ပုဂ္ဂလိက ပိုင်ပြုခြင်းကို ဝေဖန်သုံးသပ်ခြင်း၊

wunnaMarch 29, 20101min744

ပုဂ္ဂလိက ပိုင်ပြုခြင်းကို ဝေဖန်သုံးသပ်ခြင်း၊

လက်ရှိမြန်မာအစိုးရဟာ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် စတင်ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ အခုလက်ရှိ ထင်သာမြင်သာ ဖော်ပြထားတာကတော့ စက်သုံးဆီ ရောင်းချတဲ့ အစိုးရပိုင်ဆိုင်တွေကို ပုဂ္ဂလိက ကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေခြင်း၊ နဲ့ ဆိပ်ကမ်းလုပ်ငန်းများကိုလည်း ပုဂ္ဂလိက သို့လွှဲပြောင်းပေးရန် စီစဉ်ခြင်း၊ ပညာရေး တွင်လည်း ပုဂ္ဂလိက ဝင်ရောက် လုပ်ကိုင်ခွင့်ရရန် ဖန်တီးပေးခြင်းတို့ကို တွေ့ရှိလာရပါတယ်။ (တစ်ခု ထပ်မံကြားသိတာကတော့ ကြယ်ငါးပွင့်လုပ်ငန်းကို စီးပွားရေးဦးပိုင်လောက်အောက်သို့ ပြောင်းလိုက်ပြီဆိုတာပါပဲ)

သို့ပေမယ့်လည်း ဟုတ်မလိုလိုနဲ့ လွဲနေသလို ဖြစ်နေတာကို လူအများက ဝေဖန်ထောက်ပြနေပါတယ်။ အဲဒါက အများသိတဲ့အတိုင်းပါပဲ ဒီလုပ်ငန်းတွေကို ဘယ်လိုလုပ်ငန်းရှင်တွေ လုပ်ကိုင်ခွင့်ရတယ်ဆိုတာ ပါပဲ။ ထိပ်ပိုင်းက ရားထူးကြီးတဲ့ လူတွေနဲ့ သူတို့နဲ့ နီးစပ်သူများကသာ ဒီလုပ်ငန်းတွေကိုရရှိသွားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပြောင်းလဲမှုကို အကောင်းဘက်သို့ဦးတည်တဲ့ ပြောင်းလဲမှုလို့ မယူဆပဲ နေလို့ရပေမယ့် အဆိုးဘက်သို့ပြောင်းသွားတဲ့ ပြောင်းလဲမှုလို့လည်း ယူဆလို့မရနိုင်ပါဘူး။

ဥပမာ တစ်ချို့င်ပြလိုပါတယ်။

ကျောင်းများကို ပုဂ္ဂလိကပိုင်ပြုခြင်း

ပညာရေး ဘက်မှာ ပြောင်းလဲလိုက်တဲ့ အခြေခံပညာမူလတန်းကနေ အထက်တန်းအထိ ကျောင်းတွေကို ပုဂ္ဂလိက ကို ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ဒီတော့ ဘာဖြစ်လာမယ်ဆိုတာကို ဒီလိုလေးတွေးမိပါတယ်။

၁) ငွေကြေးတတ်နိုင်သူများ ပုဂ္ဂလိက ကျောင်းများမှာ တက်ရောက်သင်ကြားပါလိမ့်မယ်။ (နောက်ဆုံးကြားသိရတာက ပုဂ္ဂလိက ဖွင့်မယ့် ကျောင်းတစ်ကျောင်းမှာ ဒုတိယတန်း အတွက် တစ်လကို ကျောင်းလခ တစ်ခုတည်းကို ၅ သောင်းကျပ်လို့ သိရပါတယ်)။ ဒီတော့ အစိုးရကျောင်း တွေမှာ လူနည်းသွားမယ်။ ရှိတဲ့လူကို ဆရာ၊ ဆရာမ တွေက ဖိဖိစီးစီး သင်ပေးတယ် (သင်ပေးနိုင်အောင် အစိုးရကစီစဉ်ပေးတယ်) ဆိုရင်တော့ ဖြင့် နှစ်ဦး နှစ်ဖက် အကျိုးရှိမှာ အမှန်ပါ။

