မြန်မာဂဇက် အယ်ဒီတာ့သင်ပုန်း – ဧပြီ ၂၀၂၂

kaiApril 22, 20221min29640


မြန်မာတွင် နရသီဟပတေ့(၁၂၃၈-၁၂၈၇)ခေါ် တရုတ်(မွန်ဂို)ပြေးမင်းလက်ထက်မှစခဲ့သော သင်္ကြန်၏ရိုးရာဓလေ့များမှာ သက်တမ်းနှစ်၈၀၀ခန့်ရှိပြီဖြစ်၍ သင်္ကြန်သည်အမျိုးသားရေးမာန် လက္ခဏာဆောင်သည်။
သိကြားမင်းသည် တနှစ်တခါသင်္ကြန်တွင်း လူ့ပြည်ဆင်းသည်။ သာဝတိံ၏တရက်သည်လူ့ပြည်နှစ်၁၀၀ဖြစ်ရကား တနှစ်တခါဆိုလျှင် နတ်ပြည်၁၄.၄မိနစ်တခါ ဆင်းနေရမည့်သဘောသက်ရောက်ငြား သင်္ကြန်၏ သြဇာ အလှနှင့်ဓလေ့ကို ရိုးရာဟုသာမှတ်၍ ရှေ့သို့ဆက် နှစ်ကူးပြောင်းလိုက်ကြရန်သာဖြစ်ပါ၏။ တနှစ်တာအတွက် မကောင်းသူများကိုခွေးသားရေ၊ ကောင်းသူကိုရွှေပေနှင့်မှတ်တမ်းတင်သည်ဆိုပါစို့။
“မီဒီယာ၊ဆယ်လဘ်နှင့်သြဇာရှင်”
ယခင်လိုပေရွက်စာအုပ်မလို ကလောင်ကညစ် အဆစ်ဆောင်ရန်မလို လက်ကိုင်ဖုံး၊ ကွန်ပြူတာနှင့် တက်ဘလက်သင်ပုန်းတို့ဖြင့် လိုရာဆွဲခြစ် မှတ်တမ်းတင်နိုင်သောခေတ်ရောက်နေပါပြီ။ ဓာတ်ပုံ အသံတင်မက ဗီဒီယိုပါကျန်ရစ်အောင်ထားပစ်နိုင်သည်။ သိကြားမင်းဖြစ်ရန်မလို လူတိုင်း နည်းပညာစွမ်းအားဖြင့် မိုင်သောင်းချီဂွင်အတွင်း ကမ္ဘာအနှံ့ ဖြစ်ပျက်အချက်အလက်တို့ကို အချိန်တပြေးညီ မှတ်တမ်းတင် သိမ်းဆည်းနိုင်သည်။
မီဒီယာ၏အလုပ်မှာ ကောင်းဆိုးမဟူ အဖြစ်အပျက်ကို မူလအချက်အလက်ယူ မှတ်တမ်းတင်ရန်ဖြစ်သည်။ ကြားခံသူဖြစ်သဖြင့် သက်တမ်းကြာသည်နှင့်အမျှ ချိတ်ဆက်ပေးနိုင်မှု နယ်ပယ်ကျယ်သည်။ ထိုလက်လှမ်းမှီမှုကြောင့် မီဒီယာကိုသုံးကာ အပြန်အလှန်မိတ်ဆက်အကျိုးရှိသည်တို့လုပ်နိုင်သည်။ သက်တမ်းကြာရပ်တည်နိုင်ခြင်းတွင် စိတ်ချယုံကြည်ခြင်းအစမ်းအသပ်ခံပြီးသဘောရှိသဖြင့် များစွာသော ပါဝါတို့လည်းရှိလာပါ၏။ အသံတို့ကြားနိုင်သည်။ နောက်ကွယ်ဖြစ်ရပ်များစွာတို့ကိုသိသည်။
အောက်ခြေခံလူထု Grassrootဖြင့် ဆယ်စုနှစ်သက်တမ်းအထက် ရပ်တည်နိုင်သောမီဒီယာဟူသည် ဒေတာ၊ကိန်းဂဏန်း အချက်အလက်ကိုအခြေခံ၍ အမှန်တရားဘက်လိုက်ရပါသည်။ ခွေးသားရေ ‌ရွှေပေ တင်ရေးခြင်းရှိရပေမည်။
