန်းဘာသာပြန်ဆိုပေးရတာဖြစ်ပြီး ဘာသာပြန်တယ်ဆိုတာကတော့ စာရွက်စာတမ်း၊ ရုပ်ရှင်၊ ဆောင်းပါး စတာတွေကို ရေးသားဘာသာပြန်ဆိုတာကို ဆိုလိုတာပါ။ ဘာသာပြန်လုပ်ငန်းအတွက် အွန်လိုင်းပေါ်မှတစ်ဆင့်ဖြစ်ဖြစ်၊ အဆင်ပြေသလို လုပ်ဆောင်နိုင်ပေမယ့် စကားပြန်ကတော့ လူကိုယ်တိုင် သွားရောက်ဖို့ လိုပါတယ်။

ဆောင်းပါးရေးခြင်း

သတင်းစာ၊ မဂ္ဂဇင်း၊ ဘလော့ (blog) နဲ့ အခြားလူမှုကွန်ယက်တွေအတွက် ဆောင်းပါးများ ရေးပေးနိုင်ပါတယ်။ စာရေးရတာ ဝါသနာပါတဲ့သူတွေအတွက်ပါ။ စာရေးကောင်းရုံသာမက လူအများကြီးကို ဆွဲဆောင်နိုင်တဲ့ ဆောင်းပါးတွေဖြစ်ဖို့အတွက် သုတေသနပြုလုပ်တတ်ရပါမယ်။ အွန်လိုင်းပေါ်မှတစ်ဆင့်ဖြစ်ဖြစ် အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

စာပြန်ရေးသားခြင်း၊ စာတန်းထည့်ခြင်း

နားထောင်စွမ်းရည်ကောင်းသူတစ်ယောက်ဆိုရင် ဗီဒီယို၊ အသံဖိုင်စတာတွေကို ပြောစကားမှ စာတမ်းထိုးရန် စာတွေကို ပြန်လည်ရေးသားနိုင်ပါတယ်။ ဒီလိုပဲ ပြန်လည်ရေးသားတဲ့ စာတန်းတွေကို ဗီဒီယိုရဲ့ သက်ဆိုင်ရာနေရာမှာ စာတန်းအဖြစ် ထည့်ဖို့အတွက် ကူးထည့်ရတာမျိုးတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီအတွက်တော့ သက်ဆိုင်ရာနည်းပညာပိုင်းကိုတော့ အထိုက်အလျောက် နားလည်ထားဖို့ လိုပါတယ်။ ဒီအလုပ်ကိုလည်း အွန်လိုင်းပေါ်မှတစ်ဆင့်ဖြစ်ဖြစ် အဆင်ပြေတဲ့နေရာမှာ လုပ်နိုင်တဲ့ အလုပ်အမျိုးအစားဖြစ်ပါတယ်။

Graphic Designer

ဆော့ဖ်ဝဲလ်တွေကို အသုံးပြုပြီး အိုင်ဒီယာကောင်းကောင်းနဲ့ ပုံကောင်းကောင်းဆွဲတတ်လား။ စိတ်ကူးကောင်းကောင်းလေးတွေ ရှိလား။ ဒါဆိုရင် အခြားသူတွေရဲ့ ကုန်ပစ္စည်း Logo တွေ၊ အရောင်းမြှင့်တင်မယ့် ကုန်ပစ္စည်းတွေရဲ့ လက်ကမ်းစာစောင်ဒီဇိုင်းတွေကို စတဲ့ ဂရပ်ဖစ်ပုံဆွဲတဲ့ အလုပ်မျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ဒီဂျစ်တယ်နည်းနဲ့ ဆွဲရမှာဖြစ်တာကြောင့် အွန်လိုင်းပေါ်ကနေတစ်ဆင့် ပြီးမြောက်နိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။

