မြန်မာပြည် သတင်းဒိုင်ယာရီ

သင့်အေးရိပ်October 24, 20225min55330

Oct 2022

မြန်မာပြည် သတင်းဒိုင်ယာရီ
သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Oct 17 ။ လာမယ့် ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ်တိုက်ပွဲနှစ် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊
အုပ်ချုပ်ရေး၊ နိုင်ငံတကာ သံတမန်ရေး၊ ပြည်သူနဲ့ ထိတွေ့ဆက်ဆံရေး စတဲ့ မျက်နှာစာ ၆ခု ဖွင့်ပြီး စစ်ကောင်စီကို ထိုးနှက်သွားမှာ ဖြစ်ကြောင်း NUG က
ပြောဆိုတာဟာ ထင်သလောက်လွယ်လွယ် မဖြစ်နိုင်ဘူးလို့ မြေပြင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်တွေ့ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး
တပ်ဖွဲ့တွေက ပြောပါတယ်။

Oct 16 ။ စစ်အာဏာသိမ်းမှု ၁နှစ်ကျော် ၂ နှစ်နီးပါး ရှိလာတဲ့ မြန်မာပြည်မှာ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူ
လူသားဘေးဒုက္ခ အကျပ်အတည်းတွေ သိသာစွာ ပိုပြီး ဆိုးလာနေကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း IFRC က သတိပေးပါတယ်။

Oct 15 ။ မြန်မာစစ်အာဏာရှင်ဟာ သတင်းထောက်တွေကို ခြိမ်းခြောက်တဲ့သဘောနဲ့ ထင်ရာမြင်ရာ ဥပဒေတွေ သုံးပြီး ထောင်ချ နေကြောင်း US
အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ) ကပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာကို
စုစုပေါင်းပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီးနောက်မှာ CPJ က တုံ့ပြန်ပြောဆိုလိုက်တာပါ။
စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်နေရာတွေ ပြောင်းရွှေ့ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်နေကြောင်း
လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့အပေါင်းပါတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၂၃၀၀ ကျော်
သေဆုံးခဲ့ရတဲ့အပြင်၊ ဘယ်အကျဉ်းထောင်၊ စစ်ကြောရေးကို ရောက်နေတယ်ဆိုတာ မသိရဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး စာရင်းပျောက်နေသူတွေ
အများအပြားရှိနေကြောင်းလည်း DVB သတင်းက ဖော်ပြပါတယ်။

Oct 14 ။ ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ကိုဗစ်လှိုင်းတွေကြောင့် ထိခိုက်မှုရှိခဲ့တဲ့အပြင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုကြောင့်လည်း
ပုံမှန် မလည်ပတ်နိုင်တော့လို့ အရောင်းအဝယ် ကျဆင်းနေခဲ့ပါတယ်။ လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်တွေက အိမ်ရာချေးငွေ(Home loan)စနစ် ဝန်ဆောင်မှုကို
အပြိုင်အဆိုင်ပေးလာပေမဲ့ အရောင်းအဝယ် ထင်သလောက် ရှိမလာတဲ့အပြင်၊ အငှားဈေးကွက်ကလည်း အိမ်ရှင်နဲ့ အိမ်ငှားအကြား သံသယပေါင်းများစွာနဲ့
လုပ်ကိုင်နေကြရတာကြောင့် အလုပ်မဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စားအုန်းဆီ ၁ပိဿာ ကျပ် ၁၀,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ပြီး၊ ယခု ၁ပိဿာကို လက်လီဈေး ၇၀၀၀ ကျပ် ဝန်းကျင်နဲ့
ရန်ကုန်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါတယ်။ စစ်ကောင်စီက အခြေခံ လက်ကားရည်ညွှန်းဈေးကို ၁ပိဿာ ၃,၈၈၀ ကျပ် သတ်မှတ်ထားပေမဲ့
ကော်မတီရဲ့ သတ်မှတ်ဈေးနှုန်းဟာ ပြင်ပဈေးကွက် လက်လီပေါက်ဈေးထက် ၂ဆဝန်းကျင် ကွာဟချက် ရှိနေပါတယ်။

