၂၀၂၂ ယခုနှစ်တွင် ၂၀၂၀ကောက်ခံခဲ့သော သန်းခေါင်စာရင်း၏ အသေးစိတ်ရလဒ်တို့ထွက်လာမည်ဖြစ်ပါသည်။ အမေရိကပြည်၏ လွှတ်တော်ခုံနေရာများ လူမျိုးစုနိုင်ငံတူအုပ်စုများ ဆင်းရဲချမ်းသာ လူများစု/လူနည်းစုတို့ကို ကိန်းဂဏန်းဖြင့်ပြတ်သားစွာဆုံးဖြတ်ချက်ကျမည့်နှစ်ဖြစ်သည်။ MSMသတင်းများတွင် ၂လတကြိမ်မျှပါလာတတ်သော အမေရိကားရောက်မြန်မာကွန်မြူနတီသို့ရှေ့ရှုသုံးသပ်ရေးပါမည်။

“ပထမမြန်မာ-အမေရိကန်များ”
အမေရိကားသို့မြန်မာစတင်ရောက်ရှိသည်ဟုမှတ်တမ်းရှိသည်မှာ ၁၈၅၈ရောက်ရှိသူမောင်ရှောလူးဖြစ်၏။ အမေရိကားမှ ဆရာဝန်ဘွဲ့ရပြီးနောက်မြန်မာပြည်သို့ပြန်သွားဇတ်မြုတ်သဖြင့် ပထမအခြေချသူဟုမဆိုနိုင်။ သီပေါမင်းလက်ထက် ၁၈၈၄တွင် တောင်တလုံးအမည်ရဆင်ဖြူတစီးအား အမေရိကားရှိ ဆက်ကပ်အဖွဲ့သို့ရောင်းချဖူးသည်မှတ်တမ်းရှိသဖြင့် အဆိုပါဆင်ဖြူနှင့်အတူလိုက်ပါသွားသူ ဘိုးချူးနှင့်ဘချူးဆင်ထိန်း၂ဦးမှာလည်း အမေရိကားတွင်အခြေချနေသူများဖြစ်နိုင်သည်။ ၁၈၈၈တွင်မျက်နှာ၌ပင်အမွှေးအမျှင်များရှိသူ မြန်မာမိသားစုတခုအားလည်း အဆိုပါဆက်ကပ်အဖွဲ့မှ P.T Barnum ကပင်စာချုပ်နှင့်ခေါ်ဆောင်သွားသည်ဟု သတင်းရှိသည်။ အဆိုပါမိသားစုဝင်များ(မောင်ဘိုးဆက်နှင့်မမီး)မှာဝါရှင်တန်တွင်နောက်ဆုံးသိရှိလျှက်တိမ်မြုတ်သွားခဲ့၏။
မြန်မာဂဇက်သတင်းစာအနေဖြင့်လူတွေ့မေးမြန်းဖူးသူမှာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ၁၉၄၈မတိုင်ခင်ကရောက်ရှိခဲ့ပြီး အမေရိကန်အမျိုးသမီးနှင့်အိမ်ထောင်ကျ အခြေချသူဖြစ်သည်။ ထို့နောက်ဦးနု၏ ပြည်တော်သာစီမံကိန်းများအရ အမေရိကားသို့ပညာတော်သင်များအသုတ်လိုက်‌ရောက်လာကြပြီး ထိုသူများထဲမှ အခြေချသူအချို့ရှိပါသည်။ အင်တာဗျူးလည်းလုပ်ဖူးပါသည်။

