မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – ဖေဖော်ဝါရီ ၂၀၂၂

kaiFebruary 19, 20221min21050

မြန်မာဂဇက်အယ်ဒီတာ့သင်ပုန်း – ၂၀၂၂ ဖေဖော်ဝါရီ
“Sino-Russian မဟာမိတ်”
လွန်ခဲ့သောနှစ်ငါးဆယ်၏ဖေဖော်ဝါရီလ ၂၁က သမ္မတရစ်ချက်နစ်ဆင်သည် ချိုင်းနားပြည်သို့ဆိုက်ရောက်သွားပြီးချူအင်လိုင်း၊မော်စီတုံးတို့နှင့်တွေ့ဆုံခဲ့သည်။ စစ်‌အေးခေတ်၏အကြီးဆုံးပြိုင်ဖက်ရုရှားနှင့်ချိုင်းနားကြား သူတို့ချင်းဝေးကွာအောင်ပြုနိုင်ခဲ့၏။ ယခုမူကားပြောင်းပြန်။ ဆောင်းအိုလံပစ်ဖွင့်ပွဲဖေဖော်ဝါရီ၄ရက်နေ့က သမ္မတရှီနှင့်သမ္မတပူတင်တို့ကိုယှဥ်တွဲလျှက်တွေ့ကြရ၏။ ယိုင်နဲ့သွားသော အမေရိကား၏စူပါပါဝါကို ဖိနင်းရင်း ကမ္ဘာသစ်အတွက် နိုင်ငံပါဝါစဥ်စာရင်းသစ်ပြုစုရန်အသင့်ပြင်လာနေကြပုံဖြစ်ပါသည်။
ရုရှားသည် ဒုကမ္ဘာစစ်ပြီးခေတ်တွင် အမေရိကား၏အဓိကပြိုင်ဖက်ဖြစ်ပြီး စစ်အေးခေတ်တလျှောက် ၁၉၄၅-၉၁လုံးတွင် ကြီးစွာခြိမ်းခြောက်နိုင်ခဲ့သူဖြစ်၏။ ၁၉၈၉ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် စစ်အေးနေရာတွင် အစွန်းရောက်ဘာသာရေးအခြေပြုအရှေ့အလယ်ပိုင်းအာရပ်နိုင်ငံများ၏ စစ်ပူတို့ဖြည့်ဝင်လာသည်။ အီရတ်စစ်၊အာဖဂန်စစ်၊အာရပ်ရုန်းကန်မှုများနှင့်ဆီးရီးယားစစ်ပွဲတို့နောက် အိုင်းစစ်၏ထိပ်တန်းခေါင်းဆောင် ကေးလက်ဖ်၂ဦးလုပ်ကြံခဲ့ရပါသည်။ အာဖဂန်နစ္စတန်သို့ဝင်ရောက်ထားမှုကို အစိမ်းဖြတ်,ဖြတ်ကာ အမေရိကန်တို့ထွက်ခဲ့ချိန်ဝယ် အရှေ့တွင် နဂါးကြီးမှာအမောက်ထောင်ထ ရုပ်လုံးကြွနေပါပြီ။


“အနောက်ဆင်း၍အရှေ့တက်”
အနောက်နိုင်ငံတို့၏အဓိကနိုင်ငံရေးအယူအဆ လွတ်လပ်ကမ္ဘာနှင့်ဒီမိုကရေစီမှာ မြန်မာ၊လစ်ဗျား၊ယီမင်၊အီသီယိုးပီးယား၊အဇာဘိုင်ဂျန် စသည့်ကမ္ဘာအနှံ့နိုင်ငံများသာမက အမေရိကပြည်တွင်း၌ပင် ကြီးစွာခြိမ်းခြောက်ခံထားရကား တသွေးတသံတမိန့်ဆန်သည့် အော့တိုကရေစီတို့ခေတ်နှင့်အတွေးအခေါ်တို့တင်လာသည်မှာ မှားသည်ဟုမဆိုနိုင်ရာ။ အိန္ဒိယ၏ဒီမိုကရေစီမှာလည်း ဝန်ကြီးချုပ်မိုဒီ၏အမျိုးသားရေးအကြောင်းပြတင်းကြပ်မှုများကြောင့် ၂၀၂၁အတွင်းအဆင့်တခုချခံလိုက်ရသည်။ ကမ္ဘာ့နိုင်ငံရေးတို့သည် အော့တိုခရေစီသို့ဦးတည်နေသည်မြင်ရမည်။
