UN ကုလသမဂ္ဂတွင် အဖွဲ့ဝင် (၁၉၃)နိုင်ငံရှိသည်။ ဆိုင်ရာခံဝန်ချက်စာချုပ်ချုပ်၍ အဖွဲ့ ဝင်ဖြစ်ကြသောနိုင်ငံများသို့ ချိတ်ဆက်ကူညီခြင်းရှိသလို အပြန်အလှန်ကူညီကြသည်။ UN၏မူလဖြစ်တည်မှုအရ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို စစ်ရေးဖြင့် အင်အားသုံး ဖြေရှင်းကြားဝင်ရန် မဖြစ်နိုင်သလောက်အခြေပါ။ ထို”စည်း”ကိုမည်သည့်အကြောင်းပြချက် ဖြင့်ဖေါက်မိသည်ဖြစ်စေ နောင်အနာဂတ်တွင် သမိုင်းတရားခံဖြစ်ကိန်းဆိုက်နိုင်၍ဖြစ်၏။ လူသိန်း/သန်းသေကျေပျက်ဆီးနေသည့်အခြေဆိုက်နေလျှင်သာ အထူးစဉ်းစားပေးသည့်စားပွဲပေါ်တက်လာမည်။ ICC, ICJ တရားရေးသည်လည်း အမည်သညာခေါ်စရာသာရှိသည်။ လက်တွေ့တရားဆိုင် အမှုရှုံး၍ အရေးယူမှုမှာ ပြစ်မှုထင်ရှားတဦးတယောက်အတွက်ပင် အနှစ် ၂၀အထက်ကြာလေ့ရှိသည်တွေ့ရမည်။ မည်သို့ဆိုစေ မြန်မာအတွက် ဒေါ်လာငွေသန်း ချီသုံးနေ့/ညအလုပ်လုပ်သည့်ရုံးတခု /ကုလအထူးကိုယ်စားလှယ်တဦးခ‌န့်ပေးထားပါ၏။

US မှာမူကား မြန်မာ့အရေးကိုဖြေရှင်းပေးရမည်ဟူ၍ မဟာမိတ်ပဋိဉာဉ်စာချုပ် လည်းမထိုးထား ကတိမရှိ။ မြန်မာပြည်တွင်ယခုထိကျဆုံးသေကျေကြသော လူအရေ အတွက် (၈၆၃ဦး -ဇွန် ၁၄)ဟူသည် အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီလ ၁ရက် တနေ့ထဲ၌ အမေရိကပြည်ထောင်စုတွင်း ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့သူ အမေရိကန် (၁၉၁၃)ဦး၏တဝက် မရှိ။ ကိုဗစ်ဖြင့်အမေရိကန် ၆သိန်းမျှသေခဲ့ကြပြီးပါပြီ။ သို့သော် ဒီမိုကရေစီရေးအကြောင်းပြု စူပါပါဝါ၏ကမ္ဘာ့ပုလိပ်ကြီးအဖြစ် လိုအပ်သည့်ဖိအားတို့ပေးသည်လုပ်ခဲ့သည်။ လုပ်နေဆဲပါ။ စစ်အုပ်စုတက်လာသည့်နေ့မှ ယခုအထိ ဆန်ရှင်စီးပွားပိတ်ဆို့အရေးယူမှုထုတ်ပြန်ချက် ၁၆ခုထုတ်ခဲ့သည်။ ထိုအခြေအနေတို့ကို မသိသားဆိုးဝါးစွာ ဆဲဆိုကြိမ်းမောင်းနေ သူများရှိနေသည်ကိုတွေ့ရမည်။ ရန်ကုန်အမေရိကသံရုံးFB page တွင် စစ်ရေးမကူညီ ရကောင်းလားဟု ခနဲ့သွေးပြ စော်ကားသည်လည်းရှိမည်။ ရှင်းရှင်းပြတ်ပြတ်ဆိုရလျှင် မြန်မာနိုင်ငံပြည်တွင်းရေး မည်သည့်နိုင်ငံတွင်မှ ထိုဆိုင်ရာနိုင်ငံအခွန်ထမ်းပြည်သူ၏ငွေ ကြေးနှင့် စစ်သည်တို့သုံး၍ ဖြေရှင်းပေးရမည်ဟူသော တာဝန်မရှိချေ။

