မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၂၀

kaiNovember 12, 20202min2100

အမေရိက (၄နှစ်တကြိမ်)နှင့်မြန်မာ(၅နှစ်တကြိမ်) နှစ်၂၀မှ တကြိမ်ကြုံနိုင်သော အထွေထွေရွေးကောက်ပွဲကြီး၂ခု လတိုက်ရက်ကပ်ပြီးစီးခဲ့သည်။
နှစ်နိုင်ငံလုံးအတွက် ယခုစာရေးသည့်အချိန်အထိ အပြီးသတ်တွက်ချက်မှုများမပြီးသေး၊ တရားဝင်ယတိပြတ်မကျေညာနိုင်သေး။

၁၁ သမ္မတ/၂ အတိုင်ပင်ခံထပ်တင်မြှောက်ရဦးမယ့် မြန်မာ
၂၁ရာစုမြန်မာနိုင်ငံ၏ တတိယအကြိမ်ရွေးကောက်ပွဲကြီး နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပခဲ့သည်။
ပထမတခါ (၂၀၁၀) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်မပြိုင်နေခဲ့၍ ပြည်ခိုင်ဖြိုးမှ ဦးသိန်းစိန်အစိုးရဖွဲ့နိုင်ခဲ့ပါသည်။
ဒုတိယတခါ(၂၀၁၅)တွင် သောင်ပြိုကမ်းပြိုနိုင်ကာ NLDစိတ်ကြိုက်အစိုးရဖွဲ့နိုင်ပါသည်။
တတိယ (၂၀၂၀ )တွင်လည်း တဝုန်းဝုန်တဝေါဝေါ တောင်ကျရေဆင်းနိုင်ပြန်ကာ NLDစိတ်ကြိုက်အစိုးရဖွဲ့နိုင်ပါဦးမည်။ သမ္မတ,မဖြစ်နိုင်သောဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထပ်မံတင်မြှောက်ရပါဦးမည်။ NLD သည်၂၀ရာစုနှောင်း ၁၉၉၀ ရွေးကောက်ပွဲတွင်လည်းဤသို့နှယ် နိုင်ဖူးသည်။

၁၉၉၀ရွေးကောက်ပွဲနှစ်က NLD ၏ပြိုင်ဖက်ပါတီကြီးမှာ ထိုစဥ်က မဆလ တဖြစ်လဲတစညဖြစ်၏။ ထိုစဥ်ကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ -မဆလ ဟူသည် ၁၉၆၂မှစတင်အခြေတည်ထားသည့် နိုင်ငံတနိုင်ငံလုံးအတွက်တခုတည်းသောပါတီ။ အခြေခံအဆောက်အအုံ ငွေအရင်းအမြစ်၊ လူအင်အားသာမက ထိုစဥ်ကအာဏာရ စစ်အစိုးရ နဝတနှင့်လည်း ဆရာတပည့်တသားတည်း။
သို့သော် တစညသည် ၁၉၉၀ရွေးကောက်ပွဲတွင် အမတ်၁၀ခုံသာရဖူးသည်။ ရှုံးသော်ငြား န၀တစစ်အစိုးရမှ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်မပြု အာဏာလွဲပြောင်းမပေးခဲ့။
စစ်ဗိုလ်ချုပ်ကြီးဟောင်းများ တစညကိုစွန့် ပြည်ခိုင်ဖြိုးပါတီထောင်၍ ဝင်ခိုလှုံပြိုင်ခဲ့ကြသည့် ဒုတိယအကြိမ် ၂၀၁၀ ရွေးကောက်ပွဲတွင် တစညဟူသည် အမည်ရိတ်ရိတ်မျှသာ။ လွှတ်တော်နှစ်ရပ်တွင် ၁၇ ခုံနေရာသာနိုင်တော့လေသည်။ တတိယအကြိမ် ၂၀၁၅တွင် ထိုင်ခံ၁ခုရသတည်း။ ယခု၂၀၂၀ တွင် စာရင်းမထွက်သေး။ အမှတ်မရှိ။