လွတ်လပ်ကမ္ဘာခေါင်းဆောင်အမေရိကားတွင် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်ပြီး အာဏာကိုအကြမ်းနည်းနှင့်သိမ်းရန်အထိ ပြင်ဆင်မှုများဖြစ်ခဲ့သည်။ ရုန်းကန်မှုများအတွင်း နိုင်ငံရေးအရ ယှဥ်ပြိုင်ရွေးကောက်ခံပြိုင်ဖက်အား ထောင်သွင်းအကျဥ်းချခြင်းမပြုဟူသည့် အမေရိကန်နိုင်ငံရေးဓလေ့ပင်ပျက်လုလု။ ထရမ့်သည်ပြိုင်ဖက်ဟီလာရီကလင်တန်ကို Lock Her Up နှင့်အစပြုခြိမ်းခြောက်ခဲ့ဖူးသလို ဘိုင်ဒင်သည်လည်း ထရမ့်အား ထောင်နှုတ်ခမ်းရောက်အောင် တွန်းတင်ပို့နေသည်။
သမိုင်းအရမူ ၁၉၂၃ခု၌ဂျာမနီနိုင်ငံတွင် ဟစ်တလာအာဏာသိမ်းဖူးသည်။ မအောင်မြင်ထောင်သွင်းအကျဥ်းကျခံရ၏။ ၁၉၃၃တွင်နာဇီပါတီအာဏာရလာပြီးFührerဖြစ်လာသောဟစ်တလာ၏ အငြိုးနှင့်အစွမ်းကို ဒုတိယကမ္ဘာစစ်ကြီးကပြပြီးဖြစ်ပါသည်။
သမ္မတထရမ့်သည် အမေရိကားကချည်းစိုက်ထုတ်ကာကွယ်ပေးနေရသော နေတိုးအုပ်စုမှခွာကာ မူလပြိုင်ဖက်ရုရှားဆီသို့ယိမ်းပြီး အော့တိုကရေစီနိုင်ငံများနှင့်ပူးပေါင်း၍ ကမ္ဘာသစ်နိဒါန်းတခုစချင်ဟန်ရှိသည်။ ၂၀၁၇ကချိုင်းနားသမ္မတရှီကိုသူ၏ မာရလားဂိုသို့ဖိတ်၍အတူညစာစားပြီး ထရမ့်မြေးမလေးမှ ချိုင်းနီစ်းသီချင်းဆို နှုတ်ဆက်ဂုဏ်ပြုပေးသည်။ ၂၀၁၈-၁၉တွင် မြောက်ကိုရီးယားအကြီးအကဲကို လူချင်း၂ကြိမ်တိုင်တွေ့ဆုံသည်။
အားနည်းသောကျန်အာရှဒေသများမှ သိသာစွာဖယ်ခွာသည်။ ကမ္ဘာ့အသိုက်အဝန်းစာချုပ်များမှ အမေရိကားကိုနှုတ်ထွက်ပစ်သည်။
သူ၏နိုင်ငံခြားရေးရာပေါ်လစီသည် ကမ္ဘာစစ်ကြီးပြီးနောက် ပုံသေကားချပ်ချုပ်ထားသော အမေရိကား၏ပေါ်လစီနှင့်လွန်စွာခွဲထွက်သွားသည်ဖြစ်ပါ၏။
ထိုအခြေအနေကို မဟာမိတ်နိုင်ငံရေးသမားခေါင်းဆောင်အများစုကလက်ခံချင်ကြပုံမပေါ်ချေ။ သို့နှင့် ပထမသမ္မတသက်တမ်းတကြိမ်(၄နှစ်)နှင့်ဆင်းပေးလိုက်ရ၏။