“မုဆိုးစိုင်သင်”
၁၉၈၈ စက်တင်ဘာလ ၁၈ရက် စစ်အာဏာသိမ်းခဲ့စဉ်ကမူ သြဂုတ်လ ၂၄ရက်မှစ၍ ရပ်တန့်နေခဲ့သောအစိုးရယန္တယားကြီး အောက်တိုဘာ ၃ရက်နေ့အရောက်၌ပြန်လည်ပါတ် နိုင်ခဲ့သည်။အစိုးရဝန်ထမ်းများလည်း မေးခွန်း(၃၃)ချက် ဖြည့်စွက်လက်မှတ်ထိုးရုံးတက်ကြရ ပြုတ်ကြ ဖြုတ်ခံကြရဖူးသည်။ လုပ်ပေးလိုက်သော ၁၉၉၀ ရွေးကောက်ပွဲသို့ ပါတီထောင် ဝင်ပြိုင်ရင်း နဝတခင်းသည့်လမ်း လျှောက်လှမ်းခဲ့ကြသည်။

ယခုမှု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တည်ထောင်သည့် ဖေဖော်ဝါရီ ၂မှစတွက်လျှင် ၁၃၅ရက်ရောက်ပြီ။ အစိုးရယန္တယားတို့ ပုံမှန်မလည်နိုင်။ ရပ်ကျေးအုပ် ချုပ်ရေးလည်းမပိုင်။ ဘဏ်စနစ်ငွေကြေးကြပ်တည်းမှုလည်းတွေ့နေရပြီ။ စီးပွားအပျက် တွင် ကိုဗစ်တတိယလှိုင်းလည်း ဝင်နှော့နေရကား “ပျက်လျှင်ပျက်သည်ဟုမှတ်ပါ” အခြေဆိုက်နေ၏။ တိုင်းပြည်၏မှောင်ရိပ်စီးပွားရေးကြီးဖြစ်သည့် Meth မူးယစ်ဆေးဝါး ဝင်ငွေများကြောင့်သာ ဤမျှခံသာနေခြင်းဟုမြင်သည်။ ၁၉၆၂၊ ၁၉၈၈ မှာကဲ့သို့ အာဏာသိမ်းစစ် အုပ်စု၏ လမ်းပြမြေပုံ အစီအမံ အမိန့်တို့ကို လူထုနှင့် အစိုးရဖြစ်သည့်ပါတီမှမလိုက်နာ။ ဖီဆန်နေယုံမက လက်နက်ရှာဖွေစုဆောင်းရင်း “ငြိမ်းချမ်းရေး”ကိုပစ်ချ အလုံးစုံပြည်တွင်းစစ်သို့ပင်ရှေ့ရှုလာသည်။ အာဏာလုစစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုများကို အကြမ်းဖက်နှိမ်နင်းပြသည်။ ဖမ်းမိလျှင် ရက်ရက်စက်စက်ညှင်းဆဲသတ်ဖြတ်သဖြင့် ပလပ်စတစ်ဟဲလ်မက်၊ သံဆီပိုင်း ပြတ်ဒိုင်းကာကိုင် ဆန္ဒပြသူတို့ လေးဂွ/ဂျင်ကလိနှင့်ဟန့်တား သဲအိပ်ကာရပြေးပုန်းခြင်းသို့ တဆင့်မြှင့်ရ၏။ ထိုမှ ဘူဒိုဇာသုံးတွန်းထုတ်ဖြိုခွင်း စနိုက်ပါနှင့်ချောင်းပစ် လောင်ချာနှင့် ထုသဖြင့် ဂက်စ်သေနတ်/တူမီးသေနတ်သုံး ပြေးလွှားခုခံရသည့်အဆင့်တက်ကြပြန်သည်။ထို့ကြောင့်စစ်တပ်သည် လူထုကို အကြမ်းဖက်ဖြစ်လာအောင် ဖြည်းဖြည်းချင်း ဆွဲခေါ် လေ့ကျင့်သင်ကြားပေးနေဟန်ပင်ပေါက်ခဲ့၏။ ယခုမူ နွေဦးတော်လှန်ရေးသမားများတို့သည် မုဆိုးစိုင်သင် လက်တွေ့ကျကျ အခြေအနေပေးသမျှ ဆုတ်ကိုင်မိလာကြပြီတည်း။