ထိုသမိုင်းဘီးတပါတ်လည်၍ ဘီးရာအတိုင်း ပြည်ခိုင်ဖြိုးကလိုက်လာသည်။
အထက်စီနီယာဆရာများကိုသစ္စာမထား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(၁၉၉၃)ကိုအရေခွံလဲ (၂၀၁၀)တွင်ပါတီပြောင်းကာ ၂၀၁၀တွင် ရွေးကောက်ပွဲလုပ်၍ဝင်ပြိုင်သည်။
NLD မျက်စိမှောက်ကာဝင်မပြိုင်လေ၍ ခုံ၁၁၅၄တွင် ၈၈၃ခုံဖြင့်လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်သွားက ၅နှစ်အုပ်ချုပ်ကြသည်။
ဒုတိယ ၂၀၁၅တွင်မူ အမတ်ခုံ၄၀သာနိုင်တော့၏။
တတိယ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါတီတည်ထောင်စက ပါသူများလည်း အိုကြ/သေကြထွက်ကြလေပြီ။ မူလစစ်ဗိုလ်ချုပ်ကြီးများ၏ ထောက်ပံ့မှုသွေးကြောပြတ်ကာပို၍ပို၍ပင်ဆိုးဝါးလာသည့်သဘော။
သမိုင်းနာမည်ကောင်းရှိသည့် YMBA နှင့်သွားပေါင်း။ အမျိုးဘာသာသာသနာဖြင့်ဖိတွန်းရင်း ဒုတိယမျိုးဆက်ဖြင့် အားထည့်ကြိုးစားကြရာ မျက်မြင်အခြေအနေများကြည့်မှန်း ရွေးကောက်ပွဲတွင် အခြေအနေပိုကောင်းသွားမည် ထင်ကြဟန်တူပါသည်။ လက်တွေ့ရလဒ်မှာမူ မဆလတစ္ဆေခြောက် သမိုင်းဘီးကြီးတပါတ်လည် မြင်တော်မူကြသည့်အတိုင်းတည်း။
၂၀၂၅ ရွေးကောက်ပွဲဟူ၍ ရှိငြားအံ့။ ယခုတစညကိုသာကြည့်ပါလေ။

မြန်မာမဲဆန္ဒရှင်လူထုသည်စစ်တပ်၏၂၅% ကြိုယူထားသည့် ထိုင်ခုံကို အကြောပေးခံအဖြစ်ထည့်တွက်ကာ ပိုဖိတွန်းကြရမည့်စိတ်ထား,မဲထည့်ကြရသည်။ သို့နှင့်မဲပြတ်ပါသည်။
သို့ဆိုလျှင် ဘာဖြစ်မည်နည်း။

မြန်မာ့သမိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ခါရှိခဲ့ပါ၏။
၁၉၄၇ အခြေခံဥပဒေသည် ၁၉၄၈တွင်စ,၁၉၆၂တွင်ပျက်၏။၁၉၇၄အခြေခံဥပဒေသည် ၁၉၈၈ ၁၄နှစ်အကြာတွင်ပျက်၏။
၂၀၀၈အခြေခံဥပဒေသည် ၂၀၂၂တွင် ပျက်စီးခြင်းလမ်းဆုံးရောက်ရန်အလားအလာရှိသည်။ နိုင်ငံရေးပါတီတခုကိုရှေ့တင် ပူးကပ်ဝင်ပြိုင်သော ဓလေ့ဆိုးကို မြန်မာတပ်မတော်မှစွန့်လွှတ်တော့မည် တွက်ဆရပါသည်။ အလုံးစုံချုပ်ကိုင်ထားသော ဗိုလ်ချုပ်မှုးကြီး(ဟောင်း)ဦးသန်းရွှေအသက်အရွယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်၏ ပင်စင်အရွယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်တန်းခေါင်းဆောင်များ၏အသက်တမ်း ကိုကြည့်လျှင်မြင်ကြပါမည်။ သူတို့မဟာဗျူဟာပြောင်းကြလိမ့်။