၂) ငွေကြေးတတ်နိုင်သူများ ပုဂ္ဂလိက ကျောင်းများမှာ တက်ရောက်သင်ကြားမည်။ အစိုးရကျောင်းမှ နာမည်ကြီး ဆရာ၊ ဆရာမများ ပုဂ္ဂလိက ကျောင်းသို့ပြောင်းရွှေ့လုပ်ကိုင်ကြမည်။ အစိုးရကျောင်းတွင် ပညာသင်ကြားပုံမှာ ဘာမှ မတိုးတက်။ ဒုံရင်း က ဒုံရင်းသာ။

အထက်ပါအကြောင်းအရာ ၂ ခု တွင် နံပါတ် (၁) သာ ဖြစ်ပေါ်လာပါက၊ တိုးတက်မှုဟု ဆိုနိုင်ပီ။ နံပါတ် ၂ သာဖြစ်ပေါ်လာပါက အရင်အတိုင်းသာဖြစ်တယ်။ ဆုတ်ယုတ်မှုလို့ မယူဆနိုင်။

ဆိပ်ကမ်းလုပ်ငန်းများကို ပုဂ္ဂလိက ပိုင်ပြုခြင်း

တစ်ကယ်လို့များ စာဖတ်သူများထဲမှာ နိုင်ငံခြား သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများကို ဆောင်ရွက်ဖူးတယ်ဆိုရင် အစိုးရပိုင် ဗိုလ်တစ်ထောင် ဆိပ်ကန်းနဲ့ ပုဂ္ဂလိက ပိုင် အေးရှားဝေါ ဆိပ်ကမ်း မည်သည့် ဆိပ်ကမ်းတွင် ကုန်ပစ္စည်း ထုတ်ယူခြင်း တင်ပို့ခြင်း လုပ်ရတာ ပိုအဆင်ပြေ တယ်ဆို တာ ထင်းကနဲ သိသာမှာဖြစ်ပါတယ်။ (ကာစတန် အော်ဖစ်ဆာကို ပေးရတာ ကို မဆိုလိုပါ။ လုပ်ငန်းဆောင်ရွက်တာမှာ မြန်ဆန်မှုနဲ့ ချောမွေ့မှုကို ဆိုလိုပါတယ်။

စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက ပိုင်ပြုခြင်း

အရင်တုံးက အစိုးရဟာ ချမ်းသာလို့ ကားစီးနိုင်တဲ့သူတွေကို ၁၅ဝ ကျပ်၊ ၁၈ဝ ကျပ်နဲ့ အရှုံးခံပြီး စက်သုံးဆီတွေ ရောင်းပေးနေတယ်။ (အရှုံးခံရောင်းလို့ ပပုဂ္ဂလိက ခရီးသွားလာရေး သယ်ယူပို့ဆောင်ရေး သက်သာတယ်ဆိုတာက နည်းနည်း၊ သူဌေးတွေကို ၁၅ဝ ကျပ်၊ ၁၈ဝ ကျပ်နဲ့ ထောက်ပံ့ပေးနေတာက များများဖြစ်နေတယ်) အခု ဈေးတက်ပြီး ရောင်းနေတဲ့ဈေးကလည်း နိုင်ငံတစ်ကာ ဈေးထက် နည်းနေသေးတာပဲ။ ဒီတော့ ပုဂ္ဂလိက ကို ပေးလိုက်ရင် ကားစီးနိုင်တဲ့ သူဌေးတွေ နိုင်ငံတစ်ကာဈေးနဲ့ ဝယ်စီးပေါ့။ အစိုးရ အနေနဲ့ အဲ့ဒီ လုပ်ငန်းတွေက ရတဲ့ အခွန်ငွေတွေနဲ့ public transportation ကို တိုးတက်အောင် အဆင်ပြေအောင်စီစဉ်ပေးပေါ့။

တစ်ခုတော့ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကိုတော့ သာမန် ပြည်သူများအတွက် ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ဒါကြောင့် အခု ပုဂ္ဂလိကပိုင်ပြုခြင်းသည် ဆုံးယုတ်မှုသို့ မသွားသော ပြောင်းလဲမှုသာဖြစ်တယ်လို့ ယူဆပါတယ်။

