မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – မေ ၂၀၂၁

kaiMay 15, 20212min2791

“ဆင်းရဲခြင်းသက်ဆင်းအောင်”
ဖေဖော်ဝါရီ၁ရက်နေ့တွင် ရွေးကောက်ခံအစိုးရဆီမှ အာဏာလုခြင်းဖြင့် စစ်ကောင်စီထောင်ကာ မြန်မာလူထုအား ဆင်းရဲခြင်းသက်ဆင်းအောင်တပ်မတော်မှလမ်းပြဆောင်သွားလေသည်။ နောက်ခံတွင် NLDအားနိုင်ငံရေးသတ်ခြင်း/လက်စားချေခြင်းတွဲလျှက်ရှိနိုင်ကောင်း၏။
၂၀၂၀တွင်း၌ကိုဗစ်ရောဂါကပ်ဘေးကြောင့် မြန်မာ့ဆင်းရဲမွဲတေမှုမှာ လူဦးရေ၏၁၆%မှ ၆၃%အထိတက်လာခဲ့ပြီးဖြစ်သည်။ ဖြစ်နှင့်နေပြီးသော စီးပွားရေးချွတ်ခြုံကျမှုကို အာဏာသိမ်းခြင်းဖြင့်စစ်ဗိုလ်ချုပ်ကြီးများမှတာဝန်ခံလိုက်ရကား မြန်မာလူထု၂၅သန်းခန့်မှာ နောင်နှစ်ဆန်းတွင် စားရေရိက္ခာငတ်ပြတ်ဘေးသင့်တော့မည်ဟု UNDP ကဆိုလာသည်။
ယခုနှစ်မြန်မာ့စီးပွားရေးသည် ကမ္ဘာ့ဘဏ်ခန့်မှန်းချက်အရ နောက်ပြန်ဆွဲ၁၀မှသည် ဤအတိုင်းဆက်သွားနေလျှင် အနှုတ်၂၀ အထိဖြစ်သွားနိုင်သည်ဟူသတတ်။

