လင်းသော ကြယ်စင်ပေါင်း များစွာနဲ့အတူ တစ်စင်းထဲသော လမင်းကြီးရော ကြွေကျသွားပြီလား။ တဖျပ်ဖျပ်လက်နေတဲ့ အလင်းဖျော့ဝတ်ရုံနဲ့ လှပဖူးတဲ့ ညတွေဟာ ဟောဒီ လောကထဲကနေ အပြီးအပိုင် ပျောက်ဆုံးသွားခဲ့ပြီ ဆိုတဲ့ ပုံစံမျိုးနဲ့။ အခု ညတာဝန်ကျတဲ့ ကောင်းကင်ဟာ မနှစ်မြို့ဖွယ်ရာသော အမှောင် ဝတ်ရုံကြီးကို တိတိကျကျ ခြုံထားတာပါလား။ 

ဒီလိုည၊ ဒီလိုအချိန်မှာ အခုတလော ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်ဆိုးတွေအကြောင်းကို တွေးလိုက်မိတော့ ညဟာ ကြောက်မက်ဖွယ်ရာ အတိပြီးသော ညဖြစ်သွားတယ်။ 

ဒီလို ကြယ်တွေ၊ လတွေ ပုန်းကွယ်နေတဲ့ အနက်ရောင်ည အခါမျိုးဟာ မကောင်းမှုတစ်ခုခု ဖြစ်ပျက်သွားဖို့ အလားအလာတွေ ရှိနေတယ် မဟုတ်လား။ 
“ငါ. . .ဒီအချိန်မှ အိမ်ပြန်မိတာ မှားပြီလား?” 

နောင်တ ရချင်သလိုလို ဖြစ်လာတာနဲ့အတူ စိတ်ထဲမှာ မသတီသလို ဖြစ်လာတာလည်း အမှန်ပဲ။ 
မနေ့တုန်းက ဟိုဘက်ရပ်ကွက်မှာ . . . ဆိုးဝါးပက်စက်တဲ့ လူသတ်မှုတစ်ခု ဖြစ်သွားခဲ့တယ်။ 

ညကိုးနာရီကျော်မှ အလုပ်ကနေ အိမ်ကို ပြန်လာရတဲ့ အလုပ်သမလေး တစ်ယောက်ကို အရက်မူးပြီးသွေးကြွနေတဲ့ ယောကျာ်းနှစ်ယောက်က မုဒိမ်းကျင့်တယ်။ 

ဒါ့အပြင် မုဒိမ်းကောင်တွေဟာ အဲ့ဒီ ကောင်မလေးကို ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးသတ် အပြတ်ရှင်းခဲ့တယ်တဲ့။ 
ဖြစ်ချင်တော့ အဲ့ဒီကောင်မလေးကို ဓါးနဲ့ တဇွက်ဇွက် ထိုးနေတဲ့ အချိန်မှာ လက်ဖက်ရည်ဆိုင်ကနေ ဘောလုံးပွဲကြည့်ပြီး ပြန်လာတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်က ခပ်လှမ်းလှမ်းကနေ မြင်သတဲ့။ မြင်မြင်ချင်းမှာ အော်ဟစ် တားဆီးလိုက်ရင် သူတို့ကိုပါ ရန်မူသွားမှာ ကြောက်လို့ ဆိုပြီး ဖြစ်ရပ်ကို ပုန်းကွယ်ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ်တဲ့။ နေစမ်းပါဦး။ အဲ့ဒီ ကောင်လေးနှစ်ယောက်နေရာမှာ ငါသာ ဆိုရင်ရော ဘာလုပ်မိမှာပါလိမ့်။ ပုန်းနေမလား၊ ထွက် တားမလား။ ဝေခွဲမရ…။ 