Blogger/influencer

အစားအသောက်၊ အလှအပ၊ ခရီးသွားခြင်း၊ လူသုံးကုန်ပစ္စည်း သို့မဟုတ် တစ်စုံတစ်ခုအကြောင်း၊ နယ်ပယ်တစ်ခုခုအကြောင်း အရမ်းစိတ်ဝင်စားတာမျိုး ရှိလား။ စိတ်ဝင်စားတယ်ဆိုရင်တော့ Facebook ပေ့ချ်၊ Instagram စတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ကိုယ်ပိုင် Blog လေးတစ်ခုကနေ ကိုယ့်ရဲ့အတွေ့အကြုံ၊ ဗဟုသုတတွေကို ဝေမျှနိုင်ပါတယ်။ ကိုယ့်ရဲ့ စာမျက်နှာမှာ စာဖတ်သူပရိသတ်အများကြီးရှိလာတဲ့အခါမျိုးမှာ လုပ်ငန်းတွေရဲ့ ကြော်ငြာတွေ၊ အားဖြည့်ထောက်ပံ့မှုတွေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ စစချင်းတော့ ကိုယ်ရေးမယ့် အကြောင်းအရာအတွက် သုတေသနပြုလုပ်ဖို့နဲ့ အတွေ့အကြုံယူဖို့လိုတာကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ချို့တော့ လိုပါတယ်။ စိတ်ဝင်စားမှုရဖို့လည်း အချိန်တစ်ခု လိုအပ်နိုင်ပါတယ်

ယာဉ်မောင်း

ကားရှိတယ်ဆိုရင် အခြားသူတွေရဲ့ သွားလာရေးအတွက် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အားလပ်ချိန်မှာ ကလေးတွေကို စနေ၊ တနင်္ဂနွေ သင်တန်း၊ အိမ်နီးနားချင်းတွေရဲ့ စျေးဝယ်ထွက်တာတွေကို အခကြေးငွေ အနည်းငယ်နဲ့ အကြိုအပို့ လုပ်ပေးနိုင်ပါတယ်။ ကိုယ်ပိုင်ကားတစ်စီး မဟုတ်ရင်တောင် တစ်ယောက်ယောက်ဆီကငှားလို့ရမယ့်ကားတစ်စီးတော့ လိုပါတယ်။ ဓာတ်ဆီဖိုး၊ ယာဉ်ရပ်နားခစတဲ့ ကုန်ကျစရိတ်တွေ ကာမိဖို့လည်း မမေ့ပါနဲ့။

ပွဲစား (အကျိုးဆောင်)

ဝယ်သူနဲ့ ရောင်းသူကို ချိတ်ဆက်ပေးတဲ့သူ၊ အငှားထွက်အောင် ကူညီပေးတဲ့သူ ဖြစ်ပါတယ်။ ဘယ်ပစ္စည်းက၊ ဘယ်နေရာက ငှားဖို့၊ ရောင်းဖို့ ရှိလဲဆိုတာနဲ့ ဘယ်အချိန်မှာ လိုက်ပြနိုင်မယ်ဆိုတာ သိဖို့အတွက် အချိတ်အဆက် ကောင်းကောင်းရှိဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ အိမ်နားပတ်ဝန်းကျင်အကြောင်း ကောင်းကောင်းသိပြီး အိမ်ပိုင်ရှင်၊ မြေပိုင်ရှင်တွေရဲ့ ယုံကြည်မှုရရှိထားဖို့လည်း လိုပါတယ်။

ဓာတ်ပုံဆရာ

ဓာတ်ပုံရိုက်ရတာ သဘောကျလား။ ဓာတ်ပုံကောင်းကောင်း ရိုက်တတ်ပြီး ဓာတ်ပုံ ကောင်းကောင်း ပြင်တတ်လား။ ဒါဆိုရင် မင်္ဂလာဆောင်ပွဲ၊ ဘွဲ့နှင်းသဘင်တွေအတွက် ဓာတ်ပုံရိုက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်တိုင်ရိုက်ချက် ကောင်းကောင်းလေးတွေကို ပြန်ရောင်းတာပဲဖြစ်ဖြစ်၊ မူပိုင်ခွင့်ပေးသုံးတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

အချိန်ပိုင်းလုပ်ခြင်း

အချိန်မရွေး ဝယ်ယူနိုင်တဲ့ ၂၄ နာရီ ကုန်စုံဆိုင်တွေမှာ ငွေကိုင် (Cashier) အဖြစ် သော်လည်းကောင်း၊ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ စားပွဲထိုး အဖြစ်သော်လည်းကောင်း အချိန်ပိုင်းအလုပ်လုပ်လို့ရပါတယ်။ ဒီလိုအလုပ်က အတွေ့အကြုံသိပ်မရှိလည်း လုုပ်လို့ရပေမယ့် နည်းနည်းတော့ ပင်ပန်းပါလိမ့်မယ်။ တစ်ချို့နေရာတွေမှာ အလုပ်စမဝင်ခင် လေ့ကျင့်ပေးတာမျိုးလည်း ရှိတတ်ပါတယ်။