Oct 13 ။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ US ဒေါ်လာ ၅သိန်းခွဲ လက်ခံခဲ့တဲ့ စွပ်စွဲမှု ၂ ခုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင် ၃ နှစ်
မနေ့က ရုံးချိန်းမှာ ထပ်မံ ချမှတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ၁၂ မှုအတွက် ထောင် ၂၃ နှစ် ချမှတ်ပြီးတာကြောင့် အခုဆိုရင်
ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာပြီး၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅ မှုကို ရင်ဆိုင်ရဖို့ ကျန်နေပါတယ်။
မြန်မာပြည်ကားဈေးကွက်မှာ လူကြိုက်များတဲ့ တိုယိုတာ ကားကုမ္ပဏီက ရန်ကုန်၊ သန်လျင်၊ သီလဝါအထူးစီးပွားရေးဇုန် စက်ရုံမှာ
SKD(Semi Knock Down) စနစ်နဲ့ လုပ်ငန်းသုံး ပစ်ကပ်အမျိုးအစား ကားတွေ ထုတ်လုပ်ရောင်းချမယ်လို့ တရားဝင် သတင်းထုတ်ပြန်လာပြီးနောက်
ရန်ကုန်ကားဈေးကွက်မှာ အရောင်းအဝယ် သိသာစွာ ကျသွားကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

Oct 12 ။ အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့ကျောင်းသားများနေ့ကို အကြောင်းပြုပြီး ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ်
(GLOBAL MYANMAR STUDENTS’ PROTEST)ကို အောက်တိုဘာ ၂၃ ရက်အထိ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဖော်ဆောင်သွားမယ်လို့
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီက ကြေညာပါတယ်။
“ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းလိုက်ပြီ”လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းထုတ်ပြန်ပါတယ်။ ပါတီခေါင်းဆောင်တွေ
အသက်ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူတွေ ရှိသလို လူမှုရေးနဲ့ တခြား အခက်အခဲတွေရှိလာတာ၊ ပါတီနိုင်ငံရေးကို ဆက်လုပ်ဖို့ ဆန္ဒမရှိကြတော့တာတွေကြောင့်
ပါတီဖျက်သိမ်းဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်အနီးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့
၁ခုက အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ဘုရားဖူးပြည်သူ အမျိုးသမီး ၃ ယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့
ဘုရားဖူးပြည်သူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Oct 11 ။ “စစ်ကောင်စီ ပြုလုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲကို လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်နေပြီး မပျက် ပျက်အောင် ဖျက်တဲ့ အဆင့်ထက်
ကျော်လွန် စဉ်းစားထားကြောင်း၊ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးကြောင်း NUG အစိုးရ၊
ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
အရပ်သားပြည်သူတွေ အသုံးပြုဖို့ ဆိုပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံက လှူဒါန်းခဲ့တဲ့ ရေယာဉ် ၃ စင်းထဲက ၂ စင်းကို
မြန်မာစစ်တပ်က စစ်ရေးအတွက်အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ
ဂျပန်ကနေ မြန်မာပြည်ကို ချေးငွေအကူအညီ ယန်း ၁ ဒသမ ၄ ထရီလီယံ (US ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ)၊ ထောက်ပံ့ငွေ ယန်း ၃၆၀ ဘီလီယံ (US ဒေါ်လာ ၂ ဒသမ
၅ ဘီလီယံ)နဲ့ နည်းပညာအကူအညီ ယန်း ၁၀၀ ဘီလီယံ(US ဒေါ်လာသန်း ၆၉၀)ခန့် ထောက်ပံ့ပေးထားကြောင်း သိရပါတယ်။

Oct 10 ။ NUG၊ CRPH၊ CDM နဲ့ PDF တွေကို လှူဒါန်းတာ မပြုလုပ်နိုင်ဖို့ စစ်တပ်က ဗဟိုဘဏ်ကို ညွှန်ကြားထားပြီး ငွေဝင်ငွေထွက်များတဲ့ wave pay/ kpay
အကောင့်ပိုင်ရှင်တွေကို ရဲစခန်းခေါ်ယူစစ်ဆေးတဲ့အထိ ဖြစ်နေကြောင်း DVB သတင်းက ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုက်အဝန်းက အရေးယူ တုံ့ပြန်ဖို့ နှောင့်နှေးနေချိန်မှာ မြန်မာကလေးသူငယ်တွေရဲ့
အသက်တွေ၊ လွတ်လပ်ခွင့်တွေ ပေးဆပ်နေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၊ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ
သတိပေးပြောကြားလိုက်ပါတယ်။
ချိုင်းနားပြည်က မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ အခက်အခဲတွေကို တက်ကြွစွာ ကူညီဖြေရှင်းပေးနေကြောင်း မြန်မာပြည်ဆိုင်ရာ
ချိုင်းနားသံအမတ်ကြီး Mr. Chen Hai က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်ဖြူ စွန့်ပစ် အပူသုံးဓာတ်အားပေးစက်ရုံရဲ့ ပထမဆုံး တာဘိုင်စက်
စတင်လည်ပတ်ခြင်း အခမ်းအနားမှာ ပြောပါတယ်။