“မာန်ဟုန်ပြင်းတဲ့ လူထုစက်”
တပ်မတော်သည် အာဏာစက်တွင်းကို ဘာသာရေးဆွဲသွင်း သာသနာကိုကာကွယ်ပေးသည့်စစ်တပ်ဟန်ဖမ်း၍ သံဃစက်ယူသုံး လူထုကိုနှိပ်ကွပ်၏။
လူထုမှာလည်း အင်အားသန်းဆယ်ဂဏန်းတွင် စိတ်ဓာတ်အင်အား မြင့်လွန်းရကား တရားသည့်ဖက်ကရပ်သည့် ဓမ္မစက်/မာန်ဟုန်ပြင်းသည့် လူထုစက်နှင့်ပါတည်း။ လူထုစက်သည် သူ့ချည်းမဟန် လောင်မီးကျသည့် စွမ်းအားမြင့်စစ်လက်နက်ကိုင် မဟာမိတ်ကောင်းလိုပါသည်။ လက်တွေ့ဘဝလောက နိုင်ငံရေးတွင် တရားမျှတခြင်းဟူသည် မရှိ။ “History is always written by the winners. နိုင်သူက သမိုင်းရေးသည်။ ပြည်တွင်းတွင် ယခုကဲ့သို့ စစ်အာဏာလုအုပ်စု ရပ်တည်နေနိုင်သည်မှာ သံဃာအင်အား ၄သိန်းကျော်နှင့် မဘသအင်အားသန်းချီကြောင့်မဟုတ်လော။ ဆွမ်းကွမ်းကျောင်းဆောက်လှူတန်းထားသည့် လူထုကြီးမှ သံယာထုအား သံဃာ-ဒကာစည်းရုံးခြင်းမပြုသင့်ပါသလော။ ပြည်တွင်းအကျိုးစီးပွားနှင့် တိုက်ရိုက်ဆိုင်‌သော သံဃာအင်အားစုကြီးအား ဦးစွာစည်းရုံးသိမ်းသွင်းခြင်းမပြုနိုင်ပဲ အမျိုးဘာသာသာသနာမတူသူ နိုင်ငံခြားလူမျိုးခြားများ၏ စစ်အင်အားကို မျှော်တော်ယောင်ရန်မသင့်။ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးကြရမည်။

“အဝေးရောက်အနီးဆုံးများ”
မြန်မာပြည်ပနေသူတိုင်းသည် မိမိမွေးဖွားခဲ့ရာတိုင်းပြည်ကို ချစ်စိတ်နှင့် တွန်းလုပ်နေကြသူများရယ်ပါ။ ကိုဗစ်ကြောင့် အတုံးအရုံးကျဆုံးလျှက်မှ ထွက်ကြစည်းရုံးကြ ငွေကောက်ကြ လှုတန်းကြပါ၏။ တကယ်တန်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်သူ၏လုပ်ထုံးလုပ်နည်းများအရ ချုပ်ကြည့် ပါလျှင် အမေရိကနိုင်ငံသားအဖြစ်ခံယူထားသူတိုင်း၊ အမြဲတန်းနေထိုင်ခွင့်(ဂရင်းကဒ်) ကိုင်ဆောင်ထားသူတိုင်း၊ ID ထုတ်ထားသူူတိုင်းအား မြန်မာနိုင်ငံသားအလိုအလျှောက် သိမ်းပြီးလျှက် မြန်မာနိုင်ငံနှင့်မဆိုင်ဟူ၍ ကန်ထုတ်ထားပြီးလျှက်သားဖြစ်၏။ လုပ်ထုံး စာလုံးအတိအကျအရကောက်လျှင် အခြားနိုင်ငံ၏”အရေးပေါ်ခရီးသွားလက်မှတ်၊ အခြားနိုင်ငံကထုတ်ပေးသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်” ကိုင်သည်နှင့် မြန်မာနိုင်ငံသားအဖြစ်မှအလိုအလျှောက်ရပ်စဲပါလေသတည်း။