အဲဒီမျက်မြင်သက်သေ ကောင်လေးနှစ်ယောက်ဟာ မုဒိမ်းလူသတ်ကောင်တွေ ထွက်သွားမှ သူတို့ အိမ်ကို အပြေးပြန်၊ 
မြင်သမျှကို လူကြီးတွေဆီ ပြန်ပြောပြ၊ 
လူကြီးတွေကတဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ 
ရဲစခန်း စသည်ဖြင့် အဆင့်ဆင့် အကြောင်းကြားပြီးချိန်မှာတော့ 
မုဒိမ်း လူသတ်ကောင်တွေကဖြင့် သူတို့အိမ်မှာ အိပ်မက်လှလှတောင် အေးအေးလူလူ မက်နေလောက်ပြီပေါ့။ 
မုဒိမ်းကျင့်ခံရပြီး အသတ်ခံရတဲ့ မိန်းကလေးခမျာမှာတော့ ပိုးစိုးပက်စက် သေနေတာ နာရီအတော်ကြာသွားခဲ့ပါပြီ။  

မိန်းကလေးကို သတ်ဖြတ်နေတုန်းမှာ 
မျက်မြင် ဖြစ်ခဲ့တဲ့ ချာတိတ်နှစ်ယောက်ရဲ့ 
အပြောအရ လူသတ်ကောင်နှစ်ယောက်ကို 
သေချာ မမှတ်မိပါဘူးတဲ့။ 

အမှောင်ထဲမှာမို့ သေချာ မမြင်ရတာလည်း ဖြစ်နိုင်သလို မျက်မြင်သက်သေအဖြစ် အမှုအခင်းတလျှောက်လုံး ထွက်ဆိုချက်ပေးနေရမှာကို 
ကြောက်တာကြောင့်လည်း ဖြစ်နိုင်တာပဲ။ 

အဲဒီ လူသတ်သမားနှစ်ယောက်ဟာ 
ဒီဘက် ကျွန်တော်တို့ ရပ်ကွက်ကရော မဖြစ်နိုင််ဘူးလား။ 

သူတို့ ဘယ်သူဘယ်ဝါမှန်း အခုထိ မသိနိုင်သေးတော့ 
မသင်္ကာစရာလူတွေမှ အများကြီး မဟုတ်လား။ 
သူတို့ နောက်ထပ် ဘယ်မိန်းကလေးတွေကိုများ 
မုဒိမ်းကျင့်ပြီး သတ်ဖြတ်ဖို့ ကြံစည်နေပြန်ပြီလဲ။ 

တရားဥပဒေဟာ 
အခြေခံလူထုရဲ့ အောက်ခြေအလွှာကြားထဲအထိ 
စိမ့်ဝင် စီးဆင်းမနေနိုင်မှတော့ 
တရားခံမပေါ်လိုက်တဲ့ ဆိုးယုတ်မှုတွေကို 
ကြောက်ရွံ့စိုးရိမ်နေကြရတာဟာ မဆန်းတော့သလိုမျိုး။