အော့တိုခရေစီစနစ်ခေါင်းဆောင်ချိုင်းနားပြည်မှာ ၂၀၂၀တွင် ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြု ပြည်သူားတို့အားပိတ်ဆို့ပိတ်ပင်တားမြစ်ကန့်သတ်ခြင်းတို့ကို လွတ်လပ်စွာပြုခဲ့သည်။ နိုင်ငံများစွာလည်း ဗိုင်းရပ်စ်ကိုအကြောင်းပြု နိုင်ငံသားတို့အားထိမ်းချုပ်ခြင်း၊စောင့်ကြည့်ခြင်း၊အမိန့်ပေးလိုက်နာစေခြင်းပြုခဲ့ကြရာ အာဏာရှင်၏မူလဘူတစနစ်သည် ကမ္ဘာအနှံ့အသက်ဝင်သွားသည် ဆိုချင်ဆို။ ကာကွယ်ဆေးအတင်းအဓမ္မထိုးခိုင်းခြင်း၊သက်ရှူစည်းကာတပ်ခိုင်းခြင်း တို့ဖြင့် လူတကိုယ်ပုဂ္ဂလအခွင့်အရေးကို ထိပါးခွင့်ရခဲ့ကြသည်။
ချိုင်းနားသည် ဟောင်ကောင်ကိုဥပဒေသစ်တို့ပြုကာကိုင်ချုပ်ခဲ့သလို ထိုင်ဝမ်ကိုလည်းပြန်သိမ်းယူဟန်ပြင်ဆင်ခဲ့ပါသည်။
စူပါပါဝါအမေရိကားနောက်မှ ခြေတလှမ်းချန်လိုက်နေခြင်းမှသည် ရှေ့ထွက်ပြဖီဆန်လာခြင်းကိုကား ၂၀၂၁ မတ်လ ၁၈-၁၉ရက် အလာစကားဆွေးနွေးပွဲမှစလိုက်၏။ ထိုနောက်မှချိုင်းနားသည် အမေရိကားအားမထေမဲ့မြင်ပြုမှုများစွာပြုသည်။


“အရူးမီးဝိုင်း”
ကမ္ဘာစစ်ကြီးများအတွင်း အထိအခိုက်အနည်းဆုံးအားဖြင့် ရုရှန်း၊အော်တိုမန်၊ဂျာမာန်၊ဗြိတိသျှ။ပြင်သစ်၊ဒတ်ချ်အပါအဝင်အင်ပါယာကြီးများကိုဖြိုခွဲနိုင်ခဲ့သော အမေရိကားသည် နိုင်ငံခြားရေးရာပေါ်လစီကိုတိုင်းပြည်၏ အရေးအကြီးဆုံးအဆင့်ထား၏။ သမ္မတကိုယ်တိုင် ပညာရှင်အကြံပေးထောင်ချီထား၍ကိုင်တွယ်သည်။
သို့ဆိုသော် ယခုတပြိုင်တည်းဆုံကျလာသော ယူကရိန်အကြောင်းပြုသည့်နေတိုး-ရုရှား။ ထိုင်ဝမ်အရင်းတည်သည့် ချိုင်းနား-တောင်ချိုင်းနားပင်လယ်ဒေသ ဧရာမစစ်အေးမျက်နှာကြီး၂ခုကိုမည်သို့ဖြေရှင်းမည်နည်း။ အမေရိကားသည် သူ၏အင်အားကိုပြည်တွင်းမှစ ခိုင်အောင်တည်ဆောက်သည်။ ပြီးမှသာ ဓနအင်အား စစ်အင်အားသုံး၍ကမ္ဘာအနှံ့ဖြန့်ကျက်ရသည်။
အမေရိကားမှာ သူ၏စည်းလုံးမှုအင်အားကိုပင်လျှင်ပြည်တွင်း၌ပြန်တည်ဆောက်နေရချိန်ပါ။ ထိုအခက်ယူ၍ ချိုင်းနားနှင်ရုရှားမှအချက်နင်းလာရကား ပြည်တွင်းပြည်ပ စစ်မျက်နှာစုံ အရူးမီးဝိုင်းပမာတည်း။