“ဦးနေဝင်းပြေးများ”
မြန်မာနိုင်ငံရောက်လုပ်ငန်းရှင်သူဌေးကြီးများနှင့်ပညာတတ်များ နိုင်ငံခြား(အိန္ဒိယ၊ ချိုင်းနား)မွေးသူများနှင့်မြန်မာပြည်ပေါက်များ အလုံးအရင်းနှင့်ထွက်ခွာကြရန်ကြိုးစားကြသည်မှာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးနောက်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ဆက်သိမ်းကာ တရုတ်၊အိန္ဒိယနွယ်သားလုပ်ငန်းရှင်အများအပြားအား အချို့ပြည်နှင်ဒဏ်ပေး၊ အချို့ကို ဖမ်းစီး။ အချို့ကိုသတ်ဖြတ် လုပ်ချင်ရာလုပ်ခဲ့ကြသည်။ စူဇကာစစ်ဆင်ရေးကဲ့သို့ဖြင့်လုပ်ငန်းရှင်ပညာတတ်များအား နှိပ်ကွပ်နှင်ထုတ်ပွဲကြီးများကျင်းပခဲ့သည်။ အာဏာသိမ်းပြီးပြီးချင်းနှစ်များတွင် ဦးနုခေတ်ပညာတော်သင်များနိုင်ငံခြားသို့ထွက်ခွာခွင့်မရသေး။ ရတနာနတ်မယ်ကိစ္စအကြောင်းပြုပြီးမှ လဝကဥပဒေပြင်ဆင်ထွက်ခွာခွင့်ပေးခြင်းဖြစ်ရာ ထိုနှစ်များတွင် ပညာတတ်များနှင့် အဆက်အသွယ်ရှိသူများ အလုံးအရင်းပြည်‌ပြေးခဲ့ကြသည်။ ဆန်စပါးရှားပါးမှုအကြောင်းပြု လူထုကိုအာရုံလွှဲဖန်တီးခဲ့‌သော တရုတ်-ဗမာအရေးအခင်း (၁၉၆၇)တွင်လည်း မြန်မာမပြည်ပေါက်တရုတ်များ သောင်းချီပြည်ပသို့ထွက်ခွာ၍ ဟောင်ကောင်၊မကာအို၊ထိုင်ဝမ်၊ဥရောပနှင့်အမေရိကသို့လည်းပြေးခဲ့ကြသည်။ ၁၉၇၄ အလုပ်သမားအ‌ရေးအခင်း။ ဦးသန့်အရေးအခင်း တို့တွင် ဗမာများကိုနိုင်ငံရေးအရသတ်ဖြတ်နှိပ်ကွပ်အုပ်ချုပ်ခဲ့သည်။ ထိုစဥ်ကအမေရိကားပြည်ဝင်ခွင့်မှာ လွယ်ကူလှသလို ဘွဲ့ရပညာတတ်များအတွက်လည်း ဗီဇာနှင့်အမြဲတမ်းနေခွင့်ပေးနေချိန်ဖြစ်ရာ အမေရိကားသို့ထောင်ချီအခြေချနိုင်ခဲ့ကြ၏။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတဝိုက်နှင့် နယူးယောက်မြို့ လော့စ်အိန်ဂျလိစ်မြို့များသို့အခြေချသူများပါ၏။ အမေရိကားသို့ ပထမအများဆုံးရွေ့ပြောင်းမှုကြီးဆိုပါစို့။
ထိုမျိုးနွယ်ဆက်တို့သည် မိမိတို့၏အသက်အိုးအိမ်စည်းစိမ်ကိုဖျက်စီးခဲ့သောမြန်မာပြည်/ဦးနေဝင်းအစိုးရနှင့်မဆက်ဆံလို အချို့မှာရော၍မြန်မာကိုစိတ်နာ၍ပင်နေကြပါ၏။ မြန်မာစကားလည်းမပြောသူအများစုပါ။ ထိုထိုမျိုးဆက်တို့သည် ယခုအနှစ်၅၀ကျော်သောအခါမိဘဆွေမျိုးများအဆင့်ဆင့်ခေါ်သူများ အမေရိကမြေတွင်မွေးဖွားကြီးပြင်းသူများနှင့်ထည့်တွက်လျှင် မျိုးဆက်၃-၄ဆက်၌လူ၂သိန်းအနည်းဆုံးရှိပါ၏။ ထိုခေတ်ကထွက်ခွာခဲ့သူ တရုတ်တဦး၏ပြောကြားချက်အရ သူတဦးထဲနှင့်ပင် ဆွေမျိုးအယောက်၅၀ကျော်ကို စပွန်ဆာလုပ်အမေရိကားခေါ်ဖူးသူဖြစ်ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်တွင် ဗမာနှင့်မြန်မာတိုင်းရင်းသားများ ပြည်တွင်းပိတ်မိထောင်ကျ ကမ္ဘာကြီးအခြေအနေကိုမသိ အဆက်ပြတ်နေသောမှောင်ခိုခေတ်ကြီးပါ။ ၁၉၈၂ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေပြု၍ တပြည်ထောင်သား ပြည်တွင်းမွေးဖွားသူများကို နိုင်ငံခြားသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ အဆင့်ဆင့်ခွဲခြားဖြုတ်ပြန်ရာ ထိုဥပဒေအရ မြန်မာနိုင်ငံမှထွက်ခွာပြေးရသူ သိန်းချီရှိဦးမည်မှန်းပါသည်။ ပတ်စ်ပို့လုပ်ရခက် နိုင်ငံခြားငွေမြင်ခွင့်ကိုင်ခွင့်မရှိသောခေတ်ဆိုးကြီးတွင် စစ်အာဏာရှင်မိသားစုများ၏ အဆက်အသွယ်သင်္ဘောသားများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာတော်သင်အစိုးရဝန်ထမ်းအချို့သာ နိုင်ငံခြားအလွယ်ထွက်ငွေရှာခွင့်ရ၏။