မြန်မာနိုင်ငံတွင် ဘိုးဘွားစဉ်ဆက်မွေးဖွားလာသော ဌာနေတိုင်းရင်းသား စစ်စစ်ဖြစ်စေဦး အဆိုပါ အာဏာရှင်ဦးနေဝင်းသဘောနှင့် ထုတ်ပြန်ခဲ့သော ၈၂မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံ သားအဖြစ်မှအလိုအလျှောက်ဆုံးရှုံးရသည်ဆိုပါသည်။ ဌာနေတိုင်းရင်းသားသည် သူ၏ဘိုးဘွားစဉ်ဆက်မွေးဖွားကြီးပြင်းခဲ့ရာမြေသို့ ဗီဇာယူ၊ခွင့်ပြုမှပြန်ရ၍ မြေပိုင်ဆိုင်ခွင့်မရှိသောအခြေဆိုက်သွားပါလေသည်။ ၈၂မြန်မာနိုင်ငံသားဥပဒေရှိနေပါလျှင် ဘယ်အစိုးရတက်တက် ဗီဇာနှင့် ခွင့်ပြုချက်ရမှ ကိုယ်မွေးဖွားရာအဖနိုင်ငံတော်သို့ ပြန်ခွင့်ရသူများဖြစ်ကြ၏။

“သမိုင်းဘီး ၃ပါတ် လက်တွေ့ကျကျလှည့်ပတ်”
ယခုသွားနေကြသောလမ်းသည် ၁၉၈၈ ဖြစ်စဉ်နှင့် လွန်စွာဆင်ပါသည်။
အင်တာနက်ဆိုရှယ်မီဒီယာခေတ်ဖြစ်၍ ဖြစ်ရပ်တို့ မြန်နှုန်းမြင့်နေသည်သာရှိသည်။ သို့ဆိုသော် နစကသည် နဝတ/နအဖ၊ CRPH သည် CRPP၊ NUG သည် NCGUB၊ PDF သည် ABSDF ဆိုကြပါစို့။ ဤအတိုင်းဆက်သွားလျှင်သမိုင်းဘီးတပါတ်လည်ယုံသာရှိပါ၏။

အမေရိကပြည်ထောင်စုသည် မြန်မာမှပြောင်းခိုသူ Refugee ၃သိန်းမျှ ထပ်တိုးလက်ခံ လိုက်ရခြင်းနှင့်သာ အဆုံးသတ်သွားပါလိမ့်မည်။ သင်ခန်းစာယူ ကြိုပြင်ဆင်မထားနိုင်ကြ၍ ၁၉၆၂၊၁၉၈၈နှင့် ၂၀၂၁ သမိုင်းဘီးသုံးပါတ်ထပ်လည်နေခြင်းသာ။ NUG မှ မြန်မာနိုင်ငံသုံး ဒင်္ဂါးငွေကြေးစက္ကူရိုက်ထုတ် လူထုသုံးစွဲသွားလိုက်နိုင်လျှင် (သို့) ချိုင်းနားနှင့် အမေရိကားစစ်ဆိုင်သွားလျှင် အရာရာပြောင်းသွားနိုင်ခြေရှိသည်မြင်ပါသည်။ အနည်းငယ် ထူးသော သာမန်များလောက်ဖြင့် ၈၈အရေးတော်ပုံထက်သာသောပြောင်းလဲခြင်းကို ဤသူမမြင်မိပါ။