Oct 09 ။ မြန်မာပြည်တဝန်း ကိုဗစ်ပိုး ကူးစက်ခံရသူ အရေအတွက် ၆၂၆,၂၆၂ ယောက် ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ
၆၀၀,၁၁၀ ယောက် ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အလောင်းတော်ကဿပ အပါအဝင် စစ်ကိုင်းတိုင်းက နာမည်ကြီး ဘုရားစေတီတွေ ဖြစ်တဲ့ ကျောက္ကာရွှေဂူနီ၊ ဗောဓိတစ်ထောင်၊ မိုညှင်းသံဗုဒ္ဓေ၊
ဆွမ်းဦးပုညရှင်၊ မုံရွာဆုတောင်းပြည့်မြတ်စွာဘုရား၊ ရွှေတောင်ဦး၊ အလောင်းတော်ကဿပနဲ့ ဇလုံတောင်ဘုရားတွေဟာ ပွင့်လင်းရာသီတွေမှာ နှစ်စဉ် ဘုရားဖူးတွေ
စည်ကားလေ့ရှိခဲ့ပေမဲ့ ၂၀၂၀ ကိုဗစ်ကာလနဲ့ ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်၊ လုံခြုံရေးအခြေအနေတွေကြောင့် ယခုနှစ်မှာ ဘုရားဖူးသူ မရှိသလောက် နည်းပါးခဲ့ပါတယ်။

Oct 08 ။ မြန်မာပြည်ကနေ ချိုင်းနားပြည်ကို စားသောက်ကုန်ပစ္စည်း တင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ စက်ရုံပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း
စစ်ကောင်စီရဲ့ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့တွင်း မြို့ပတ်ရထား ပြန်လည်ပြေးဆွဲနေပေမဲ့ အရင်လို ရထားထွက်ချိန် တိကျမှု မရှိတဲ့အပြင်၊ စစ်ဆေးမှုတွေ များနေတာကြောင့် စီးနင်းသူ
မရှိသလောက် ဖြစ်ပြီး အရှုံးပေါ်နေကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူတွေကို ဗုံးကျဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီလေယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို နေရာတချို့မှာ
တပ်ဆင်ထားပြီးကြောင်း၊ ပြီးခဲ့တဲ့ကာလဟာ တော်လှန်ရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ခဲ့ရတဲ့ ကာလဖြစ်ပြီး လာမယ့်
တနှစ်တာကာလဟာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့်နှစ် အဖြစ် ခံယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောလိုက်ပါတယ်။

Oct 07 ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အရင်က နှစ်ကြိမ် မီးရှို့ခံထားရတဲ့ ဇော်ချောင်းရွာကို ၄ကြိမ်တိုင် ထပ်မံ မီးရှို့ခံရတာကြောင့် ရွာလုံးကျွတ်နီးပါး
မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု
(ISP-Myanmar)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝန်းက နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲမှာ
စစ်ကိုင်းတိုင်းက အိမ်ခြေ ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ဒေသ ဖြစ်ပါတယ်။
၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်ကနေ စက်တင်ဘာလ ၃ဝ ရက်အထိ နှစ်လအတွင်း မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင် စတဲ့ဒေသတွေမှာ
လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၅၁ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၂၂ ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာ
ရခဲ့ကြောင်း RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

Oct 06 ။ NUG အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အထောက်အကူဖြစ်စေဖို့၊
လူငယ်များအတွက် ပညာရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်တခု အဖြစ် မြန်မာ့နွေဦးတက္ကသိုလ် (Myanmar Nway-Oo University(MNOU)
ဖွင့်လှစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က DYNASTY INTERNATIONAL ကုမ္ပဏီလီမိတက်နဲ့ ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊
ကုမ္ပဏီဒါရိုက်တာတွေဖြစ်တဲ့ ဦးလှိုင်မိုးမြင့်၊ ဒေါ်သစ္စာမျိုး တို့ကို US ဘဏ္ဍာရေးဌာနက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
ဒီ လူပုဂ္ဂိုလ် သုံးဦးနဲ့ DYNASTY INTERNATIONAL ကုမ္ပဏီလီမိတက်တို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူဖို့ ဝန်ဆောင်မှုပေးခဲ့ပြီး စစ်အာဏာသိမ်းရာမှာ
ပါဝင်ကူညီခဲ့တဲ့ အတွက် အခုလိုထည့်သွင်းလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

Oct 05 ။ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ ကုန်းလမ်းကြောင်းရော ရေလမ်းကြောင်းပါ ပိတ်ထားတာ
လနဲ့ချီကြာလာတာကြောင့် ပြည်သူလူထု၊ ကုန်သည်တွေနဲ့ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Trafigura ကုမ္ပဏီရဲ့ စွမ်းအင်ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Puma Energy ဟာ မြန်မာပြည်က ရင်းနှီးမြှုပ်နှံမှုအားလုံးကို
ရောင်းချပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ PEAS၊ NEPAD နဲ့ Puma Energy တို့ဟာ ၂၀၁၅ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီအဓိက တင်သွင်းနေပြီး
စစ်အာဏာသိမ်းပြီးနောက် လေယာဉ်ဆီတင်သွင်းတာကို ရပ်ဆိုင်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက Puma Energy ကို
တောင်းဆိုခဲ့ကြပါတယ်။