“၈၈ မဟာမြန်မာရွေ့ပြောင်းမှုကြီး”
တိုင်းပြည်သည်လည်းစုတ်ပြတ်လာခဲ့ရာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC)အဆင့်သို့သက်ဆင်းပြီး ၁၉၈၈တွင် အရေးတော်ပုံကြီးပေါ်ပေါက်၍ မဆလလည်းဖျက်သိမ်း တိုင်းပြည်လည်း စစ်အာဏာသိမ်းခံရပြန်ပါသည်။ ဗိုလ်ချုပ်မှုးကြီးစောမောင်ခေတ်တွင် တိုင်းရင်းသား၁၄၄မျိုးမှသည် မြန်မာ-အိန္ဒိယနှင့် မြန်မာ-တရုတ်ကိုဖြုတ်၍ ၁၃၅မျိုးတရားဝင်သတ်မှတ်ခဲ့သည်။ ၁၉၉၀ရွေးကောက်ပွဲလုပ်ပေးပြီး စစ်တန်းလျားပြန်မည်စကားကျွံခဲ့သည်။ ၁၉၉၂ဧပြီလတွင် ဗိုလ်ချုပ်မှုးကြီးသန်းရွေအာဏာသူဝှက်လုသည်။ အာဏာသိမ်းချိန်မှ တောခိုပြန်တော်လှန်သူများ ပြည်တွင်းစစ်ပွဲများကြောင့် Refugee ပြောင်းခိုသူများသန်းချီခဲ့ရာတွင် UNHCR အရတရားဝင်မှတ်ပုံတင်၍ တတိယနိုင်ငံများသို့လျှောက်ထား Refugeeအဖြစ်သွားနိုင်သူများသိန်းချီခဲ့ပါ၏၊ ထိုအသုတ်တွင် အမေရိကားသို့ပထမဆုံး ပြောင်းခိုအခြေချနိုင်သူတို့မှာ ၁၉၉၁ဟု အင်တာဗျူးအရမှတ်ဖူးသည်။ ထိုပထမအသုတ်အရရောက်လာRefugee တဦးသည် ယခု၂၀၂၂အထိတွင် လူ၆ဦးကို အမေရိကားသို့အမြဲတမ်းအခြေချနေထိုင်ရန်ခေါ်နိုင်ခဲ့၏။
အမေရိကား၏ပြည်ဝင်မှတ်တမ်းများအရ ၂၀၀၀မှ ၂၀၂၁အထိ အမေရိကားသို့ပြောင်းခိုသူ မြန်မာများအရေအတွက်မှာ ၁၈၀၆၀၁ဦးဖြစ်သည်။ ပထမမြန်မာနိုင်ငံတည်သော အနော်ရထာခေတ်မှကြည့်လျှင်မြန်မာ့သမိုင်းတွင် မြန်မာနိုင်ငံသားများ အဖနိုင်ငံကိုစွန့်ခွာ အပြေးများဆုံးသော မဟာမြန်မာရွေ့ပြောင်းမှုကြီးပါပေ။ မြန်မာနိုင်ငံမှယခု၂၀၂၂အထိလစဥ်ဝင်နေဆဲပါ။ ရိုဟင်ဂျာများလည်း သောင်းချီရောက်ရှိအခြေချနေပါပြီ။ မြန်မာပြောင်းခိုသူဦးရေသည် အမေရိကား၏ Refugee လက်ခံစာရင်းတွင်အများဆုံးဖြစ်ဖူးသည်။
၁၉၉၁မှရောက်လာသူများဖြစ်သည့် တတိယမျိုးဆက်( အမေရိကပြည်ပေါက်သားသမီး/မြေး)ဝင်သွားသည့် မြန်မာပြောင်းခိုသူများအားလုံးထည့်တွက်လျှင် မြန်မာ့အိမ်ထောင်စုနှုန်း၄.၄ဦး၊ အမေရိကန်အိမ်ထောင်စုပျမ်းမျှ၃.၂၃ဦး(၂၀၁၉)နှင့်ချိန်ဆပါက အနည်းဆုံး၆သိန်းသော မြန်မာမျိုးဆက်ကိုတွက်ဆ၍ရသည်။