“၂၀၂၃၏အလွန်”
လက်ရှိကာချုပ်သည်သူ၏ပင်စင်ယူကန့်သတ်အသက်အား ကာကွယ်ရေး ဝန်ကြီးဌာန ၏ ၁/၂၀၂၁ ညွှန်ကြားလွှာထုတ်၍ အကန့်အသတ်မရှိဆွဲဆန့်ပြီးဖြစ်လေရာ ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ယာယီသမ္မတတက်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရပေးအပ်လိုက်ပါသည် ဆိုသော နိုင်ငံတော်အာဏာ၃ရပ်ကို အများဆုံး၂နှစ်အတွင်း ရွေးကောက်ပွဲခေါ် မဲရသည့်ပါတီတို့ကို အာဏာပြန်လွှဲအပ် ရမည်ဖြစ်နေသေးသည်။ ၂နှစ်အတွင်းရွေးကောက်ပွဲမခေါ်နိုင်လမ်း ပြမြေပုံမထွက်နိုင်လျှင် ဗိုလ်ချုပ်မှုးကြီးမင်း အောင်လှိုင်၏ကြမ္မာသည် ဗိုလ်ချုပ်မှုးကြီး စောမောင်ကဲ့သို့ ကျသွားနိုင်သည်တမုံ့။

“မဆလ”တဖြစ်လဲ “တစည”ဘဝပျောက် သွားသကဲ့သို့ “ပြည်ခိုင်ဖြိုး”၌အနာဂတ်မရှိ တော့ပါပြီ။ ယခုစစ်ဗိုလ်ချုပ်များတို့သည် ယူနီဖောင်းချွတ် စစ်ရာထူးလွှတ်ကာ ပြည်ခိုင်ဖြိုးပါတီထဲဝင်၍ လုပ်လာမည့် ရွေးကောက်ပွဲဝင်ပြိုင်နိုင်မည်မထင်ပါ။ ဘောင်းဘီချွတ်တို့အတွက် ပါတီသစ်တခု မွေးဖွားလာနိုင်ချေရှိနေသည်။ နိုင်ငံရေးအခင်းအကျင်းသစ်တခုမွေးဖွားလာနိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်ရွေးကောက်ပွဲများအတွက်လည်း ကောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အလွန်အတွက်လည်းကောင်း ခွဲကစား/တွဲကစားတို့အတွက်ပြင်ဆင်သင့်ထားသည်။ ဒေါ် အောင်ဆန်းစုကြည်အလွန်အတွက်လည်း ခေါင်းဆောင်ရှာ၊ လူ/ငွေအင်အားပြင်ထား မိတ်ဖက်ဆင်ထားသင့်သည်။

မြန်မာ-အမေရိကန်အပါအဝင် နိုင်ငံခြား ရောက်မြန်မာတို့၏စွမ်းအားအပြည့် လိုပါလျှင် ပူးတွဲနိုင်ငံသားစနစ် Dual Citizenship အသိအမှတ်ပြုပါ။ ဟိန္ဒူ/အစ္စလမ်ဘာသာဝင်နှင့်တရုတ်တို့၏ ငွေကြေး/လူအင်အားကိုလိုပါလျှင် မြန်မာ ပိုင်နက်မြေမွေးမြန်မာနိုင်ငံသားအလိုလိုဖြစ်သည့် Jus soliကိုဖွဲ့စည်းပုံအခြေခံထဲထည့် ရေးပါ။ EAOs တိုင်းရင်းသားလက်နက်ကိုင် တို့ ပါဝါရယူလိုပါလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ်စနစ် မြေပိုင်စိုးမှုကို တိတိကျကျ အကောင်အထည်ဖော် အာဏာမျှပေးပါ၊ အစိုးရဖြစ်လိုလျှင် NLD အစိုးရနှင့် ချိုင်းနား ချုပ်ဆိုထားသော BRIနွယ်စာချုပ်များကို တာဝန်ယူအာမခံပါ။ အဖွဲ့ဝင် ၅၄နိုင်ငံရှိ ဗြိတိသျှဓနသဟာရအဖွဲ့ကြီးသို့ မြန်မာ ဝင်ရောက်ပါ။

About kai

Kai has written 1035 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.