MSM မီဒီယာကြီးတို့မှာ အလုပ်တွင် တာဝန်ယူတာဝန်ခံမှုအပြည့်ရှိကြရ၏။ ဆိုင်ရာ ကိုယ်ကျင့်တရား ပရိုဘာသာကိုလည်းထိမ်းကြရသည်ဖြစ်၏။ အဓိကဝင်ငွေကို လုပ်ငန်းရှင်တို့၏ကြော်ငြာမှရသည်။ လုပ်ငန်းရှင်တို့၏ကြော်ငြာကိုဆိုင်ရာမီဒီယာပရိသတ်က ကြည့်ဖတ်ရင်း အသုံးပြုက စီးပွားရေးလည်ပါတ်သွား၏။ မီဒီယာ၊ ကြော်ငြာရှင်နှင့် ပရိသတ်ကြားဆက်သွယ်မှုမှာ သမိုင်းနှစ်ရာချီခဲ့ပြီဖြစ်၍ တိကျသော စည်းကမ်း၊ကျင့်ဝတ်နှင့် လုပ်ထုံးနည်းဥပဒေများတိကျသတ်မှတ်ရှိ၏။
ဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာတို့သည် အခမဲ့ဝန်ဆောင်မှုပေးရင်း Algorithmဖြင့် သုံးစွဲသူလူတဦးချင်းစီ၏ စရိုက်ဓလေ့နောက်ကြောင်းခံမှုမှ တိကျသောကြော်ငြာရှင်ကိုရှာပေးထုတ်ပေးသည်။ ထိုထိုသူတို့၏ ကိုယ်ရေးအချက်အလက် စရိုက်များမှ ဝင်ငွေရသည်။ ဒေါ်လာသန်းထောင်ချီ၍ရသည်။ သက်တမ်းမှာဆယ်စုနှစ် ၃ခုမကျိုးသေး။
သမိုင်းအဆက်ဆက် ရုပ်ရှင်ဂီတအနုပညာရှင်နှင့် ထူးချွန်အားကစားသမားတို့သည် Celeb ဆယ်လဘ်များဖြစ်ခဲ့ကြသည်။ ဘောင်ခတ်ထားသော ပိတ်ကား တီဗီမှတဆင့် ပွဲကြည့်သူတို့ကိုထိတွေ့ လွှမ်းမိုးခဲ့ကြဖူးသည်။ ဆယ်လဘ်တို့မှာလည်း သူ့အနပညာ၏ကိုယ်ကျင့်တရားကျင့်ဝတ်တို့ရှိ၍ ပရိုအားဖြင့်လိုက်နာကြရ၏။ ဆိုင်ရာ ညှိကွပ်အသိုင်းအဝိုင်းလည်းရှိကြသည်။ ထိုခေတ်ကာလက သူတို့၏ပရိသတ်မှာ တိကျသော ကိန်းဂဏန်းမရှိ။ ယခုခေတ် အင်တာနက်နှင့် အခမဲ့ဆိုရှယ်မီဒီယာတို့အားဖြင့် ဆယ်လဘ်နှင့် သူ၏ပရိသတ်တို့ထိတွေ့ကြပြီ။ Likes, Followers တို့ဖြင့် အချက်အလက်/ကိန်းဂဏန်းဖြင့် တိကျသိနိုင်ကြပြီ။ မည်သူမဆို သတင်းသမားဖြစ်နိုင်သွားသည်။ မီဒီယာများ၏ အယ်ဒီတာ၊ သတင်းသမားမှ တဆင့်တက် ကွန့်ညွန့်ခြင်းတို့ပြု၍ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် လူစုစီးမျောကြရင်းမှ လူစုပေးနိုင်သူ Influencer (ဝါ)သြဇာရှင်တို့ဖြစ်လာသည်။ Followers (ဝါ)နောက်လိုက်ဘေးတီးအုပ်စုတို့နှင့်တွဲခဲ့လျှင် စီးပွားရေး နိုင်ငံရေး လူမှုရေးတို့တွင် လွှမ်းမိုးညွှန်ကြားနိုင်သည့် သြဇာကြီးသူများဖြစ်လာသည်။ သြဇာရှင်တို့ကိုယ်နှိုက်သည် မီဒီယာမဟုတ်။ ပုဂ္ဂလိကတဦးတယောက်သာဖြစ်၍ သြဇာရှင်တို့အတွက် ဆိုင်ရာအရေးယူမှု တာဝန်ခံစေမှုတို့အတွက်လည်း တိကျသော ဥပဒေကြောင်းမရှိသေး။ နစ်နာသူတို့မှာလည်း အရေးယူ တရားစွဲရန် တိကျသောလမ်းကြောင်း ဥပဒေကြောင်းသတ်မှတ်ချက်များမရှိ။