“လူနှင့်ယိုးမှား ပါးကွက်သား”
ငြိမ်းချမ်းတည်ငြိမ်နေသောနိုင်ငံကို မဲခိုး/မဲမသမာအကြောင်းပြအာဏာသိမ်းလိုက်သည်နှင့် ငြိမ်းချမ်းစွာဆန္ဒပြထွက်လာကြသော လူထုမှာ သန်းချီလာရကား တိုင်းပြည်ဆူပွက်ကုန်သည်။ သို့နှင့်လက်နက်ကိုင် ရဲ/စစ်သားများကို နှဖါးကြိုးလျှော့ပေးလိုက်ကာ ‌မစ္ဆရိယဒေါသတို့ကို လူထုပေါ်ပုံချစေ၏။ ညအမှောင်တွင် လူမသိထင်ကာ လူထုကိုရိုက်သတ်ကြကုန်၏။
ငြိမ်းချမ်းစွာဆန္ဒပြမှုတို့ကို ရက်စက်စွာနှိမ်နင်းခဲ့မှုရလဒ်အဖြစ် ပို၍ပြင်းထန်နာကျည်းစွာတုံ့ပြန်မှုကိုခံရသည်။ အမှန်တကယ်မှာ စစ်တပ်မှပစ်သတ်သော ကျဆုံးအရေအတွက်သည် ၈၈ အရေးတော်ပုံ၏ အာဏာသိမ်းပြီး စက်တင်ဘာနောက်ဆုံး ၂ပါတ်သေသူတို့ကိုမမှီ။ ၂၀၂၀ တနှစ်လုံးအောင့်အီးသည်းခံခဲ့ရသော ကိုဗစ်ကပ်ဘေးအပျော့ စိတ်တင်းကြပ်မှုတို့ဖြေလျော့သော ပါဖောမန့်ပင်လုပ်ကြသည်အထိ အပျော်ဖက်ဆန္ဒထုတ်ဖေါ်ခဲ့သောလူထု၏ပကတိအခြေအနေကိုပင် ရှင်းလင်းစွာမမြင်နိုင်အောင် အာဏာမှိုင်းကပ် အမိုက်ဖက် ရက်စက်စွာနှိမ်နင်းခြင်းကို ယခုကဲ့သို့ဆိုရှယ်မီဒီယာခေတ်တွင် မြန်မာလူထုနှင့်အတူ ကမ္ဘာကြီးပါမြင်သည်။
သို့နှင့် မြန်မာရောကမ္ဘာတုံ့ပြန်မှုတို့မှာ ကြမ်းသည်။မြန်သည်။
စစ်ကောင်စီတက်လာပြီးရက်၁၀၀ပြည့် တိုင်းပြည်အခြေအနေကို ဒေါင်းလည်ပြန်ကြည့်လျှင် လမ်းပန်းဆက်သွယ်ရေး-လေယာဥ်/ကား/ရထားပုံမှန်မထွက်နိုင်။ ကျန်းမာရေး/ပညာရေးဝန်ထမ်းသပိတ်များကြောင့် ဆေးရုံ/ကျောင်း/တက္ကသိုလ်များလည်း အဆင်ချောလည်ပတ်ပြန်မဖွင့်နိုင်။ ယုံကြည်မှုနှင့်တည်ဆောက်ထားရသော ဘဏ်စနစ်ကိုပါ စစ်အုပ်စုမှခိုးဝှက် ထောက်လှမ်းညစ်ထုတ်လိုက်ရကား လူထုမှာ ငွေကြေးစနစ်ကိုလည်း အယုံအကြည်မရှိတော့ပြီ။ မိမိအိမ်တွင်းနေလျှက်မှ မည်သူမျှ လုံခြုံမှုမရှိ။ တရားစောင့်လောကပါလနတ်မင်းတို့ စစ်ပြေးလျှက်နေကုန်၏။ ဗြဟ္မစိုရ်တရားလေးပါး ဘေးသို့ဖယ်သွားကုန်၏။ လုံးဝကျဆုံးနိုင်ငံဖြစ်ရန်အခြေအနေအားလုံးညွှန်ပြနေသည်ကိုတွေ့ရမည်။
ဓာတ်တိုင်များသာကျန်ပါစေ ဓာတ်တိုင်များကိုအုပ်ချုပ် ဓာတ်တိုင်မင်းကြီးတက်လုပ်မည် စိတ်ထားရှိသော တပ်မတော်ခေါင်းဆောင်တို့သည် ကိုယ့်တိုင်းပြည်သားများကို သတ်ဖြတ်/ဖမ်းဆီးချုပ်နှောင်နေခြင်းရပ်၍ ဆွေးနွေးညှိနှိုင်းရေးစားပွဲပေါ်တက်လာမည်ပုံကားမပေါ်သေး။ အမျိုး/ဘာသာ/သာသနာတူ တမြေထဲနေ တရေထဲသောက် စောင့်ရှောက်ရမည် မြို့နေလူထု ကျောင်းသားအသက်အရွယ်များအား မည်သို့စိတ်နှင့် သတ်ရဲဖြတ်ရဲလုပ်ရဲခဲ့ကြပါသနည်း။ ဓမ္မကိုညွှန်ကြား တရားချကြရမည့် ဘာသာရေးခေါင်းဆောင်များ အဘယ်နည်း။ ယေဓမ္မာ ဟေတုပ္ပဘဝါ-အကြောင်းခံလျှင်အကျိုးရသည်တို့ကို မြန်မာ့သမိုင်းတွင် ခွေးသားရေနှင့်သေချာရေးခြစ်ထားရမည့် အဖြစ်များပါ။