အမေရိကန်တို့၏ပြည်တွင်းစည်းလုံးရေးမှာ အကွဲပြဲဆုံးအခြေအနေဆိုက်ခဲ့ပြီးဆိုက်နေဆဲဖြစ်သည်။
ပြီးခဲ့သောသမ္မတထရမ့်အုပ်ချုပ်ရေး၏ နိုင်ငံရေးပေါ်လစီသည် မိတ်ဖက်နိုင်ငံများနှင့်သာမက ပြည်တွင်း၌ပင် လွန်စွာဆိုးပါသည်။ ကွန်ဆာဗေးတစ်နှင့်လစ်ဘရယ်ကွဲသည်။ ကွန်ဆာဗေးတစ်တွင်မှ ညာစွန်းနှင့် ညာလယ်ထပ်ကွဲပြန်သည်။ ၂၀၂၄တွင် ထရမ့်ရွေးကောက်ပွဲဝင် သမ္မတရာထူးနှင့်အတူပြန်လာမည်ဆိုထားသဖြင့် အကွဲအပြဲကိုဘေးချိပ်၍ ထရမ့်ကိုလုံးဝပိတ်ဆို့ပစ်ရန် လစ်ဘရယ်တို့လုံးပမ်းကြနေလေ၏။
ဖြေလျော့ရန် စစ်ကြီးကိုလည်းနွှဲရမည်၊ အစွန်းနင်းသညာကိုလည်းဖြည်ရမည်။
ရရှားတို့မှ ယူကရိန်ကိုသိမ်းသည်ဖြစ်စေ/မသိမ်းသည်ဖြစ်စေ။ ချိုင်းနားမှ တောင်ချိုင်နားပင်လယ်ပြင်ဒေသကို ပိုင်ဆိုင်မှုကန့်သတ်သည်ဖြစ်စေ/မစေ ၊ ကမ္ဘာသစ်နိဒါန်းကားလာတော့မည်မှာသေချာသည်။
အမြန်ဆုံးမနက်ဖြန်မှသည် နောက်အကျဆုံးငါးနှစ်အတွင်းပါ။ ကမ္ဘာသစ်အတွက် စူပါပါဝါရာထူးစဥ် ရေးဆွဲရတော့မည်ဖြစ်ပါသည်။


“မီးကိုအရူးဝိုင်း”
မြန်မာနိုင်ငံမှာကား မီးကိုအရူးဝိုင်းလျှက်သားပါ။ မီးတောက်ကြီးကို အတင်းကာရောဝိုင်းကြီးပတ်၍ အရူးကိုယ်နှိုက်လောင်ကျွမ်းခြင်းတည်း။
အမေရိကား၏ဒီမိုကရေစီစနစ်အယိုင်နှင့်အချိန်ကိုက် မဲလိမ်မဲခိုးပါသည်ဆိုသည့် ဆင်တူအကွက်နင်းကာ မြန်မာကာကွယ်ရေးဦးစီးချုပ်သည် အာဏာသိမ်းခဲ့၏။ အာဏာထိန်းသည်မည်သို့ပင်ဆိုစေမူ မူလသမ္မတဦးဝင်းမြင့်အား အရေးယူရန်ပြဌာန်းချက်အဆင့်ဆင့်တို့အခြေခံဥပဒေတွင်ရှိလျက်နှင့် ကျန်းမာရေးအကြောင်းပြဖိအားပေးနှုတ်ထွက်စာကိုလက်မှတ်ထိုးခိုင်းခဲ့သည်။ လက်မှတ်မထိုးပေးသောသမ္မတဦးဝင်းမြင့်အား အတင်းဆွဲချကာ တပ်မှတင်မြှောက်ထားသော ဒုဗိုလ်ချုပ်ကြီး(အငြိမ်းစား)ဒုသမ္မတဦးမြင့်ဆွေအား ယာယီသမ္မတတင်မြှောက်၍ ကာလုံအခေါ်ပြပြီး တည်ငြိမ်နေသောတိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။ ထိုနောက်တွင် ခြေဥအရ ၁နှစ်သက်တမ်းနှင့်အာဏာထိန်းသည်ဆိုပါသည်။