ပရိသတ်ရှိလျှင် ကြော်ငြာဝင်လာရသည့် ခေတ်ဝယ် သြဇာရှင်တို့၏နေ့လစဥ်ဝင်ငွေမှာဒေါ်လာသိန်းသန်းချီနိုင်သည်။ ကုမ္ပဏီကြီးများမှလည်း သူတို့၏ဆားဗစ် ထုတ်ကုန်တို့ကို ရောင်းအားမြှင့်ရန် သြဇာရှင်များဆီချိန်ဆ၍ကြော်ငြာထိုးလာကြသည်။
အနုပညာသက်တမ်း အနှစ်၄၀ကျော်ရှိသည့် Madonna၏ အင်စတာဂရမ် Followers မှာ ၁၇.၉သန်း နှင့် Charli D’Amelio အမည်ရှိ အသက်၁၇နှစ်သမီးမှာ ၁၃၉.၂သန်းယှဥ်ကြည့်ကြပါ။ ဤဆယ်ကျော်သက်၏ ၂၀၂၁တနှစ်ဝင်ငွေမှာ $၁၇.၅သန်းဖြစ်ပါ၏။
မြန်မာနှင့်သက်ဆိုင်သည်တို့တွင်၂၀၂၂ ဧပြီလ မြန်မာနှစ်ဆန်း၁၃၈၄စာရင်းအရ Mizzmia-သန်း၂၀၊ The Irrawaddy-၁၇သန်း။ VOA- ၁၇သန်း၊ RFA-၁၂.၆သန်း၊ ပိုင်တံခွန်-၂.၈သန်း၊ Sai Sai Kham Leng-၁.၇သန်း၊ Kyaw Kyaw Htay Lwin-၁.၃သန်းနှင့် ပန်ဆယ်လို(၁.၃သန်း) FB Follower များရှိကြသည်။
“ခွေးသားရေနှင့်ရွှေပေ”
ဆိုရှယ်မီဒီယာတို့ကို နိုင်ငံရေးသမားနှင့် ဖြစ်လိုသူတို့တို့လည်း သုံးနိုင်ကြ၏။ ဘီလီယံနာဆယ်လဘ်တဦးမှသမ္မတဖြစ်ခဲ့သည့် ဒေါ်နယ်ထရမ့်မှာ အလွန်ထင်ရှားသောဥပမာရယ်ပါ။ အသုံးလွန်ကျွံခဲ့၍ ဆိုင်ရာဆိုရှယ်မီဒီယာတို့မှ အစည်းအဝေးထိုင်ဆုံးဖြတ်ရင်း ခွေးသားရေတွင်ရေးခံရကာ ဆိုရှယ်မီဒီယာတို့မှ ဖယ်ထုတ်ပစ်ရသည်အထိဖြစ်သွားဖူးသည်။
မြန်မာပြည်မှာလည်း လူအချင်းချင်း လူမျိုးအချင်းချင်း ရွံမုန်းမှု တွန်းတိုက်ရွံမုန်းစကား/စာသားတို့မှာ အသုံးများသော ဖေ့စ်ဘုတ်မှလာသည်။ မြန်မာပြည်တွင်းကိစ္စကို အမေရိကကွန်ဂရက်မှ ခေါ်တွေ့ကြားနာသည်အထိဖြစ်ခဲ့ရကား ဖေ့စ်ဘုတ်ကိုယ်နှိုက်ပင် မြန်မာတို့အတွက် ဒေါ်လာငွေသန်းချီသုံး၍ နည်းပညာဆာဗာကွန်ပြူတာကြီးများ အထူးဝန်ထမ်းများခန့်ထားကာ စိစစ်ခြင်းပယ်ချဖြုတ်ပစ်ခြင်းတို့ ၂၄/၇ပြုနေရပေသည်။ ကြော်ငြာဝင်ငွေနှင့် အသုံး ဘက်မျှကိုက်မည့်ပုံပင်မပေါ်။ သို့သော် .. သူ၏ပလက်ဖောင်းတွင် ကိုယ်ပိုင်ချ စည်းကမ်းဥပဒေဖြင့် ကောင်း/ဆိုးတာဝန်ယူတာဝန်ခံရသည့်သဘောပါ။