“စစ်မက်ထူထပ် သတ္တန္တရကပ်”
AA-Arakan Army ဆယ်စုနှစ်၁ခုအတွင်းအင်အားဆယ်မှ သောင်းဂဏန်းဖြစ်လာသည်ကိုနမူနာယူ၍ တည်ထောင်လာသော မြန်မာ့ဖက်ဒရယ်အာမီသည် အဆင့်ဆင့်စနစ်တကျဖွဲ့စည်းနေသည်။ ကဗျာဆရာကြီးက ကာကွယ်ရေးဝန်ကြီးထိုင်ထားသော NUG ၏တပ်တော်ကြီးအဖြစ် PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းပြီးပြီ။ အနောက်နိုင်ငံတွင် စစ်မဟာဗျူဟာကို ပါရဂူမြောက်သင်ကြားထားသူ မြန်မာပြည်တွင်းစစ်အုပ်စု/အစိုးရတွင်လည်း တာဝန်ထမ်းဆောင်ဖူးသူမှာ ကာကွယ်ရေးဒုတိယဝန်ကြီးအဖြစ် တာဝန်ယူနေသည်ကိုတွေ့ရမည်။ တပ်တော်ဖွဲ့စည်းဖြစ်ခြင်းသည် နိုင်ငံရေးမဟာဗျူဟာနှင့် စစ်ပညာပြည့်ဝစွာစနစ်တကျဖြစ်တည်လာခြင်းမဟုတ်သလို အချိန်ယူတည်ဆောက်ခြင်းလည်းမဟုတ်ပါပေ။ ထိုအခြေအနေသည် အလွန်ထိ,ရှလွယ်ပါသည်။ သာမန်လူထုလက်ထဲသို့ စွမ်းအားမြင့်လက်နက်များရောက်သွားလျှင် အန္တရာယ်ကြီးလှ၏၊ ခေါင်းဆောင်များမှ အထူးသတိထားကြရမည့် အချက်ဖြစ်သည်။ ရည်ညွှန်းအားကျစရာ AA မှာလူမျိုးရေးနှင့်စည်းနှောင်ထားသည်ကိုသတိထားမိသိနိုင်သည်။ စိုးမိုးနယ်မြေအပြင်ငွေကြေးရန်ပုံငွေပုံမှန်ရလမ်းနှင့် နိုင်ငံကြီးနောက်ခံရှိနေသည်။

အင်အားချိန်ခွင်လျှာမှာ ရဲနှင့်စစ်သည်အင်အား ၃သိန်းမှ၄သိန်းရှိနိုင်သည့် မြန်မာ့တပ်မတော်နှင့် ဘက်ပါနိုင်သည့် EAOsတိုင်းရင်းသားလက်နက်ကိုင်များအားလုံးပေါင်းအင်အား ၇သောင်းခွဲမှ ၁သိန်းရှိမည်။ စစ်တပ်မှCDMလုပ်ထွက်ခွာလာသော ဗိုလ်မှုးဟိန်းသော်ဦး၏စကားအရမှု တပ်မတော်တွင် တကယ်သေနတ်ကိုင်တိုက်နိုင်သူ ၂သိန်းမျှသာရှိသည်ဆိုပါသည်။ စစ်ပွဲတပွဲကိုအဆုံးအဖြတ်ပေးသည်မှာလည်း စစ်သည်နှင့်လက်နက်အင်အားထက် လက်နက်ကြီးပစ်ကူဟုဆိုလေသည်။ အာဏာလုစစ်တပ်၌ ရုရှား/ချိုင်းနားလုပ်တိုက်ဂျက်လေယာဥ်နှင့် စစ်ဟယ်လီကော့ပတာများ ဒရုန်းများ အတွဲလိုက်ပစ် ဒုံးပစ်စင်ကားများပါရှိနေသည်။
သို့ဆိုလျှင်ပြည်တွင်းပျောက်ကြားစစ်ဖက်ကို အားကိုးမည့်သဘောတွေ့ရမည်။ လူထုအင်အားနှင့်ဖိနင်း မြေနေရာယူ အစိုးရအသိအမှတ်ပြုမှုရယူရင်း ချဲ့ယူသွားမည့်သဘောရှိသည်။ လူထုထဲမှသိန်းချီသော စစ်သည်အင်အားရသွားနိုင်သလို တပ်မ‌တော်လည်းပြိုကွဲထွက်ပြေး ပူးပေါင်းလာနိုင်သည်။ စစ်ရေးအားဖြင့် ဖြစ်လာမည့်အနာဂတ် တိတိကျကျမခန့်မှန်းနိုင်။ သိနိုင်သည်မှာ ဤလမ်းသည်ကြမ်း၏၊ သွေးနှင့်လွှမ်းပါ၏၊ ၁၀စုနှစ်တခုအနည်းဆုံးကြာပါ၏၊
သာမန်အားဖြင့်မှု နှစ်၇၀ကျော်သက်တမ်းရှိ တိုင်းပြည်၏ဆီဦးထောပတ်ဖြင့်ဝ၍ထ,နေသော မြန်မာစစ်တပ်နှင့်စစ်ကောင်စီကို ပြည်တွင်းလက်နက်အင်အား/ငွေအင်အားနှင့်ယှဥ်စစ်တိုက်နိုင်စရာမရှိ။
ဒုတိယကမ္ဘာစစ်ကြီးတွင်း ဂျပန်ဖက်စစ်တပ်/အစိုးရကို မြန်မာလူထုအင်အားနှင့်ရရာလက်နက်စွဲကိုင်ပြန်တော်လှန်လိုက်သည်။ အင်္ဂလိပ်အစိုးရ/မဟာမိတ်တပ်မတို့ကို တိုက်ထုတ်၍လွတ်လပ်ရေးအရယူလိုက်သည်ဟူသော ဂမ္ဘီရစာသား/စကားတို့ကထွက်သင့်ပါပြီ။ စစ်ကြို/စစ်ပြီးခေတ် တကယ့်အခြေအနေများကို နိုင်ငံတကာစာအုပ်များမှီငြမ်း အစွဲမဖက်/အမှန်ပြန်ဆွဲ ပညာရေးသင်ခန်းစာများထဲပြင်သင့်သည်။ သစ္စာဟူသည်အမှန်တရားပါ။ သစ္စာစူးလျှင် သေသည်။ သစ္စာတည်သောအခါ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သည်။ အမှန်တရားကိုယူပါလေ။ (ကိုယ့်စိတ်ကိုဖြေသိမ့်လှည့်စားသော) အမှားစကားကိုပယ်ပါလေ။ တရားဝင်အစိုးရဖြစ်ရန်သာ CDM အားစိုက်လုပ်သည်မှု၍ စူပါပါဝါ၏အထောက်အကူရှာယူပါလေ။