သူတို့ပြောင်းလျှင် NLD လည်း သမရိုးကျမှလိုက်ပြောင်းရတော့မည်။ လာမည့် ၅နှစ်သက်တမ်းကို ပုံမှန်ပြီးခဲ့သည့်နှစ်များလိုသွားရန်မသင့်။
မျိုးဆက်သစ်တို့ မွေးရမည်။ ပုံမှန်လမ်းမှခွဲထွက် ပြင်ဆင်ရမည်။ တိုင်းရင်းသား၁၃၅မျိုးမှသည် အင်္ဂလိပ်ကိုလိုနီခေတ်ဦးအတိုင်းထား ၈မျိုး(သို့)ထိုမှအောက်အထိလျှော့ချပေးရပါမည်။
NLD အစိုးရသည် အစိုးရဝန်ထမ်းများကိုအောက်ခြေနောကျေသူ အရပ်သားများဖြင့် မျှင်း၍အစားထိုး တပ်၏မိုးကျရွေကိုယ်များကို များစွာဖြုတ်ချနိုင်ခဲ့သည်မှာ ၅နှစ်တော့ ပြည့်ခဲ့ပြီ။ တပ်မတော်တွင် ပုံပြုံနေသော အနားယူ/စစ်ပြန်အရာရှိများကို ယခင်များကဲ့သို့ အရပ်ဖက်ရာထူးကြီးနေရာကောင်းများထိုးထည့်ရန်နေရာမရှိတော့ပေ။ လွှတ်တော်တွင်း ၂၅% ထားပစ်သည်မှာလည်း အထိုင်တပ်အဖြစ်လူသိကုန်ရကား အသစ်လမ်းထွင်ကြရမည့်အခြေအနေ။ NLD သည်ထိုလက်နက်ကိုင်ဖူး/ထားသူများအတွက် စဥ်းစား အလုပ်အကိုင်နေရာ‌ဖန်တီးပေးရပါမည်။

“၄၆သမ္မတတင်မြှောက်တဲ့ အမေရိကပြည်ထောင်စု”
ကြုံတောင့်ကြုံခဲ နှစ်၁၀၀ တခါဖြစ်ခဲသည့်ရွေးကောက်ပွဲကြီးပါ။
သမ္မတထရမ့်မှာ မူလဆွဲကိုင်ထားသည့်စီးပွားရေး/စတော့ရှယ်ယာတက်ရေးကို ဖိအားပေးဖက်သို့ယိမ်း မဲဆွယ်သည်။ ကိုဗစ်ကိုလည်း တချိန်ကျ အလိုလိုပျောက်သွားမည် လျှော့တွက်လိုက်ဟန်တူသည်။
ဒီမိုကရက်တို့ကို တုံ့ပြန်ရင်း ကိုဗစ်နှင့်ပြိုင်ဖက်ဖြစ်ရသည့်အခြေအနေဆိုက်ခဲ့သည်။

ထိုထရမ့်အခက်-ကိုဗစ်အချက်ကို နိုင်ငံရေးသမားသက်တမ်း ၄၇နှစ်ရှိသော ဝါသဘာရင့်ဂျိုးဘိုင်ဒင်ကအမိအရဆုတ်ကိုင်နိုင်ခဲ့သည်။
ကိုဗစ်နှင်ထိပ်တိုက်ရင်ဆိုင်ဖြစ်သော လမ်းပေါ်ရောက်အောင် သမ္မတထရမ့်ကိုမျှားခေါ်သွားသလို ကိုဗစ်ကြောင့်စီးပွားရေးကျဆင်းမှု/အလုပ်လက်မဲ့နှုန်းမြင့်လာမှု အကုန်လုံးကိုလည်း သမ္မတခေါင်းပေါ်တပြိုင်တည်းပုံချပေးခဲ့ခြင်းပါ