သြဇာရှင်အချို့တို့မှာမူ စိတ်ကြိုက်ကြဲနိုင်နေကြဟန်ရှိသေး၏။ ကျင့်ဝတ်သိက္ခာသီးသန့်စောင့်ရန်မလို Follower များခြင်းမများခြင်းကို စံယူ၍ ကြီးထွားအောင်လုပ်ကြယုံသာ။ သို့ဖြင့် ဒေါသထွက်နေသောလူအုပ်ကြီးကိုဖန်တီးနိုင်သလို မျက်ကန်းချစ်သူကြင်သူ မြတ်နိုးသူအုပ်စုလည်းဖွဲ့နိုင်ပါသည်။ အလိုရှိရာကို ညို့ယူထိမ်းကြောင်းသွားနိုင်သည်။ သြဇာကိုသုံး၍ မိမိစိတ်သဘောနှင့်ဆုံးဖြတ် ခွေးသားရေ၌ချည်း ရေးခြစ်ကာ တဖက်သားကို ဖြိုနိုင်သလို ရွှေပေတွင်ဖိရေး အသားပေးနိုင်သည်။ ဖြစ်ပေါ်သက်တမ်းတိုလွန်းရကာ သြဇာရှင်တို့အတွက် တိကျသော ပြဌာန်းဥပဒေလုပ်ထုံးစည်းကမ်းမရှိသေး။
“အမေရိကားသည် ဥပဒေလွှမ်းမိုးရာမြေ”
မကြာမှီလတို့တွင် တကမ္ဘာလုံးဖြန့်ကျက်နိုင်သော အီလွန်မတ်စ်၏ Starlink အင်တာနက် နက်ဝပ်လာတော့မည်ဖြစ်၍ ကမ္ဘာမည်သည့်နေရာမှ မည်သူမဆိုမဆို အင်တာနက်ပေါ်တက်လာနိုင်ကြဦးမည်။ ဖေ့စ်ဘုတ်မှဦးဆောင်လုပ်နေသော Metaverse(ဝါ) ပုံရိပ်ယောင်အသင်္ခါရလောကကြီးဖြစ်ထွန်းလာပေဦးမည်။
ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရားတို့တွင် ကောင်းခြင်း/ဆိုးခြင်း ကုသိုလ်/အကုသိုလ်တို့ကို ပိုင်းခြားခွဲမြင်နိုင်စေရန် ဆုံးမသွန်သင်သည့် တရားဓမ္မများရှိထားပါ၏။ ငရဲနှင့်‌ခြောက် ဘုံနှင့်မြှောက်သော ဆုပေး/ဒဏ်ပေးစနစ်ရှိသည်။ လောကီလူ့ဘောင်တွင် ဆိုင်ရာဒေသ/နိုင်ငံတို့၏ ဥပဒေထုံးတမ်းများဖြင့် ကြီးကြပ်ကွပ်မတ်ကာ ဥပဒေကျွမ်းသူတရားသူကြီးများက အပြစ်ရှိ/မရှိ ဆုံးဖြတ်ပါသည်။
ဧပြီ ၂၁ရက်နေ့ကသမ္မတအိုဘားမား စတင်န်းဖို့တက္ကသိုလ်တွင် Disinformation သတင်းလွှဲအကြောင်းပြောခဲ့သည်။ သတင်းမှားကို ရည်ရွယ်ချက်ရှိရှိ တမင်ထုတ်လွှင့်၍ ပရိသတ်ကို အလိုရှိရာလမ်းကြောင်းပေါ်ရောက်သွားအောင် လမ်းလွှဲတွန်းတင်သည့် သတင်းလွှဲဟူသည် ဒီမိုကရေစီအတွက်ကြီးစွာ‌သောအန္တရာယ်ဟုဆိုခဲ့၏။ အိုဘားမားသည် ပြီးခဲ့သည့် ၂၀၂၁တနှစ်လုံးလိုလို ထိုအကြောင်းချည်း ဖိပြောနေခဲ့သည်။ သတင်းလွှဲထုတ်ခြင်းသည် သတင်းမှားကို ထပ်ဆင့်လက်ဆင့်ကမ်းခြင်း သတင်းလိမ်/ကောလဟာသထုတ်လွင့်ခြင်းထက်များစွာ အကျိုးယုတ်စေပါသည်။