“နေ့ဆီကို အမြန်ရောက်ချင်နေတဲ့ည”

~~~~~~
ကပ်လျက်ရပ်ကွက်မှာလည်း
တလောက လူငယ်လေးတစ်ယောက်
ရေကန်ထဲမှာ သေနေတာကို ဆယ်ယူခဲ့ကြသေးတယ်။
အဲဒီတုန်းက အဲ့ဒီ လူငယ်လေးရဲ့ အလောင်းကိုဆယ်တော့
အလောင်းဟာ မျက်နှာနဲ့ လည်ပင်းနားမှာ ပွန်းပဲ့ရာတွေ
တွေ့တယ်လို့ မြင်တဲ့သူတွေက ပြောကြတယ်။

ရေနစ်ရင် ပွန်းပဲ့ဒဏ်ရာတွေ ရနေတတ်သလား။

ဒါပေမယ့် အဲ့ဒီ ရေနစ်သေဆုံးမှုဟာ မသင်္ကာစရာလို့
ယူဆဖို့တောင် သတိမရကြဘဲ (သတိရလျှင်တောင်မှ ရုံးရောက်ဂါတ်ရောက်ဖြစ်ပြီး အလုပ်ရှုပ် မခံချင်ကြတာနဲ့ ပိုင်ရှင်မဲ့အလောင်းအဖြစ်)
သာမန် မတော်တဆ သေဆုံးမှုတစ်ခုလို
ခပ်လွယ်လွယ် ပြီးသွားလိုက်တာပဲ။
ကြားနေရတဲ့ ဆိုးယုတ်မှုတွေအကြောင်း
ပြန်တွေးမိတိုင်း အတွေးတွေနဲ့ မွန်းကျပ်လိုက်ရတာ။

ဟော. . .နားထောင်စမ်း။
အနောက်ဘက်က ခြေသံလိုလို ကြားလိုက်ရသလားလို့။
ဘယ်သူလဲ။

တစ်ယောက်ယောက်
လမ်းလျှောက်ပြီး လိုက်လာသလား။
ဖျတ်ခနဲ ပြန်လှည့်ကြည့်တော့လည်း
ဘယ်သူ့ကိုမှ မတွေ့ရ။
အရမ်းမှောင်နေလို့ မမြင်ရတာလည်း
ဖြစ်နိုင်တယ်။

ဒီလမ်းဟာ လူပြတ်တဲ့လမ်း ဖြစ်တယ်။
ဒီလမ်းဟာ လုယက်မှုတွေ၊
သတ်ဖြတ်မှုတွေ ဖြစ်လေ့ရှိတဲ့လမ်း ဖြစ်တယ်။
လက်ပတ်နာရီကအစ ဓါးထောက်ပြီး လုယူကြတာမျိုးကို
မကြာခဏ ကြားရတယ်။

ကျွန်တော့်ဆီမှာ နာရီအပေါစား တစ်လုံးရယ်၊
ကျောပိုးအိတ်ထဲ ထည့်ထားတဲ့
ကင်မရာလေးတစ်လုံးရယ်၊ ပြီးတော့
လက်မှာ ရွှေလက်စွပ်ပါးပါးလေးတစ်ကွင်း ရှိတယ်။
နေပါအုန်း၊

တစ်သိန်းလောက် ပေးရတဲ့
ဖုန်းတစ်လုံးနဲ့ ငွေတစ်သောင်းကျော်ပါတဲ့
ပိုက်ဆံအိတ်လည်း ရှိသေးတယ်။
အခုလောက် တန်ဖိုးမများတဲ့ ပမာဏလေးတွေကိုတောင်
လုယက်လေ့ရှိတဲ့ လမ်းကြားကလေးမှာ
မသမာသူတစ်ယောက်ယောက်နဲ့ ရင်ဆိုင် တွေ့ဖို့က
ဖြစ်နိုင်ခြေ များလိုက်တာ။

ဗုဒ္ဓေါ!

အရိပ်ဖြူဖြူတစ်ခု ဖျတ်ခနဲ ရွေ့လျားသွားတယ်
ထင်တယ်။

ရင်ထဲမှာ ဒိန်းခနဲ တုန်သွားတယ်။
ကြက်သီးတွေ ဖြန်းခနဲထ။
ညှီနံ့တစ်ခုခု ရနေသလိုပဲ။ သေစမ်း။ ဒါ!

သွေးညှီနံ့ပဲ။ ဟုတ်တယ်။ သွေးညှီနံ့။

အခုလေးတင် သေသွားတဲ့
လူသေအလောင်းတစ်လောင်းဆီက ထွက်နေသလိုပဲ။

ဟိုအစိမ်းသေ သားအမိနှစ်ယောက်များ
တစ္ဆေဖြစ်နေပြီး အနံ့ပေး ခြောက်လှန့်တာလား။
ဒါမှမဟုတ် ဒီနားမှာ….
တစ်ယောက်ယောက်က သတ်ဖြတ်သွားတဲ့
အလောင်းတစ်လောင်းများ ရှိနေသလား။


ရုတ်တရက်ကြီး ဘွားခနဲ
သရဲတစ္ဆေတစ်ကောင်ကောင်
ကိုယ်ထင်ပြမှာကို ကြောက်ရမှာလား၊

ကိုယ့်ကို နာကျင်အောင် လုပ်ပြီး
လုယက်မယ့် လူယုတ်မာတွေကို ကြောက်ရမှာလား။