အုပ်ချုပ်မှုမအောင်မြင်၊ မီးသွားဆော့၍ ဆူပွက်လောင်ကျွမ်းလာသော၁နှစ်သက်တမ်းကုန်သွားသော်လည်း ယာယီသမ္မတမှ သက်တမ်း၆လတိုးပေးထားခဲ့သည်။ အခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်သည် ၆လသက်တမ်း၂ခါ ပေါင်း၁နှစ်အလွန်ဆုံးသာ တာဝန်ယူခွင့်ရှိတော့သည်။ အမေရိကား၏နိုင်ငံရေးစကားတွင်ထိုသို့သောအခြေအနေကို Lame Duck ဘဲထော့ကျိုးခေါ်ပါသည်။ အာဏာသက်ရောက်ထိရောက်မှုတို့မရှိ။ မြန်မာကာကွယ်ရေးဦးစီးချုပ်၏အခြေအနေမှာပိုဆိုးသည်။ ဝန်ထမ်းတဦးဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပင်စင်ယူသက်တမ်းလည်း အသက်၆၀မှ ကျော်လွန်နေပြီဖြစ်ရကား မိမိသက်တမ်းမိမိဖာသာတိုး၍သာနေသည်။ ထော့ကျိုး၂ပြန်ပါပေ။
မည်သို့ဆိုစေ၊ ၂၀၂၃ သြဂတ်လတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတခုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မည်။
NUCC, NUG, CRPH နှင့် NLDတို့မည်သည့်လမ်းရွေးမည်နည်း။


“ဒုံရင်းလား ဆိုက်ခဲ့လေ”
၂၀၀၉ခုနှစ်ဧပြီလထုတ်ရွေဂုံတိုင်ကြေညာစာတမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်၏ ယက်တောကိစ္စနှင့်အကျယ်ချုပ်ကျချိန်များကိုသတိရစရာရယ်ပါ။ ထို့ပြင်ကွယ်လွန်ခဲ့ပြီဖြစ်သော ဟံသာဝတီဦးဝင်းတင်လည်းအမှတ်ရစရာ။
သို့နှင့်NLDနှင့်ပြည်တွင်း/ပြည်ပ ၈၈မျိုးဆက်များ၊ ဒီမိုကရေစီရေးအင်အားစုများကြား အကွဲကြီးကွဲခဲ့သည်။ အပြင်ပန်းအရထက်အတွင်းပိုင်းအကြိတ်အခဲ အငြိုးအတေးတို့မှာကြီးလှ၏။
ထိုခေတ်ကာလသည် Boomerမျိုးဆက်တို့၏ နိုင်ငံရေးအယူအဆကြီးစွာလွမ်းမိုးလွန်းသောအချိန်အခါရယ်ပါ။ Gen Xတို့အနေဖြင့်မည်သို့မျှ ခုခံငြင်းပယ်နိုင်ခြင်းမရှိသည့်အခြေအနေဖြစ်ပါ၏။
ယခုမူ GenX,Yတို့သည် ဆုံးဖြတ်ချက်ချရာနေရာတို့တွင်များစွာရှိနေပါပြီ။ နိုင်ငံတကာအတွေ့အကြုံအပြင် ဆိုင်ရာနိုင်ငံရေးပညာရပ်များ စာတွေ့လက်တွေ့ကျွမ်းကျင်တတ်မြောက်ထားသူတို့လည်းဒုနဲ့ဒေး၊