ပစ္စည်းပို့သူ

အွန်လိုင်းစျေးဆိုင်၊ စားသောက်ဆိုင်၊ စျေးဆိုင်တွေရဲ့ ဝယ်ယူသူတွေထံ ကုန်ပစ္စည်းပို့ပေးတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး တစ်ခုခု လိုအပ်နိုင်ပြီး မြို့ရဲ့ အနေအထား၊ နေရာတွေကိုကျွမ်းကျင်ထားဖို့ လိုအပ်ပါမယ်။ ဒီနည်းနဲ့ အပိုဝင်ငွေရှာဖို့ စဉ်းစားတယ်ဆိုရင် ကိုယ်ရလာမယ့်ငွေနဲ့ တစ်နေရာပြီးတစ်နေရာသွားရလို့ ကုန်သွားတဲ့ အချိန်၊ ငွေတွေကို ကာမိဖို့လိုမယ်ဆိုတာကိုလည်း သတိရပါ။

လက်ကမ်းစာစောင်ဝေခြင်း၊ စစ်တမ်းကောက်ခြင်း

အပြင်မှာနေပြီး သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရတာကို သဘောကျလား။ ဒါဆိုရင် လက်ကမ်းစာစောင်ဝေခြင်း၊ စစ်တမ်းကောက်ခြင်း၊ လူစည်ကားရာနေရာမှာ အချက်အလက်မေးမြန်းရယူခြင်းများ ပြုလုပ်နိုင်ပါတယ်။ နေရာတစ်နေရာရဲ့ လူအရေအတွက် (လူစည်ကားမှုအခြေအနေ)၊ ယာဉ်ကြောအသွားအလာ စတာတွေကို စောင့်ကြည့်စစ်ဆေးဖို့ အပိုဝင်ငွေရချင်တဲ့လူတွေကို အလုပ်ပေးတာမျိုးတွေရှိတတ်ပါတယ်။ (ဥပမာ – နေရာတစ်ခုခုမှာ ဆိုင်ခန်းတစ်ခုဖွင့်ရန်အတွက် လူစည်ကားမှုအခြေအနေ စစ်ဆေးရေတွက်စေတာမျိုးတွေရှိတတ်ပါတယ်။) ဒီအလုပ်မျိုးတွေမှာ ကျွမ်းကျင်မှုအားဖြင့် သိပ်မလိုအပ်ပေမယ့် ပင်ပန်းတဲ့အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သန့်ရှင်းရေးလုပ်ခြင်း

တစ်ချို့အိမ်တွေမှာ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ပွဲတွေဆက်တိုက်ကျင်းပရလို့ အိမ်အလုပ်တွေ မနိုင်မနင်းဖြစ်တဲ့အချိန်မျိုးမှာ မီးပူတိုက်၊ အဝတ်လျှော်ဖို့အတွက် အကူခေါ်တတ်ပါတယ်။ နေရာတော်တော်များများကို သွားဖို့လိုမှာဖြစ်ပြီး အိမ်သန့်ရှင်းရေးလည်း ကောင်းကောင်းလုပ်တတ်ဖို့ လိုပါမယ်။ မဟုတ်ရင်တော့ နောက်တစ်ခေါက် ထပ်ခေါ်ဖို့ မသေချာပါဘူး။

အိမ်တွင်းဖြစ်ပစ္စည်းများရောင်းခြင်း


အိမ်ချက် အစားအသောက်များ၊ အိမ်လုပ် ပစ္စည်းများ၊ အကျႌများနှင့် အခြားဝန်ဆောင်မှု အမျိုးမျိုးကို အိမ်ဆိုင်ဖွင့်၍ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ ရောင်းချနိုင်ပါတယ်။ အမြတ်ရဖို့အတွက် ရောင်းစျေးက ကုန်ကျမယ့်ငွေတွေ၊ အချိန်တွေ၊ လုပ်အားတွေကို ကာမိနေဖို့တော့ လိုအပ်ပါမယ်။