“ဖွဲ့စည်းပုံခွကျော်နေသည့် မြန်မာနိုင်ငံသားဥပဒေ””
မြန်မာဟူသည်နှင့်ကမ္ဘာကတွဲမြင်နေသည်မှာ လူ၂သောင်းခွဲအသတ်ခံလိုက်ရပြီးလူသိန်းဂဏန်းတိုင်းပြည်တွင်းမှတွန်းထုတ်ခံလိုက်ရကာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးပြောင်းခိုသူစခန်းဖွင့်လိုက်ရသည့် ရိုဟင်ဂျာအရေးဖြစ်သည်။ ယခင်က ထိုမျှလောက်ဆိုးဝါးခြင်းမရှိနိုင်လောက်ဟုထင်ကြသော်ငြား ယခုမူတကယ်ဖြစ်သွားလောက်သည့်အခြေအနေကို မြန်မာလူထုသေချာခန့်မှန်းမိကြပြီ။
အာဏာလုစစ်ကောင်စီမှ (ရိုဟင်ဂျာအမည်မသုံးသော်ငြား)အာဏာသိမ်းလိုက်သည်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရဆီချည်းကပ်ကမ်းလှမ်းချက်ထုတ်ပြီးဖြစ်သလို ယခုလတွင်လည်း”ပန်းခင်း” စီမံချက်နှင့်ရိုဟင်ဂျာတို့ကိုပြန်ခေါ်မည်ဆိုနေသည်။ လက်တွေ့လည်း အလုပ်လုပ်နေကြပုံရသည်။ ရှေ့စာမျက်နှာအချို့ပြန်လှန်ကြည့်သော် ၂၀၁၀-၁၅အုပ်ချုပ်ခဲ့သည့်(ဗိုလ်ချူပ်ကြီး)ဦးသိန်းစိန်အစိုးရသည်လည်း လွှတ်တော်တွင်းထိ ရိုဟင်ဂျာဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များခန့်ထားနိုင်ခဲ့သည်။ သူ့လက်ထက်တွင်တိုက်ထုတ်ရှင်းဖြုတ်သောစစ်ဆင်ရေးမလုပ်ခဲ့။
ရိုဟင်ဂျာတို့အားစစ်ဆင်ရေးလုပ်တိုက်ထုတ်သောနှစ်မှာ ၂၀၁၇-၂၀၁၈၊ NLD အစိုးရ သမ္မတဦးထင်ကျော်၏လက်ထက်ဖြစ်ပါသည်။ သို့နှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ခံ နယ်သာလန်သွားရောက် ICJတက်ရှင်းရသည်ဖြစ်လာသည်။ အမှုကားမပြီးပြတ်သေး။ ကြာဦးမည်၊လာဦးမည်။ ICCအထိတက်စေဦး ကိစ္စပြီးအရေးယူသည်အထိ အနှစ်၂၀ကျော်ကြာတတ်သည်။
ပေသုံးသောင်းအမြင့်မှလွှမ်းခြုံကြည့်လျှင် နိုင်ငံသားအားလုံးတို့ သွေးခွဲပြေး၊မြေမဲ့သူဖြစ်သွားစေသည့် အဓိကတရားခံမှာ ၁၉၈၂ခုနှစ်က (ဗိုလ်ချုပ်ကြီး)ဦးနေဝင်း၏မယားကွဲ ရတနာနတ်မယ်အကြောင်းပြုထိုစဥ်ကမဆလလွှတ်တော်ကို ဖိအားပေးချမှတ်စေခဲ့သော ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဖြစ်သည်။ ဥပဒေဟူသည် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံအုပ်မြစ် Constitution မဟုတ်။ ဆိုင်ရာလွှတ်တော်၏ ၅၀%+၁ဦး အများစုနှင့်ဖျက်သိမ်းနိုင်ရသည်။ အာဏာရှင်အစိုးရ/အုပ်ချုပ်ရေးအဆက်ဆက်(မဆလ၊နဝတ၊နအဖ၊ပြည်ခိုင်ဖြိုးအစိုးရ၊ ဒီချုပ်အစိုးရ) မဖျက်သိမ်းနိုင်ခဲ့သည်ဖြစ်၏။ တိုင်းပြည်၏ဥပဒေတို့အချုပ်/အမြုတေ ဖွဲ့စည်းပုံအခြေခံအုပ်မြစ်ကိုဖောက်ဖျက်လျှက်နှင့် ပို၍ခိုင်မာနေသည်လည်းဖြစ်၏။
ယနေ့လူထုအားဖြင့်တည်‌ထောင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUGသည် တိုင်းရင်းသားလူထုနှင့် ရိုဟင်ဂျာအပါအဝင် ကမ္ဘာ့နိုင်ငံများရောက်မြန်မာအမျိုးသားတို့ နှလုံးသိမ်းကြုံးယူသွားလိုပါလျှင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကိုဖျက်သိမ်းကြောင်းကျေညာရမည်။ သို့ဆိုလျှင် နိုင်ငံတကာအသိအမှတ်ပြုကြမည့် အစိုးရအဖြစ်သို့ ခြေတလှမ်းတက်ပြီးဖြစ်မည်တည်း။
ဖက်ဒရယ်စနစ်တွင် ပြည်နယ်တခုချင်းစီ၏ဖွဲ့စည်းပုံကိုအလေးထားထည့်တွက်ရပါ၏။ သို့သော်လူဝင်မှုကြီးကြပ်ရေးစနစ်တွင် ဖက်ဒရယ်ခေါ် ပြည်ထောင်စု၏ဖွဲ့စည်းပုံနှင့်ဥပဒေသည် ပြည်နယ်ဆန္ဒနှင့်ဥပဒေကိုလွှမ်းမိုးရကြောင်းပါ။ ပြည်နယ်သားအချင်းချင်းပြဿနာကို ဖက်ဒရယ်မှကြားဝင်ညှိနှိုင်းပေးနိုင်ကြောင်းပါ။