ဒုက္ခပါလားနော်။ သွေးညှီနံ့က ပိုညှီစို့လာသလိုပဲ။
ကိုယ့်အနားမှာ မကောင်းဆိုးဝါးတစ်ခုခု ရှိနေပြီလားဆိုတဲ့
သံသယကို မကြိုက်လိုက်တာ။

မကြာခင် ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်လာတော့မယ့် အန္တရာယ်အငွေ့အသက်တွေကြားမှာ
ထိတ်တလန့်လန့်
သွားလာ လှုပ်ရှားနေရတာကို မုန်းလှပါပြီ။

———————————

လမ်းလျှောက်နေရာကနေ
ခပ်သုတ်သုတ် ပြေးသွားလိုက်ချင်တယ်။
ဒါပေမယ့် ပြေးသွားလိုက်မှပဲ
ကိုယ့်အကြောက်တရားကို မသမာသူက ရိပ်မိသွားနိုင်တယ်။
ရန်သူဆိုတာက
ကြောက်မှန်းသိရင် ပိုခြောက်တတ်တယ် မဟုတ်လား။
မပြေးဘူး။

အကယ်၍များ ရန်ပြုမှုတစ်ခုခုနဲ့ ရုတ်တရက် ရင်ဆိုင်ရရင်
ကျွန်တော့်မှာ ခုခံစရာ လက်နက်တစ်ခုခုပါသလား။
ဟင့်အင်း! မပါဘူး။
အခုလို ခေတ်အခြေအနေကြီးထဲမှာ
ခလုပ်ဓါးလေးတစ်ချောင်းတော့ ဆောင်ထားသင့်ပြီ ထင်တယ်။
ဒါပေမဲ့ အရိုး/အသွား ၆လက်မလောက် ဓါးတစ်ချောင်းကို
ကိုင်မိရင်တောင် လက်နက်ဥပဒေအရ ဖမ်းလို့ရတာ ကြားဖူးတယ်။

ဒါဖြင့် အရိုး/အသွား ငါးလက်မလောက်
ဓါးခပ်တိုတိုလေးကရော
အရေးကြုံလို့ ခုခံကာကွယ်ရာမှာ
ဘယ်လောက် အသုံးဝင်နိုင်မှာ မို့လို့လဲ။

လောလောဆယ်တော့ ခေါက်ထီးလေးပါသားပဲ။
ထီးတစ်ချောင်းဟာ
ရန်သူကို တစ်ချက်နှစ်ချက်တော့
ရိုက်နှက်ကာကွယ်နိုင်မှာပါလေ။

ခေါက်ထီးကို ထုတ်ပြီး ကျစ်ကျစ်ပါအောင်လိပ်၊
အဆင်သင့် ကိုင်ထားလိုက်မိတာဟာ
တစ်ခုခုဆိုရင် အားနဲ့လွှဲပြီး ရိုက်ချပစ်လိုက်နိုင်အောင်ပါ။

———————————
ညနေတုန်းကပဲ
ဆိုးယုတ်မှု သတင်းတွေ တက်လာတာကို
Facebook ပေါ်မှာ မြင်ခဲ့သေးတယ်။

အိမ်ထဲ ကျူးကျော်ဝင်ရောက်ပြီး
လူသတ် ပစ္စည်းလုယက်မှု။
အိမ်ထဲမှာ တစ်ယောက်တည်း ရှိနေတဲ့
အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်ကို
ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးပြီး
အိမ်ထဲက ပစ္စည်းတွေ စိတ်ကြိုက်ယူငင်သွားတဲ့ သတင်း။

အော်…ကိုယ့်အိမ်ထဲမှာ နေရင်းကနေ
ရက်ရက်စက်စက် အသတ်ခံရ၊ လုယက်ခံရတဲ့ အဖြစ်။

နောက်တစ်ခုက ကျွန်တော်နေတဲ့နေရာနဲ့
သိပ်မဝေးတဲ့ မင်္ဂလာဒုံပြည်လမ်းပေါ်မှာ
Bus နှစ်စီး တိုက်မိကြတဲ့ သတင်း၊
သေလိုက်ကြတာ သောက်သောက်လဲ။

လူဖြစ်ပါလျက်နဲ့ လူလိုမသေရဘဲ ခွေးသေ ဝက်သေ
သေခဲ့ရသူတွေ ဒီနိုင်ငံမှာ ဘယ်လောက် များနေပြီလဲ။

အသေဆိုးနဲ့ သေသွားကြသူတွေအတွက်
နှမြှောတမ်းတ၊ ပူဆွေးသောကနဲ့ ကျန်ရစ်ခဲ့ရသူတွေ၊
စစ်ဘေးဒဏ်တွေကြောင့် သွေးရူးသွေးတန်း