“မဲပေါက် ဗီဇာလျှောက် ခိုလှုံခွင့်သမားများ”
အမေရိကား၏ Diversity Visa စနစ်ကို ၁၉၉၀တွင်စတင်သည်ဟုဆိုသည်။ နှစ်စဥ်မဲပေါက်သူတို့တွင် တပါတည်းခေါ်နိုင်သူအိမ်ထောင်ဖက်၊ သက်မပြည့်သားသမီးတို့ထည့်တွက်ပါက နှစ်၃၀တွင်း ဒုတိယမျိုးဆက်ဝင်သွားသူများနှင့် မဲပေါက်အခြေချသူ မြန်မာ၅သောင်းအထက်ရှိမည်။
မြန်မာနိုင်ငံမှ အမေရိကားသို့ကျောင်းတက်လာရင်း အိမ်ထောင်ကျအခြေချသူများ။ H1B,L1 စသည့်ဗီဇာတို့မှ အမြဲတန်းနေထိုင်ခွင့်(ဂရင်းကဒ်) ထိုမှယူအက်စ်နိုင်ငံသားအဖြစ်ပြောင်းသူ ဆရာဝန်၊နပ်စ်၊အင်္ဂျင်နီယာ၊အိုင်တီပညာရှင်၊စီးပွားရေးလုပ်ငန်းရှင်များရှိပါသေးသည်။
အချို့မှာ အမေရိကားသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်အောင်ဝင်လာ၍ နိုင်ငံရေးခိုလှုံခွင့်လျှောက်နေသူများဖြစ်ပါသည်။ လွန်ခဲ့သော ၅နှစ်ကျော်ကမှတ်ဖူးသောသတင်းဌာနတခု၏စာရင်းအရ ၇သောင်းရှိသည်။ ယခုအထိမူ ၁သိန်းကျော်လေပြီ။ ထိုထိုသူတို့၏ အိမ်ထောင်ဖက် မျိုးဆက်မှာလည်း နှစ်၃၀ကျော်ခရီးတွင် ပေါင်း၂သိန်းကျော်ပါပြီ။

“၂၁ရာစု အစရွေ့ပြောင်းမှု”
၂၀၂၁ ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တည်ငြိမ်နေသောနိုင်ငံရေးကို အတင်းလှုပ်ခါ အရေးပေါ်အခြေအနေကြေညာ အာဏာထိန်းသည်ဆိုကာတက်အုပ်ချုပ်ပြန်ပါသည်။ လူထောင်ချီကိုမြို့တွင်းလမ်းများပေါ်တွင်ပစ်ခတ်သတ်ဖြတ်၍ တောတွင်းနှင့်EAO နယ်များသို့ မြန်မာလူငယ်/လူရွယ်များကိုတွန်းထုတ် လက်နက်ကိုင်တော်လှန်ကြစေရန်ပြုလုပ် ၁၉၈၈စာအုပ်ကြီးအတိုင်းလုပ်ခဲ့သည်။ တပ်မတော်ကကာကွယ်စောင့်ရှောက်ရမည့် ပြည်တွင်းမြို့/ရွာများကို ခေတ်မှီတိုက်လေယာဥ်များသုံး ပစ်ခတ်ဗုံးကြဲအစွမ်းပြနေလေ၏။ ယခုအခြေအနေအရ ၂၀၂၁တွင်း အာဏာသိမ်းတနှစ်မပြည့်မှီတွင်ပင် အမေရိကားသို့ပြောင်းခိုသူများ စရောက်လာပေရာ ၁၉၈၈ မဟာမြန်မာရွေ့ပြောင်းမှုစံချိန်ကို ချိုးနိုင်မည်တွက်ဆ၍ရသည်။ အမေရိကမြေသို့ မြန်မာများ သိန်းချီထပ်၍ရောက်လာဦးပေမည်။ အိမ်ရှင်/ဧည့်သည်မရှိပါ။ အမေရိကားမှကြိုဆိုပါ၏။