“နှလုံးမခြား၊ စောင့်တရား”
US, UN နှင့် ASEAN အပါအဝင်ချိုင်းနားသည်ပင် တွေ့ဆုံဆွေးနွေးရေးကို ဇောင်းပေးတိုက်တွန်းနေသည်ကို သိသင့်လှသည်။ တွေ့ဆုံဆွေးနွေးခြင်းဟူသည် နိုင်ငံရေး၏အနုပညာသာဖြစ်သည်။ လက်နက်ချ အရှုံးပေးခြင်းမဟုတ်၊ သူ့လူကိုယ့်ဖက်ပါအောင် စည်းရုံးဆွဲဆောင်ခြင်းလည်းဖြစ်သည်။ ကိုယ့်ဖက်၏နိုင်ငံရေး၊ စစ်ရေးအခြေအနေတို့ကို အပေါ်စီးရအောင်မြှင့်တင်ပြီး အမြင့်ဆုံးအခြေအနေတခုရောက်တိုင်း တဖက်သူကိုစားပွဲပေါ်ဆွေးနွေးဝိုင်းသို့ဖိတ်ခေါ်ရသည်။ တရားဝင်အစိုးရတရပ်ဖြစ်လိုလျှင် အစိုးရအင်္ဂါရပ်တို့ကိုဆောင်ရွက်ရသည်။ နိုင်ငံတကာအကူအညီများနှင့်သွားလျှင် နိုင်ငံတကာအထူးသဖြင့် အမေရိကန်တို့၏စံချိန်စံညွှန်းဝင်ရန်လိုသည်။ မညီလျှင်ကူညီထောက်ခံထားသည်တို့ ဝေး၍သွားလိမ့်မည်။
ကမ္ဘာနိုင်ငံများသည်လည်း နှစ်၁၀၀ တခါလာတတ်သော ရောဂန္တရကပ်ကြီးနှင့်တိုး နိုင်ငံတိုင်းသူ့အပူနှင့်သူပါ။
အမေရိကားသည်ပင်လျှင် တရက်တွင်းအမြင့်ဆုံး ၅၀၇၇ဦး(ဖေဖော်ဝါရီ ၄ရက်) ကိုဗစ်နှင့်ဆုံးပါးခဲ့ရပြီး ယခုမေလဦးတွင်အိန္ဒိယသည်လည်း တရက် လူ၄၀၀၀ကျော်ပျမ်းမျှသေနှုန်းနှင့်တိုးလျှက်ရှိသည်။ ကိုဗစ်တတိယလှိုင်းအတွက်ပြင်လည်းဆင် စီးပွားရေးလည်းထိန်းကန်ကြရသည့်အခြေ။ ထိုအချိန်တိုက် မြန်မာနိုင်ငံတွင် ရက်၁၀၀အတွင်းလူ၈၀၀ ကျဆုံးခဲ့ခြင်းအားမည်သို့ အထူးအာရုံပြုပါမည်နည်း။
ကြုံကြိုက်လှစွာ ချိုင်းနားနှင့်အမေရိကမှာ ဒေသန္တရဆိုင်ရာ အားပြိုင်မှု ဂွင်ကျနေ၍သာ ဤမျှအထိအခြေအနေရောက်လာသည်ဆိုရမည်။ အရှိသုံးသပ်လျှက် အခက်/အချက်အကောင်းဆုံးကိုလုပ်သင့်သည်။
ကျန်စစ်သား၏နန်းတက်ကတိ(ရွေစည်းခုံဘုရားကျောက်စာ 1102-AD ) ကိုဖတ်ပါ။
“ပုဂံကို ရန်သူတို့ဖျက်ဆီးသောအခါ အမျိုးလေးပါးသည်စစ်သုံ့ပန်းဖြစ်၍ အချို့လည်းအောက်အကြေသို့ ပါကြရသည်။ အချို့လည်းအထက်အညာသို့ ပါကြရသည်။
ငါ၏အကူအညီဖြင့် ထိုသူတို့ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊မယားတကွဲ၊ မိကွဲ၊ ဖကွဲဖြစ်ကြရကုန်၏။
ထိုသူတို့၏ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာပေးအံ့။
အမိသည်သားငယ်အား ရင်ခွင်၌နှစ်သိမ့်သကဲ့သို့ ငါသည်လည်းတိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။”