ဘဏ်တွင်အပ်ထားခြင်း

အသုံးမလိုသေးတဲ့ ငွေတွေကို ငွေစုဘဏ်အပ်ငွေစာရင်းထဲ အပ်နှံထားခြင်းဖြင့် အတိုးရနိုင်ပါတယ်။ အတိုးနှုန်းနည်းတယ် ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှတော့ ငွေတွေက တိုးပွားလာမှာပါ။ ဆိုလိုတာကတော့ ဘာမှလုပ်စရာ မလိုပဲ ဝင်ငွေတွေ တိုးပွားလာမှာပဲ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုနေရာအငှားချထားခြင်း

အသုံးမလိုသေးတဲ့ နေရာ၊ အခန်း၊ အိမ်၊ အဆောက်အအုံတွေကို အငှားချထား နိုင်ပါတယ်။ ဒါကလည်း ဘာမှသိပ်လုပ်စရာမလိုပဲ အပိုဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့်လည်း အငှားချလို့ရမယ့်အရာရှိဖို့တော့ လိုပါတယ်။

သယ်ယူပို့ဆောင်ရေးယာဉ် အငှားချထားခြင်း

ကား၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး စတာတွေ မလိုအပ်သေးဘူးဆိုရင် အခြားသူတွေကို ငှားထားလို့ ရပါတယ်။ ဒါလည်း ဘာမှသိပ်လုပ်စရာမလိုပဲ အပိုဝင်ငွေရနိုင်ပေမယ့် ကိုယ့်ရဲ့ပစ္စည်း ပျက်စီးသွားမလား၊ အခိုးခံရမလားဆိုတာကိုတော့ အမြဲတွေးပူနေရတတ်ပါတယ်။

ပိုင်ဆိုင်မှုပစ္စည်းများပေါ်တွင် ကြော်ငြာလက်ခံခြင်း

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေပေါ်မှာ (ဥပမာ – ကား၊ တိုက် စသည်) ကြော်ငြာလက်ခံခြင်း၊ ကုန်ပစ္စည်း အရောင်းမြှင့်တင်ရာကူညီခြင်းအားဖြင့် အပိုဝင်ငွေရနိုင်တဲ့နည်းဖြစ်ပါတယ်။ လူအများကြီး သတိထားမိမယ့် ပိုင်ဆိုင်မှုပစ္စည်းရှိဖို့တော့ လိုပါတယ်။ (ဥပမာ – ကားပေါ်တွင် ကြော်ငြာကပ်ခြင်း။)

သီချင်းရေးခြင်း၊ စာအုပ်ရေးသားခြင်း

အခြားသူတွေ နှစ်သက်လောက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ် ရေးသားခြင်း၊ နားထောင်လို့ကောင်းတဲ့ သီချင်းတွေ ရေးစပ်ခြင်း အားဖြင့်လည်း အပိုဝင်ငွေတွေ ရနိုင်ပါတယ်။ အောင်မြင်သွားပြီဆိုရင်တော့ နောင်နှစ်ပေါင်းများစွာအထိ မူပိုင်ခအဖြစ်ဝင်ငွေတွေ ရနိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်နိုင်မယ့် အလားအလာနည်းသလို ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေအပေါ်မှာလည်း မူတည်ပါသေးတယ်။

အပေါ်မှာဖော်ပြထားတဲ့ နည်းလမ်းအများစုက အလွတ်တန်းအလုပ်နဲ့ အချိန်ပိုင်းလုပ်ရတာတွေ များပါတယ်။ တစ်ချို့ကတော့ အသေးစားလုပ်ငန်းလေးကနေ အမြတ်ငွေဝင်ငွေရအောင် လုပ်ရတာမျိုးဖြစ်ပါတယ်။

ပိုက်ဆံရှာတဲ့အခါ အချိန်နဲ့ အားထုတ်မှု လိုအပ်ပါတယ်။ အခြားတစ်ယောက်အတွက် အဆင်ပြေတိုင်း ကိုယ့်အတွက်လည်း အဆင်ပြေမယ်လို့ မှတ်ယူလို့ မရပါဘူး။ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကျိုးအရှိဆုံးဖြစ်မယ့် အလုပ်ကိုသာ ရွေးချယ်ပါ။