ပြေးထွက်ရှောင်တိမ်းပြီး ကူကယ်ရာမဲ့နေရတဲ့
ဘဝတွေရော ဘယ်လောက် များနေပြီလဲ။

လူမျိုးရေး မုန်းတီးမှုတွေ၊
စီးပွားရေး ပြုန်းတီးမှုတွေ၊
အလိုလောဘကြီးသူတချို့ရဲ့ အတ္တ၊ မာန စစ်ပွဲတွေ၊
မမျှတသော အစွန်းရောက်ဝါဒတွေကို ကိုင်စွဲပြီး
တယူသန် တဇွတ်ထိုး ထင်တိုင်းကြဲနေတာတွေ …
မပြီးကြသေးဘူးလား။

လူ့အသက်တွေ၊
လူ့သွေးတွေ၊
မျက်ရည်တွေ
ထည့်ဝင် ပေးဆပ်ထားရတဲ့ သွေးချောင်းသမိုင်းလည်း
တသွင်သွင် စီးဆင်းနေရအုန်းမှာလား။
———————————

ဘယ်သူ ကူမှာလဲ။
လူသားချင်း စာနာထောက်ထားမှုတွေ။
တစ်ယောက်ကို တစ်ယောက်
ထိခိုက်နာကျင်အောင် မလုပ်မိစေဖို့
ကိုယ်ချင်းစာစိတ်တွေ လူတိုင်းရဲ့ အသိစိတ်ထဲမှာ
ကိန်းအောင်းသွားစေဖို့၊
အသေဆိုးတွေနဲ့ သေကြေပျက်စီးနေတာတွေ
အခုချက်ချင်းရပ်တန့်သွားဖို့ …

ဘယ်သူ ကူမှာလဲ။

ထိထိရောက်ရောက် ကူမယ့်သူ မရှိသေးဘူး ဆိုရင်လည်း
ကိုယ့်အသိစိတ်နဲ့ကိုယ်
လူသားအချင်းချင်းကို စာနာထောက်ထား၊
တစ်ဦးကိုတစ်ဦး မနာကျင်စေရအောင်
မေတ္တာတွေ ထားကြဖို့ ဆိုတာရော ဖြစ်နိုင်ပြီလား
အခု။

ဒါပေမဲ့…
အခုအချိန်ထိတော့
အော်ညည်းသံတွေ မရပ်သေးဘူး။
ဒဏ်ရာ အနာတရတွေဟာ သွေးမတိတ်သေးဘူး။

ဟိုမှာ၊ ဒီမှာ …
အပြစ်မဲ့တဲ့ ကလေးငယ်တွေဟာ
အနာဂတ် ပျောက်လျက်နဲ့၊
လူမှန်နေရာမှန် မရောက်သေးဘူး။

ဟောဒီ မြန်မာပြည်ထဲမှာ
သွေးသားရင်းချာတွေ ဆုံးရှုံးခဲ့ရလို့ …
ရင်ကွဲနာ ကျနေရသူတွေ …
ဟောတစ်ယောက် ဟောတစ်ယောက် ရှိနေတုန်းပဲ။

မကောင်းဆိုးဝါး မီးတောက်တွေ ကြားမှာ
ကျွန်တော်တို့
မီးခိုးမွှန်ပြီး အသက်ရှူရ ခက်နေတုန်းပဲ။

ဘယ်တော့ လာမှာလဲ? ငြိမ်းချမ်း သာယာမှု။
ဘယ်တော့ ရောက်မှာလဲ?
မျှော်လေလေ မဝေးတော့မယ့် ငြိမ်းချမ်းရေး ပန်းတိုင်။

ဘယ်တော့ ဖြစ်လာမှာလဲ?
ကျွန်တော်တို့အတွက် လုံခြုံစိတ်ချရတဲ့ အနာဂတ်။

တကယ်တော့ ဒီဆိုးယုတ်မှုတွေ ကြားမှာ
ရှင်သန်ရတာကို ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ်လှပါပြီ။
သတ္တိရှိတယ် ဆိုဦးတော့၊
ရှိတဲ့ သတ္တိကို ထုတ်မသုံးရဲလောက်အောင်ကို
တထိတ်ရွံ့ရွံ့ ဖြစ်နေကြပါပြီ။

ဒီဆိုးယုတ်မှုတွေ “မကြာခင် ပြီးသွားမှာပါလေ”ဆိုပြီး
အကောင်းဘက်ကို
မျှော်လင့်ထားကြပေမယ့်
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ
ဝေဝါးမှုန်ရီနေဆဲပါ။

ကျွန်တော် အခု လမ်းလျှောက်နေတယ်။
(၂၃) နာရီရဲ့ အမှောင်ထုထဲမှာ။
လမ်းမီးတိုင်မရှိတဲ့ မြေသားလမ်းကလေးပေါ်မှာ။
ဘွားခနဲ ထွက်လာပြီး အန္တရာယ်ပေးလာမယ့်
မကောင်းဆိုးဝါးတစ်ခုခုကိုများ