“ကြပ်တည်းငတ်ပြတ် ဒုဗ္ဘိက္ခန္တရကပ်”
ရှေးရိုးစွဲလျှက်လူအင်အားကြီးမားလှသော ဘုန်းကြီး/သာသနာ့ဝန်ထမ်းအများစုကြီး ပြည်သူလူထုဖက် ၂၀၀၇ Saffron Revolutionကကဲသို့ဘက်ပြောင်းပါမလာပဲနှင့် စစ်ရေးဖြင့်စွက်ဖက်ဖြေရှင်းပေးရမည့်နည်းလမ်းကို နိုင်ငံတကာ/စူပါပါဝါတို့ကရွေးမည်မထင်။ ပျက်သုဥ်းမှုကြီးလှသော ပြည်တွင်းစစ်ကြီးဖြစ်ကာ ဒေသန္တရဆက်စပ်နိုင်ငံများနိုင်ငံများသို့လျှံထွက်သွားမည်ဟု တွက်ကြလိမ့်မည်။ လက်ငင်းအခြေအနေများအရကောက်မှု တိုင်းပြည်စီးပွားရေးအပျက်နှင့်အတူ ရေကြီး/ရေရှားကမ္ဘာ့ဥတုရာသီဆိုးဝါးလာမှုဒဏ် အောက်ခြေလူတန်းစားလူထုကြီးမှာ အလူးအလဲခံရမည့်သဘောရှိသည်။