အမေရိကား၏ ဖွဲ့စည်းပုံသည် လွတ်လပ်စွာဟောပြောစည်းရုံးစုဝေးခြင်းကို ခွင့်ပြုထား၏။ ထိုအခွင့်ကိုသုံး၍ သတင်းမှား သတင်းမှောင် သတင်းလွှဲတို့ကိုထုတ်လွှင့်နိုင်သည်။ အထူးသဖြင့် သြဇာရှင်များက စွမ်းဆောင်နိုင်သည်။ ပုဂ္ဂလိကတဦးချင်းကို ထိမ်းချုပ်နိုင်ရန် ဆိုရှယ်မီဒီယာများတွင် ဥပဒေလုပ်ထုံးသစ်ပြဌာန်းသင့်ပါပြီ။ FTC ကြီးကြပ်ကွပ်မတ်ရန် ဥပဒေလုပ်ထုံးများပြင်ဆင်နေကြ၏။ ဒေါသကိုဆွ၍ ကြွစေသူ၊ ပဋိပက္ခဖန်တီးသူ၊ အဆဲသန်သူ တိုက်ခိုက်ကြမ်းတမ်းသူ သြဇာရှင်တို့ကို ဥပဒေဖြင့်ကွပ်ညှိပစ်ရန်အချိန်ကျပြီတည်း။
မြန်မာတို့မှာ နွေဦးတော်လှန်ရေးနှင့်အတူ ဆိုရှယ်မီဒီယာ သြဇာရှင်နှင့် လူအင်အားကိုကောင်းစွာသုံးနိုင် သုံးတတ် သုံးလာသည်ကို သတိထားမိပါသည်။ နွေဦးတော်လှန်ရေး၏ အဓိက ပုံမှန်ဝင်ငွေကြီးတခုဖြစ်သော ClickToDonate နှင့် သြဇာရှင်များ၏ ရန်ပုံငွေရှာမှုများသည် ဖက်ဒရယ်အစိုးရသတိထားမိအောင် ထိရောက်နေသည်ကို တွေ့ကြရမည်။ ဆိုင်ရာမီဒီယာများဝင်ငွေလည်း နောက်ကောက်တည်း။
နည်းပညာများထပ်ဆောင်း၍ ဥပဒေဘောင်တွင်းညီကြပါလျှင် များစွာသော ကောင်းခြင်းများနှင့် တဦးချင်းစီဝင်ငွေကောင်းခြင်းကိုသယ်ဆောင်လာနိုင်ပါသည်။
ခရစ်တိုကာရမ်စီကဲ့သို့ ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးကိုထုတ်နိုင်သည်။ ငွေဒင်္ဂါးကိုဖန်ဆင်းနိုင်သည်။ တခြားနိုင်ငံသားများကပါသုံးလာအောင် ပြုနိုင်သည်။ ကမ္ဘာလူဦးရေဘီဘီယံချီရှိသော အိန္ဒိယနှင့် ချိုင်းနားကြားတွင်ရှိကာ နှစ်ဖက်လူမျိုးနွယ်များလည်း မြန်မာနိုင်ငံသားအဖြစ်ရှိရကား ကောင်းစွာ လွှမ်းမိုးနိုင်ပါလိမ့်မည်။ ထိုင်ရာမထ အင်တာနက်စီးမျောရင်း ဝင်ငွေကောင်းချမ်းသာနိုင်သည် အခြေအနေများပါ။
အမေရိကားတွင်ရှိသော သန်းဂဏန်းရှိသည့် မြန်မာ-အမေရိကန်များမှ တရားဝင်ဝင်ငွေ/ရန်ပုံငွေသန်းချီရနိုင်ပါ၏။ NUG သည် အမေရိကမြေတွင် တရားဝင်ကိုယ်စားလှယ်ရုံးထောင် 501(C)(3) လျှောက်၍ ရန်ပုံငွေရှာနိုင်ပါ၏။
မြန်မာမီဒီယာ၊ ဆယ်လဘ်၊ သြဇာရှင်တို့ အမေရိက၏လုပ်ထုံးဥပဒေဘောင်အတွင်းမှ အင်တာနက်နှင့် Metaverse ကိုအကျိုးရှိစွာသုံးနိုင် ကိုင်နိုင်ကြပါစေသတည်း။