ရင်ဆိုင်ရတော့မလားလို့ ထိတ်လန့်သွေးပျက်ရင်း. . . ။
ကျွန်တော် အခု လမ်းလျှောက်နေပါတယ်။

အခုအခိုက်အတန့်ကလေးရဲ့
ကျွန်တော့်မျှော်လင့်ချက်ဟာ
အိမ်ကို ချောချောမွေ့မွေ့ ရောက်သွားဖို့ ဆိုတာကလွဲရင်
တခြား ကြီးကြီးမားမား ရှိပါ့အုန်းမလား။

မနက်ဖြန်အတွက်တောင်
မျှော်လင့်ချက် ကြီးကြီးတွေ ထားလို့မရတဲ့
တိုင်းပြည်တစ်ခုထဲမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာလည်း
နံရံပေါ်က ရွက်ဆုတ်ပြက္ခဒိန်တွေလို။

ဟိုးတလောတုန်းက ဖတ်ခဲ့ဖူးတဲ့
စာရေးဆရာမဂျူး ရေးတဲ့ စာအုပ်ကိုတောင်
ပြန်သတိရမိသေးတယ်။
အဲဒီ ဝတ္ထုထဲမှာ ဇာတ်ကောင်အမျိုးသမီး (မြဝန်းရံ) နဲ့
ဇာတ်ကောင်အမျိုးသား (ပြေမိုးငြိမ်း) တို့
နှစ်ယောက်သား
စိန်ခေါ်မှုတစ်ခုနဲ့
အလောင်းအစား လုပ်ကြတယ်။
အမျိုးသမီးက
”နေရာတိုင်းမှာ ဆိုးယုတ်မှု
အဖြစ်အပျက်တွေ ရှိခဲ့တယ်၊ ရှိနေတယ်” လို့ ယူဆတယ်။
အတိတ်မှာရော အခု လက်ရှိမှာရော ဆိုးယုတ်မှုတွေ ရှိတယ်ဆိုတဲ့
အယူအဆကို
“နေရာတိုင်းမှာ”လို့ ပြောတော့ . . .
ဇာတ်ကောင်အမျိုးသားက လက်မခံချင်ဘူး။

”ဆိုးယုတ်မှုတွေဟာ နေရာတိုင်းမှာတော့ မဟုတ်ဘူး။
အတိတ်ကလည်း ဆိုးယုတ်မှု မရှိခဲ့၊
အခုလက်ရှိလည်း အေးချမ်းနေတဲ့
နေရာတစ်ခုတော့ ရှိပါတယ်”တဲ့။

အဲဒီနေရာက မြန်မာနိုင်ငံထဲမှာပဲ” တဲ့။

အမျိုးသမီးကလည်း
လွယ်လွယ်နဲ့တော့ လက်မလျှော့နိုင်ဘူး။

“ဟုတ်ပြီ၊ ဒါဖြင့်ရင် အဲဒီနေရာမှာ ရှိခဲ့တဲ့
ဆိုးယုတ်မှုတစ်ခုခုကို ရှာဖွေဖော်ထုတ်ပြမယ်၊
ဘာကြေးလောင်းမလဲ” ဆိုပြီး
အလောင်းအစားတစ်ခု ဖြစ်ခဲ့ပါလေရော။

နောက်ဆုံးမှာတော့ . . .
ဆိုးယုတ်မှုတွေ မဖြစ်ခဲ့လောက်ပါဘူးလို့ မျှော်လင့်ထားတဲ့
အဲဒီ နေရာမှာလည်း ထင်မှတ်မထားတဲ့
ဆိုးယုတ်မှုတွေ ဘွားခနဲ ပေါ်လာအောင်
ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
(ဂျူး ရဲ့ ”ပိုချစ်ရတဲ့လူ ကိုယ်ပဲဖြစ်ပါစေ” စာအုပ်မှ)

အဲ့ဒါဟာ ဇာတ်ကောင်အမျိုးသမီးရဲ့
အလောင်းအစားအတွက်တော့ အနိုင်ရလိုက်ခြင်း
ဆိုပေမယ့် လူသားတွေရဲ့ သမိုင်းအတွက်တော့ အရှုံးတစ်ခုပါပဲ။

ဆိုးယုတ်မှုတွေဟာ
နေရာတိုင်းမှာ ရှိနေတယ်၊ ရှိခဲ့တယ် ဆိုတဲ့
အမှန်တရားကို လက်မခံချင်လို့
မရတော့တဲ့ သဘောပေါ့။

တကယ့် လက်တွေ့မှာကျတော့ရော?

အဲဒီလိုဝတ္ထုထဲ ထည့်ရေးဖို့တောင် …
မတတ်နိုင်စွမ်းတဲ့ ဆိုးယုတ်မှုတွေ ဖြစ်နေတာပါပဲ။
ဆိုးဝါးပက်စက်တဲ့ ယုတ်မာရက်စက်မှုတွေကို
ခေတ်အဆက်ဆက်မှာ
ဒီနိုင်ငံသားတွေ ကြုံခဲ့ကြရတာပဲ မဟုတ်လား။