နွေဦးတော်လှန်ရေးတွင် မြန်မာ့သမိုင်းတွင် မကြုံဖူးလောက်အောင် တိုင်းရင်းသားများအချင်းချင်းညီညွတ်စည်းလုံးသွားမှုနှင့် အများစုဗမာလူထုက တိုင်းရင်းသားများကို နားလည်ကိုယ်ချင်းစာသွားခြင်းကို မြင်ကြရသည်။ ထေရဝါဒဘာသာရေး၏အနှစ်သာရကိုလည်း မြင်သာထင်သာရှိသွားကြသည်တမုံ့။ အမျိုးသားရေးဖြင့် ဆွဲစေ့ထားသည့် စစ်အာဏာရှင်အုပ်စု၏ Divide and Rule နိုင်ငံရေးကစားကွက်ကို သဘောပေါက်သွားကြသည်။ ဤသည်တို့မှာ တန်ဖိုးမဖြတ်နိုင်သော အမြတ်ဖြစ်၏။ အမြတ်ကိုနင်းကာ ဆက်သွားနိုင်ကြပါလျှင် ကမ္ဘာတွင်မြန်မာကို တခါပြန်မြင်ရလိမ့်။

လာမည့်လများတွင် မြန်မာပြည်တွင်းနေလူထုအများစုသည် ကပ်သုံးပါးနှင့်တိုး၊ စားဝတ်နေရေးနှင့်အထွေထွေကြပ်တည်းလာမှုများဖြစ်လာပါမည်။ ကမ္ဘာကနိုင်သလောက်တာဝန်ယူဖြေရှင်းပေးရတော့မည်ဖြစ်ပါသည်။ ငွေကြေးရန်ပုံငွေသည်သာအဓိကပါ။ ဘဝနောင်ရေးစိတ်ချရသောဖွံ့ဖြိုးပြီးနိုင်ငံများနေ မြန်မာဇာတိနွယ်တို့၏ ထောက်ပံ့မှုသည်သာ အခရာပါ။ ပေးလက်စလျှက် ကမ်းဆက်ကြပါကုန်။

One comment

  • kai

    June 2, 2021 at 5:00 am

    https://www.youtube.com/watch?v=cWaWcBhxQAg
    Lyrics: နဂါးနီ – သုမောင်
    ဆင်းရဲခြင်း လွတ်ကင်းအောင်

    လမ်းပြဆောင်ပါမည်
    ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ
    တို့အမျိုးသားတိုင်းပြည်
    ဆင်းရဲခြင်း လွတ်ကင်းအောင်
    လမ်းပြဆောင်ပါမည်
    ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ
    တို့အမျိုးသားတိုင်းပြည်
    မွဲတဲ့လူ လှူဒါန်းနိုင်မည်
    ကျောင်းဆောက်ကာ ဘုရားတည်
    ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့
    မတဲ့ကိန်းဆိုက်မယ်

    ဆင်းရဲခြင်း လွတ်ကင်းအောင်

    လမ်းပြဆောင်ပါမည်
    ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ
    တို့အမျိုးသားတိုင်းပြည်
    ဆင်းရဲခြင်း လွတ်ကင်းအောင်
    လမ်းပြဆောင်ပါမည်
    ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ
    တို့အမျိုးသားတိုင်းပြည်
    မွဲတဲ့လူ လှူဒါန်းနိုင်မည်
    ကျောင်းဆောက်ကာ ဘုရားတည်
    ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့
    မတဲ့ကိန်းဆိုက်မယ်
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ

    ဘေးရန်ကာဆီးမည်
    လူမွဲတွေက မနှေးခေတ်မီ
    သူဌေးဖြစ်တော့မည်
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
    ဘေးရန်ကာဆီးမည်
    လူမွဲတွေက မနှေးခေတ်မီ
    သူဌေးဖြစ်တော့မည်
    တို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့

    ဆင်းရဲသားတို့ မညှိုးပြီ
    အကျိုးထူးပေးတော့မယ်တဲ့ဗျ
    တို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
    ဆင်းရဲသားတို့ မညှိုးပြီ
    အကျိုးထူးပေးတော့မည်
    ခေတ်သစ်ထူထောင်မည်
    အေးချမ်းသာယာစည်
    ဟေ့ နဂါးနီတန်ခိုးနဲ့ အမျိူးဂုဏ်တက်စေမည်

    နေရေးနဲ့စားသောက်ရေးပါ
    မနှေးအောင်ပင်ချောင်လည်ရမည်
    လူမွဲများစိတ်ချမ်းသာအောင်
    ကြံဆောင်မည် တို့နဂါးနီ
    နေရေးနဲ့စားသောက်ရေးပါ
    မနှေးအောင်ပင်ချောင်လည်ရမည်
    လူမွဲများစိတ်ချမ်းသာအောင်
    ကြံဆောင်မည် တို့နဂါးနီ
    ဘာသာရောင် သာသနာရောင်
    ထွန်းလင်းပြောင်မည်
    ဘာသာရောင် သာသနာရောင်
    ထွန်းလင်းပြောင်မည်
    ကောင်းစားမယ့် တို့မြန်ပြည်
    ရွှေမိုးရွာမယ်
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ

    ဘေးရန်ကာဆီးမည်
    လူမွဲတွေက မနှေးခေတ်မီ
    သူဌေးဖြစ်တော့မည်
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
    ဘေးရန်ကာဆီးမည်
    လူမွဲတွေက မနှေးခေတ်မီ
    သူဌေးဖြစ်တော့မည်
    တို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့

    ဆင်းရဲသားတို့ မညှိုးပြီ
    အကျိုးထူးပေးတော့မယ်တဲ့ဗျ
    တို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
    ဆင်းရဲသားတို့ မညှိုးပြီ
    အကျိုးထူးပေးတော့မည်
    ခေတ်သစ်ထူထောင်မည်
    အေးချမ်းသာယာစည်
    ဟေ့ နဂါးနီတန်ခိုးနဲ့ အမျိူးဂုဏ်တက်စေမည်

    သိဒ္ဓိအဖုံဖုံလုံခြုံစေမည်
    နေ့စဉ်ဖိုမထိုးဘဲ အကျိုးပေးနိုင်မည်
    သိဒ္ဓိအဖုံဖုံလုံခြုံစေမည်
    နေ့စဉ်ညစဉ်ဖိုမထိုးဘဲ
    အကျိုးပေးနိုင်မည်
    မြန်မာပြည် နဂါးနီတန်ခိုးနဲ့
    မြေလျှိုးပါလို့ မိုးပျံနိုင်မည်
    မြန်မာပြည် နဂါးနီတန်ခိုးနဲ့
    မြေလျှိုးပါလို့ မိုးပျံနိုင်မည်
    မွဲတဲ့လူတွေ ငွေမရှားရအောင်
    ကြိုးစားလို့ ဆောင်ရွက်ကာမှန်း
    ထွက်ရပ်လမ်းပြမည်
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ

    ဘေးရန်ကာဆီးမည်
    လူမွဲတွေက မနှေးခေတ်မီ
    သူဌေးဖြစ်တော့မည်
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
    ဘေးရန်ကာဆီးမည်
    လူမွဲတွေက မနှေးခေတ်မီ
    သူဌေးဖြစ်တော့မည်
    တို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့

    ဆင်းရဲသားတို့ မညှိုးပြီ
    အကျိုးထူးပေးတော့မယ်တဲ့ဗျ
    တို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
    ဆင်းရဲသားတို့ မညှိုးပြီ
    အကျိုးထူးပေးတော့မယ်တဲ့မည်
    ခေတ်သစ်ထူထောင်မည်
    အေးချမ်းသာယာစည်
    ဟေ့ နဂါးနီတန်ခိုးနဲ့ အမျိူးဂုဏ်တက်စေမည်၊

Leave a Reply