အင်အားလည်းမသေး။ လမ်းဟောင်းရှေးရိုးတို့မှခွဲခွာ၍ ကမ္ဘာကြည့်ကြည့်ပါ။
ရှေးသခင်အောင်ဆန်းတို့ခေတ်ကဲ့သို့ ရက်နောက်ကျရသည်သတင်းစာနှင့် ပရိုပဂမ်ဒါထားလွှင့်သော ရေဒီယိုတို့မှ ဖမ်းမှန်းအဖြေထုတ်သောခေတ်မဟုတ်။ ကယားပြည်တောတွင်းတနေရာ၌ မိုင်းကွဲခြင်းမှသည် ရန်ကုန်မြို့တွင်းလမ်းပေါ် စာကမ်းလှုပ်ရှားမှုအထိ နည်းပညာစွမ်းအားဖြင့် စက္ကန့်မခြားဒိဗ္ဗစက္ကုကဲ့သို့ကြည့်နိုင်သိနိုင်သောခေတ်ဖြစ်လေသည်။
အမေရိကနိုင်ငံရေးသည် ပါတီတခုတည်းအတွင်းမှာပင်ခွဲကစားသည်ရှိပါ၏။ သမ္မတဂျိုးဘိုင်ဒင်၏ လွန်ကဲတောင်းဆိုလာ‌သော ဘက်ဂျက်ငွေတို့ကို တားမြစ်ခဲ့သူ ပါတီတူဆိနိတ်တာတို့ရှိသလို သမ္မတထရမ့်၏ညာစွန်းရောက်သွားမှုကို ရပ်တန့်လိုက်သည့် သူ၏ဒုသမ္မတနှင့်ပါတီတူဆိနိတ်ခေါင်းဆောင်တို့လည်းရှိပါသည်။ နိုင်ငံရေးအယူဝါဒဘယ်ညာတွင် အစွန်း(Far-L/R) ရှိသလို အလယ်(Center-L/R) ရှိရပါသည်။
မြန်မာလိုဆိုလျှင် ခွဲကစား။ တွဲကစားဆိုလိုရင်းပါ။ ပြိုင်ဖက်ကို အနိုင်ရဖို့သာအဓိကမဟုတ်ပါလား။
ဒုတိယကမ္ဘာစစ်အပြီးက ကမ္ဘာ့မြေပုံများနှင် နိုင်ငံတို့၏ပါဝါစဥ်ပြောင်းခဲ့သည်။ သခင်အောင်ဆန်းတို့၏ အင်္ဂလိပ်နှတ်ကြောင်းနင်းလုပ်ပေးလိုက်သောပင်လုံစာချုပ်နှင့်နိုင်ငံရေးအတွေးအခေါ် ဦးနု၏ဘက်မလိုက်ကြားနေဝါဒတို့ကြောင့် မြန်မာသည်ကြားကျကာဟိုမရောက်ဒီမရောက်။
ပြည်တွင်းစစ်မီးကသာ ဟုန်းဟုန်းတောက်၍ တိုင်းပြည်မှာလည်း စီးပွားမတက် အဆင်းရဲဆုံးနိုင်ငံစာရင်းသို့သက်ဆင်းခဲ့ပေသည်။ လွတ်လပ်ရေးရပြီး ၇၄နှစ်ရှိပါပြီ။
ယခုလည်း သမိုင်းဘီးလည် ကမ္ဘာပါဝါစဥ်ပြန်ဆွဲခြင်း လာပြန်ပါဦးမည်။ မည်သူတို့ဦးဆောင်၍ မည်သိုဖြစ်လာမည်မသိ။ မြန်မာနိုင်ငံသည် တစစီကွဲသွားမည်လော တပေါင်းတည်းဖက်ဒရယ်ပြည်ထောင်စုမည်လောမသိ။
ပြည်တွင်းနိင်ငံရေးနှင့်ကမ္ဘာနိုင်ငံစဥ်ဆွဲခြင်းအခြေအနေတို့ ထပ်တူကျချိန်ရောက်လာနေပါပြီ။ မျှော်ကြည့်မြင်နိုင်ပါသည်။
နိုင်ငံရေးသမားတို့ အတွေးအခေါ်မှားလျှင် ဒုံရင်းဆိုက်မည်ဖြစ်လေသည်။