ကိုဗစ်-၁၉ရောဂါသည် ကမ္ဘာလူဦးရေ ၅၂.၃သန်းကိုကူးစက်ပြီး၍ အမေရိကန်ကူးစက်ကေ့စ်ပေါင်းလည်း ၁၀သန်းကျော်ခဲ့ပြီ။ ကမ္ဘာတွင် ၁.၃သန်း သေ၍ အမေရိကတွင် ၂သိန်း၅သောင်း ချွေထားသည့် ကိုရိုနာပြိတ္တာကောင် ဗိုင်းရပ်စ်၏ ရောဂါန္တရကပ်ဘေးကို မည်သူတာဝန်ယူ တာဝန်ခံနိုင်အံ့။ အဘယ်သူယှဥ်ပြိုင် ခံချနိုင်ဦးမည်နည်း။ ဘုန်းကြီး၍အသက်ရှည် လိုရာဖြစ်စေနိုင်သော စကြဝတေးမင်းမျှ အာဏာစက်ထက်သည့် သမ္မတထရမ့်သည်လည်း ကိုဗစ်ကိုတော့ ဒူးထောက်အရှုံးပေးရချေပြီ။
သမ္မတထရမ့်မှာ ကိုဗစ်ကိုမထီမဲ့မြင်လုပ် မဲဆွယ်လေလေ ကူးစက်နှုန်းမြင့်လေလေ၊ အုပ်ချုပ်ရေးအပေါ်ယုံကြည်မှုတို့ကျလေလေ။
နောက်ဆုံး သူနှင့် မိသားစုကိုယ်တိုင်ကိုဗစ်အကူးစက်ခံရလိုက်ခြင်းသည် October Surprise အောက်တိုဘာအထိတ်တလန့်ဖြစ် အလုံးစုံ ဆွဲချသွားခံရခြင်းပါ။

မီဒီယာကို ကစားတတ်သည်ဖြစ်၍ ယုံကြည်ချက်များလွန်းကာ မီဒီယာတို့ကို လူထုရန်သူဟုပင် သမုတ်ခဲ့ခြင်းသည်လည်း မဟာအမှားဟုယူဆပါသည်။
မီဒီယာဟူသည် ဒီမိုကရေစီစနစ်တွင် ကြားခံနယ်။ စတုတ္ထမဏ္ဏိုင်မဟုတ်ပါလား။ သမ္မတဟူသည် ရာထူးသက်တမ်း ၈နှစ်အလွန်ဆုံးရှိသည်။ မီဒီယာမှာမူ ကမ္ဘာလူ့ယဥ်ကျေးမှုနှင့်အတူတူ လူသားရှိသမျှ ရှိနေမည်သာ။

သို့နှင့် အောက်တိုဘာအထိတ်တလန့်ကို ဆွဲချမီဒီယာများနှင့်တွေ့ပေါင်းကာ သက်တမ်း၄နှစ်သာခံသည် ၄၅သမ္မတ ယခုအခြေအနေဆိုက်သွားသတည်း။
သမ္မတသက်တမ်းအတွင်း ဖြုတ်ချရန်တရားစွဲဆိုခံရသူ။ ပထမသက်တမ်းတခုသာခံသူ။ ပြိုင်ဖက်ကိုလူထုမဲတွင်ရှုံးသူဖြစ်သွားသော လူဖြူအမျိုးညာစွန်းတွန်းလုပ်သည့် အမေရိကသမိုင်း၏တဦးတည်းသောသမ္မတရယ်ပါ။
မဲတို့ရေတွက်နေပါဦးမည်။ ရေတွက်သလောက်ပြတ်၍သွားမည်သာ။ လူထုမဲ၆သန်းမျှရှုံးမည်ခန့်မှန်းပါ၏။

နိုင်ငံရေး ၄၇သက်တမ်းသမား ၄၆သမ္မတ၏ဝါနှင့်သဘာ
ကွန်ပြူတာစနစ်ဖြင့် ဒစ်ဂျစ်တယ်မဲပေးခြင်းကို ဂျိုးဘိုင်ဒင်သံသယကြီးစွာရှိမည်တွက်ဆရသည်။
မဲပေးစနစ်၌ ဒစ်ဂျစ်တယ်ဟူသည် နောက်ဆုံးရလဒ်တွက် ဒစ်ဂျစ်ညှိတွက်ပြင်ဖျက်နိုင်ခြင်း ဟက်ကာအတွက်ဖြစ်နိုင်သည်မဟုတ်ပါလော။
၂၀၁၆ ရွေးကောက်ပွဲကို ရုရှားအပါအဝင် နိုင်ငံခြားမှဝင်ရောက်စွက်ဖက်ပါသည်ဟူသည့် ထောက်လှမ်းရေးဆိုင်ရာအထောက်အထားတို့လည်း အစုံရပြီးရှိပြီးအခြေအနေပါ။
ထပ်၍ အဆိုပါ သမိုင်းဘီးကို လှည့်စေပါဦးမည်လော။
ဂျိုးဘိုင်ဒင်သည် ကိုဗစ်အကြောင်းပြ၍ လူထုမဲကို လှေကြီးထိုးရိုးရိုး ရှေးရိုးအတိုင်း စာတိုက်မဲ/ကြိုတင်ပို့မဲတို့သာထည့်ခိုင်းလိုက်စေခြင်းပါပေ။ မဲကို စာတိုက်မှပို့စေခြင်းဖြင့် အထောက်အထားလည်းကျန်သည်။
သို့နှင့် မဲပေးနိုင်လျှက် မဲပေးလေ့မရှိသူ Silent Majority များသာမက လစ်ဘရယ်အများစုကြီးကပါ ဝိုင်းဝုန်းလိုက်ကြသည့် မဲပေးခေတ်ရောက်သွားသတည်း။
သာမန်အားဖြင့် အမေရိက၏မဲပေးနိုင်သူ သန်း၂၃၀ ၏ ၆၀% အောက်သာ ( ၂၀၁၆ -၁၃၆သန်း ၅၉.၂ % ) မဲပေးကြသည်။ ယခု၂၀၂၀ ရွေးကောက်ပွဲသည် အမေရိကသမိုင်းရာဇဝင်ကို ရိုက်ချိုးလိုက်ပါသည်။
ယခုထိ မဲပေးသူ သန်း၁၆၀ကျော်ရှိနေကာ ရေတွက်ဆဲပါ။