(ဒီနေရာမှာ နိုင်ငံရေးနဲ့ ပတ်သက်သော အမြင်များကို ထည့်သွင်းမကြည့်ပဲ တွေးထား၊ ရေးထားခြင်းဖြစ်ပါတယ်)

4 comments

  • susunosuki

    April 18, 2010 at 5:12 pm

    ဒီလို ပုဂ္ဂလိကပိုင်လုပ်တာကောင်းပါတယ်
    အပြိုင်အဆိုင်များတော့ တိုးတက်နိုင်တယ်
    ရုပ်ရှင်ရုံတွေမှာ မှောင်ခို မရောင်းတော့တာကောင်းတယ်
    ဆီဆိုင်မှာ ဆီ လျှော့ချင်ပြီး မရောင်းတော့တာကောင်းတယ်
    လက်ဘက်ရည် ဖိုးဆိုတာ နေရာမှန်ပြန်ရောက်သွားတော့မှာ
    အထူးသဖြင့် လဝက ကို ဒီလိုလုပ်စေချင်တယ်
    လာလ်စားလွန်းတယ်

  • kopauk mandalay

    May 5, 2010 at 12:17 am

    အထိုက်အလျှောက်လွတ်လပ်ခွင်.လုပ်ပိုင်ခွင်.ရတယ်ဆိုတယ်ဆို လုပ်ကိုင်ခွင်.မရတာထက်စာရင် အများကြီးကောင်းတယ်လို.ယူဆပါတယ်။
    ဟိုအရင်ကတည်းက ပေးထားသော အခွင်.အရေးတွေကို အလွဲသုံးစားလုပ်ခဲ.တာတွေကို ပပျောက်အောင်မလုပ်သေးသမျှကာလပါတ်လုံး
    ဘယ်လိုပြောင်းပြောင်း ဒုံရင်းဒုံရင်းဘဲ ဖြစ်နေအုံးမှာပါဘဲ။
    တကယ်လိုအပ်တာက အတွေးအခေါ်ခြွတ်ခြုံကျနေတဲ.လူတွေရဲ.စိတ်ကို အရင်ပြောင်းရမှာပါ။
    ဆိုင်းဘုတ်ပြောင်းသွားတာထက် အနှစ်သာရပြောင်းမှ ရလဒ်ပါပြောင်းမှာပါ။

  • လင်းဝေကျော်

    June 8, 2010 at 8:57 am

    yes, နိုင်ငံတကာပေါက်ဈေးနဲ့ စက်သုံးဆီတော့ ဝယ်သုံးချင်ပါတယ်။
    ဒါပေမယ့် နိုင်ငံတကာထက် ဈေးများနေတဲ့ ကားအစုတ်တွေ ကိုလည်း နိုင်ငံတကာလို အသစ်လေးတွေစီးခွင့်ပေးမှ မျှတမှာပေါ့…
    နော့ အစုတ်ကြီးတွေကို နိုင်ငံတကာ ဆီဈေးနှုန်းဘာဖြစ်လို့ပေးပြီးမောင်းရမှာတုန်း။

  • htethtet

    June 8, 2010 at 9:23 am

    အခု တပြည်လုံးမှာရှိတဲ့ စွမ်းအင်လက်အောက်မှာရှိတဲ့ MPPE က ဝန်ထမ်းတွေ
    ရှယ်ခိုးလို့ အကောင်းဆုံးပေါ့ သိချင်လား
    ဆီထဲ့ရင်း ဘေးကို တစ်ချက်မငေးလိုက်နဲ့ ဒေးဗစ်ကော်ဖာဖီးထက်တော်တယ်
    ၁ ဂါလံ အသာလေးဘဲ ဒါ ၆ ဂါလံထုတ်တာနော်
    ဆိုင်မန်နေဂျာတွေကို တိုင်းအရာရှိတွေက လိမစ် ပါမစ်ပေးထားပြီးသားလေ
    ဆက်ကြေးက ၁ လ အနဲဆုံး ၁ဝ ပုံးတဲ့ တိုင်လို့ ဆပ်ပလိုင်းချက်က ဖုန်းသံပေးပြီးဝင်လာတာ
    ဘယ်တော့မှမမိဘူး
    အခု ပုဂလိကဆိုင် ဆိုတော့ ဒါမျိုးတွေမရှိလောက်ပါဘူး
    ဝမ်းသာပါတယ်

Leave a Reply