“ကွန်မြူနတီပျောက် မြန်မာ-အမေရိကန်၁သန်း”
၂၀၁၀နှင့် ၂၀၂၀ အမေရိကား၏ ၁၀နှစ်တကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်းတွင် ဤသူသည် အတိုင်းအတာတခုထိ ပါဝင်လုပ်အားပေးဖူးသည်။ အမေရိကနိုင်ငံတွင်းတခုတည်းသော မြန်မာပုံနှိပ်မီဒီယာအနေဖြင့် ကြော်ငြာများလက်ခံ၊ သန်းခေါင်စာရင်းဖလိုင်ယာအချို့ကို မြန်မာဘာသာပြန်ပေး ဖြန့်ဝေဖူးသည်။ ၂၀၁၀တွင် အမေရိကားရောက်မြန်မာဦးရေမှာ ၁၀၀၂၀၀နှင့် ၂၀၂၀အတွက် တရားဝင်မထွက်လာသေး။ လစဥ်ဆာဗေးလုပ်တွက်ချက်ကောက်ခံနေသော ACS(American Community Survey) အရမူ မြန်မာ၁၈၉၁၀၈ဦး(၂၀၁၉)ဟုပြဆိုနေသည်။ ထိုဂဏန်းသည် တရားဝင်ပြောင်းရွေ့အခြေချလာသော မြန်မာRefugeeအရေအတွက်ပင်မရှိ။
အထက်ပါတွက်ချက်ပြမှုများအရ အမေရိကားသို့ပြောင်းခိုအခြေချသူ မြန်မာဇာတိနွယ်တို့ဦး‌ရေမှာ ၁သန်းဝန်းကျင်ရောက်နေပြီဟု တွက်ဆနိုင်ပါသည်။ မြန်မာများမည်သို့ဖြစ်ကြသနည်း?
ဖက်ဒရယ်အစိုးရ၏ တွက်ချက်မှုများအရ Latinx ဇာတိနွယ်တို့သည် သူတို့၏မျိုးဆက် ၃-၄ဆက်အထိ စပင်န်းနစ်စကားပြော Hispanicsအဖြစ်သာသတ်မှတ်ဖြည့်စွက်ကြသည်ဆိုသည်။ မြန်မာတို့မှာ ဒုတိယမျိုးဆက်တွင် မြန်မာမေ့ပြီလော။ တိုင်းရင်းသားတို့ Burmese ထည့်မယူကြသလော။ ရိုဟင်ဂျာတို့ Burma မှလာသူများဟုမဖြည့်သလော။ တရုတ်/အိန္ဒိယနွယ်များ Chinese/Indian သာဖြည့်သလော။

သန်းခေါင်စာရင်းကောက်လူဦးရေဟူသည် လာရာနိုင်ငံတူများအုပ်စုဖွဲ့ ဖက်ဒရယ်/ပြည်နယ်အစိုးရဆီမှ အင်အားပြ ထောက်ကူမှုနှင့်အသိအမှတ်ပြုမှုကိုရယူရန်သာဖြစ်သည်။ မြန်မာဇာတိနွယ်များအင်အားသန်းချီဖြင့် အိမ်ဖြူတော်နှ့်ကွန်ဂရက်ကို အသံလွမ်းမိုးနိုင်သည်။ နိုင်ငံ‌ရေးသမားများအကူအညီရယူနိုင်သည်။ နိုင်ငံရေးသမားလည်း တက်လုပ်နိုင်သည်။ အလုပ်အကိုင်အခွင့်အလန်းလည်းပိုရနိုင်သည်။
ဒေတာများကြည့်လျှင် မြန်မာကို မြန်မာကရှောင်ကျဥ်နေကြသည်မှာသေချာသည်။