ဂျိုးဘိုင်ဒင်၏အနိုင်ရမူသည် ရာခိုင်နှုန်းအားဖြင့် ၁၉၃၂ခုနှစ် FDR အနိုင်ရမှု (၅၇.၆၉%) ထက်လျှော့သည်။ ၅၀.၈% ဖြင့် အမေရိကသမိုင်းတွင်ဒုတိယအများဆုံးဖြစ်၏။
သူ့ကိုမဲပေးသူလူဦးရေမှာမူ ၇၇သန်းကျော်ဖြင့်(ရေတွက်စဲ) သမိုင်းပထမစံချိန်ရောက်နေပါသည်။ ( အိုးဘားမား ၂၀၀၈ / ၆၉.၅သန်း)
သို့ဆိုလျှင် သမ္မတထရမ့်မှာလည်း မဲရရှိမှု ၇၂သန်းကျော်ဖြင့် သမိုင်းစံချိန်တင်ကာ အကောင်းဆုံးအရှုံးသမားရယ်ပါ။

ပွဲကားမပြီးသေး အခုမှစသည်ဆိုချင်ဆို
သမ္မတထရမ့်သည် ရလဒ်လက်ခံဖြစ်လေဦး ‌အရှုံးပေးဝန်ခံခြင်းပြုမည်မဟုတ်သူဖြစ်နိုင်သည်။
သမ္မတကျမ်းကျိန်ပွဲ ဇန်နဝါရီ ၂၀အထိ ၆၉ရက် လိုသေးသည်။ အမေရိကား၏သမ္မတရွေးစနစ်အရ ဒီဇင်ဘာ ၁၄ရက်နေ့တွင် ပြည်နယ်အသီးသီးရှိ အီလက်တာခေါ် သာမန်လူရွေးချယ်ထားသူတို့မှ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသေးသည်။
ဇန်နဝါရီ ၆ရက်နေ့ တွင် ကွန်ဂရက်မှ သမ္မတကို ရွေးကောက်တင်မြှောက် ကျေညာရပါမည်။
သမ္မတထရမ့်၏ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်း တရားစွဲဆိုခြင်းတို့သည် အလုပ်ဖြစ်မဖြစ်ကားမသိ။ ဖွဲ့စည်းပုံထုံးစံအရမူ သမ္မတကို တရားရေးမဏ္ဏိုင်မှ ရွေးချယ်ခြင်းကားမဟုတ်။