~~~~~~~~~

ဟော—
တွေးရင်းမောရင်းနဲ့ လျှောက်လာလိုက်တာ။
အိမ်နား ရောက်တော့မှာပါလား။

ချုံနွယ်မြက်အုံတွေ ထူထပ်နေတဲ့
ဟောဟို လမ်းအကွေ့ကလေးကို ဖြတ်ပြီးရင်
ကျွန်တော့်အိမ်ကို ရောက်ပါပြီ။

ဒီလမ်းကို
မသတီခြင်းတွေနဲ့ ထိတ်လန့်စွာ ဖြတ်ကျော်ပြီးရင်တော့
ကျွန်တော့်အိမ်ကို ကျွန်တော် ရောက်ပါပြီ။

အိမ်မှာဆိုရင်
ကျွန်တော့်မေမေ ရှိတဲ့အတွက်
နွေးထွေးလုံခြုံတယ်လို့ ခံစားရမယ်။

အနည်းဆုံး ဒီတစ်ညတာအတွက် ဆိုရင်တောင်မှ
ကျွန်တော် အဲ့ဒီနွေးထွေးလုံခြုံမှုကို လိုချင်မက်မောနေပါပြီ။
ကျွန်တော့်မေမေရဲ့ မေတ္တာတွေ၊
သစ္စာတွေကြောင့်
ကျွန်တော် နွေးထွေး လုံခြုံတော့မှာပါ။

အနည်းဆုံးတော့
“နွေးထွေးလုံခြုံတော့မယ်လို့
မျှော်လင့်လို့ ရတဲ့ ခိုလှုံဖွယ်ရာ
ရင်ခွင်တစ်ခု ရှိနေသေးပါလား” ဆိုတဲ့
အတွေးနဲ့တင်
ကျွန်တော့် ခြေလှမ်းတွေကို ပိုပြီးတော့ မြန်စေပါတယ်။
~~~~~~~~~
သင့်အေးရိပ်
ရွှေအမြုတေ မဂ္ဂဇင်း၊
ဖေဖော်ဝါရီလ၊၂၀၂၀။

About သင့်အေးရိပ်

သင့်အေးရိပ် has written 20 post in this Website..