“ဘယ်ရောက်ရောက်မြန်မာ မဖြစ်စေရ”
ACS အချက်အလက်နှင့်ဆာဗေးများအရ အမေရိကားနေမြန်မာတို့၏ပျမ်းမျှဆင်းရဲနှုန်း(ဝင်ငွေနိမ့်)မှာအများဆုံးဖြစ်နေသည်။ တနိုင်ငံလုံး ပျမ်းမျှ၁၃%တွင် အေရှန်း-အမေရိကန် ၁၀%နှင့် မြန်မာ-အမေရိကန်က ၂၅%ဟုပြ၏။ အခြားအညွန်းကိန်းများ အားလုံးလိုလိုတွင် မြန်မာသည် အမေရိကား၏ပျမ်းမျှကိုမမှီသလို အေရှန်းများတွင်လည်း အဆိုးဆုံးထဲသွားပါနေလေသည်။
မြန်မာနိုင်ငံသည် Global Climate Risk Indexအရ ဆယ်စုနှစ်၂ခုတွင်း ကမ္ဘာ့အဆိုးဝါးဆုံးရာသီဥတုခံ၅နိုင်ငံအတွင်းအစဥ်ဝင်နေသောနိုင်ငံ။ ကမ္ဘာဖွံ့ဖြိုးမှုအနည်းဆုံးLDC နိုင်ငံတခုဖြစ်ရာ အမေရိကားသို့ရောက်ရှိနေသူမြန်မာများမှာလည်း ထိုစရိုက်ဓလေ့တို့နှင့်ဖြစ်ရကား အဆင်းရဲဆုံးကိုထိန်းလျှက်သားသာနေ၏။ နိုင်ငံရေးစနစ်ကြောင့်လော၊ ဓလေ့ထုံးတမ်းနှင့်လူမှုရေးအပြစ်ကြောင့်လော သုံးသပ်ကြည့်သင့်လှသည်။ ဤသို့ဆိုလျှင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်းသာဖြစ်ပေလိမ့်။ နာပါ၏။

သို့ဆိုလျှင်..
မြန်မာဟာ မြန်မာပဲမဖြစ်သင့်။ ခေတ်နှင့်မလျှော်ညီသောယဥ်ကျေးမှု ဓလေ့ အတွေးအခေါ်များကို ဆက်မခံသင့်။ ပြင်ရမည်ဖြစ်သည်။ ပြင်မည်ဆိုလျှင် စိုးအုပ်ထားသောလူကြီးမျိုးဆက်များက နေရာဖယ်ပေးရပေမည်။
Silentနှင့် Baby Boomer တို့နောက်ဆုတ်ရမည့်အချိန်ပါ။ အမေရိကားတွင် ထိုမျိုးဆက်ကြီးတို့မှမွေးသော ဒုတိယ(သားသမီး)၊ တတိယ(မြေး)၊ အချို့စတုတ္ထ(မြစ်) မျိုးဆက်သို့ဝင်လာသူအချို့ရှိပါ၏။ မြန်မာဟုအမည်မရှိ။ မြန်မာကိုရှောင်၍ မြန်မာနှင့်ဝေးလျှက်နေသည်။ မျိုးဆက်သစ်တို့ကိုနေရာပေးရမည်။
အမေရိကပြည်ပေါက်မြန်မာ-အမေရိကန်တို့ မြန်မာကွန်မြူနတီကိုဦးဆောင်ကြရမည့်အချိန်ဖြစ်ပါသည်။ ထိုမျိုးဆက်မှာ Ivy League ကျောင်းများတွင်ရှိနေသည်၊ ပညာရေးတွင်ထူးချွန်ကြသည်။ ကျောင်းပြီးဘွဲ့ရကြသည်။ ပရိုဖက်ရှင်နယ်များလည်းရှိသည်။ ဆိုင်ရာပရိုအလုပ်ဝင်သွားကြသူများလည်း လစာကောင်းကြသည်။
အမေရိကပြည်ပေါက် GenX,Y,Zများခင်ဗျား..
သန်းချီရှိနေသော မြန်မာဇာတိနွယ်တို့ကို ဦးဆောင်၍ ရေချိန်မြင့်လာအောင်ပြုပေးကြစေလိုပါသည်။
ကမ္ဘာ့အကောင်းဆုံးဒီမိုကရေစီနိုင်ငံတွင်မြန်မာဇာတိနွယ်တို့ ရေမြင့်တွင်ကြာတင့်နိုင်ပါစေသတည်း။

About kai

Kai has written 1059 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.