နှစ်ပြည်ထောင် တပုံပြင်
မြန်မာနှင့် အမေရိကားရွေးကောက်ပွဲထပ်သလို အနိုင်ရသူကို အရှုံးသမားက လွယ်လွယ်အရှုံးမပေးခြင်းဖြင့်လည်း ပွဲကြပ်၍နေပါသည်။
အရှုံးမပေးခြင်းသည် ပွတ်သီကပ်ကာ အခြေအနေတွင် ကောင်းသောဓလေ့ဖြစ်ငြား မဲသန်းချီပြတ်သောအခြေအနေတွင် ရလဒ်ပြောင်းပြန်လှန်နိုင်ပါ၏လောကို အဓိကအချက်အဖြစ်ကြည့်ရမည်။ ရောဂန္တရကပ်ကာလတွင်း ခေါင်းဆောင်‌ပျောက် တိုင်းပြည်ဦးဆောင်မှုလေဟာနယ်ခြင်းကြောင့် တိုင်းပြည်မည်မျှနာသွားမည်ကိုကြည့်ရပါမည်။ ကိုယ့်ပါတီ။ ကိုယ့်ကိုယ်နှိုက်၏ သမိုင်းကျန်ရစ်မည့်အမည်ကိုငဲ့ရပါမည်။
ကိုယ်စီသမိုင်းစာမျက်နှာတွင် ကျန်ရစ်မည်မှာ အရိုင်းဒဏ်ရာရွတ်တွလား တရားညီမျှရှင်းသန့်ခြင်းလား။

မြန်မာ-အမေရိကန်တို့လည်း တာဝန်ကြေမဲပေးပြီးပါပြီ။ မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲကိုပင်လှမ်း၍မဲဆွယ်ပေး တိုက်တွန်းရွေး၍ တာဝန်လှမ်းကျေကြသည်။ အချို့ အမေရိကန်မိတ်ဆွေများမှာ ၂နိုင်ငံမဲပေးနေသူများဟုပင် ထင်မှတ်မှားကြသည်ပါ။

မြန်မာနိုင်ငံတွင် အရှုံးပါတီတို့ ရွေးကောက်ပွဲပြန်လုပ်ပါစေခြင်းအထိ ဖိအားပေးနေသလို လူထုမဲ၅သန်းကျော်(ရေတွက်ဆဲ) ကွာနေသည့် သမ္မတထရမ့်သည်လည်း ရွေးကောက်ပွဲရလဒ်ကိုငြင်းပယ်ထား၏။ ပုံပြောတတ်သူခြင်းတူလှပေသည်။
မည်သို့ဖြစ်ကြစေ.. မြန်မာနိုင်ငံတွင် ၂၀၂၁ ဧပြီလ ၁ရက်နေ့ ၌NLDအစိုးရ ဆက်လက်တာဝန်ထမ်းဆောင်နေမည်ဖြစ်သလို ၂၀၂၁ဇန်နဝါရီ ၂၀တွင် သမ္မတဂျိုးဘိုင်ဒင် ကျမ်းကျိန်၍ သမ္မတတာဝန်ထမ်းဆောင်မည်သာ။ သေချာပါ၏။ မြန်မာ-အမေရိကန်တို့အဖို့ မည်သူအုပ်ချုပ်သည်ဖြစ်ပါစေ။ နိုင်ငံရေးနှင့် ပါတ်သက်၍လည်းမရ၊ ဝါရှင်တန်မြို့တော် ကက်ပီတိုဟေးလ်တွင် ရွေးကောက်ခံနိုင်ငံရေးသမားအဖြစ်မဆိုထားလင့် အဆင့်မြင့်ဝန်ထမ်းအဖြစ် အချိန်ပြည့်အလုပ်လုပ်နေနိုင်သူလည်း တဦးရှိကြောင်းသိမထား။ အမေရိကဒီမိုကရေစီနိုင်ငံရေးမှာ ၂၄၄နှစ် အခြေခိုင်ပြီးမို့ သူ့အလိုလိုချိန်ညှိ ခိုင်မြဲသွားမည်ရယ်ပါ။
သို့သော်
အဦးစီတိုင်း ဒုတိယနှင့်ဧရာမရိုက်ခတ်လာသည့် ကိုဗစ်လှိုင်းသို့သာ ကူးစက်မခံရအောင် သတိထားကာကွယ်/ပြင်ဆင်ကြပါလေ။
၂၀၂၀တွင် ဘာမဆိုဖြစ်နိုင်သဖြင့် သင်/ငါလည်း ကိုဗစ်ကူးစက် ကွေးသောလက်မဆန့်မှီ ဖြစ်သွားနိုင်သည်မဟုတ်ပါလား။
ညကူးဖြတ်ပြီးလျှင်တော့ ရောင်နီသာသည့် နေ့သစ်ရောက်သတည်း။