Oct 04 ။ ပုဂ္ဂလိကပိုင်ဘဏ်တွေက အတိုးနှုန်းတွေကို အပြိုင်အဆိုင် တိုးမြှင့်ပေးပြီး ဆွဲဆောင်လာတာကြောင့် အတိုးနှုန်းနည်းတဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှာ
အပ်နှံထားတဲ့ ငွေတွေကို ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့ပြောင်းသူ များလာကြောင်း ဘဏ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ဥက္ကဋ္ဌနေရာ အပြောင်းအလဲအဖြစ် အရင်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း သန်းဌေးကို ပါတီဥက္ကဋ္ဌတာဝန်ကနေ
ရပ်ဆိုင်းပြီး ဗိုလ်မှူးချုပ်ဟောင်း ခင်ရီကို ဥက္ကဋ္ဌအဖြစ် နေရာပေးလိုက်ပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးသန်းရွှေ ၁၉၉၃ ခုနှစ်မှာ
တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ခုနှစ်မှာ ပါတီအဖြစ်အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။

Oct 03 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့စက်တင်ဘာလကုန်အထိ ၁၉ လအတွင်း မြန်မာတဝန်းက စစ်ကြောရေးတွေမှာ လူ ၁၄၅ ဦးခန့် သေဆုံးခဲ့ရကြောင်း
RFA က စာရင်း သီးသန့်ပြုစု ဖော်ပြပါတယ်။
မြန်မာပြည်ရဲ့ အခု ၂၀၂၂ ခုနှစ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ လွန်ခဲ့တဲ့ ၄နှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးဖြစ်သွားကြောင်း၊ စစ်အာဏာသိမ်းခဲ့တဲ့
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု(FDI)ဟာ တဝက်ကျော်အထိ ကျဆင်းသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)
စားရင်းတွေကို ကိုးကားပြီး ISP-Myanmar က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Oct 02 ။ နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြား၊ ရွှေစင်ချောင်း၊ ရွှေစင်တုံး၊ ရွှေစင်ခဲတွေကို ထုတ်ရောင်းစားရာမှာ တာဝန်ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ
အရာရှိကြီးတွေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေါ်လာဈေးတက်တုန်းက အခြေခံစားသောက်ကုန်စျေးတွေ အပြိုင်အဆိုင်တက်ခဲ့ကြပြီး ယခု ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီစျေးတွေ ပြန်ကျပေမဲ့
အခြေခံစားသောက်ကုန်တွေ ပြန်ကျဆင်းတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Oct 01 ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက CDM ပညာရေး ဝန်ထမ်းတွေရဲ့ အတွေ့အကြုံကို ဒီလအစပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ရာ
အများစုက စားဝတ်နေရေးနဲ့ လုံခြုံရေးအခက်အခဲတွေ ရင်ဆိုင်နေရပေမဲ့ နောင်တမရကြောင်း ပညာရေးဝန်ထမ်းတွေက စစ်တမ်းမှာ ဖြေဆိုကြပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ ပြည်သူ့ရေးရာကော်မတီအနေနဲ့ CDM ဝန်ထမ်းပေါင်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ် သိန်း ၁၅၀၀ ကျော် ကူညီပံ့ပိုးနိုင်ခဲ့ကြောင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မြန်မာပြည်မှာ စက်တင်ဘာလအတွင်း စစ်ဘေးဒုက္ခသည်
၄၂,၆၀၀ ဦး တိုးလာပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဒုက္ခသည်တွေ
တိုးလာတာဖြစ်ပါတယ်။

Sept 30 ။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ စက်တင်ဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ်(ငြိမ်း) အပါအဝင် ၁၆ ဦး သေဆုံး၊
၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကူအညီမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့
အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကို တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့” သံအမတ်ကြီး ဦးကျော်မိုးထွန်းက
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ရန်ကုန်ကနေ ကယားပြည်နယ် မြို့တော် လွိုင်ကော်ကို ထွက်ခွာလာတဲ့ ခရီးသည် ၆၃ ဦးပါ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ
လွိုင်ကော်လေဆိပ်အဆင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ခရီးသည် ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Sept 29 ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်တို့ကို လ.ဝ.က အက်ဥပဒေ၊
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။
ဒါအပြင် အမှုတွဲအဖြစ်တရားစွဲဆိုခံထားရတဲ့ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီးဟောင်း)နဲ့ ဦးကျော်ဝင်း
(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကိုလည်း ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ဟာ ၂၃ နှစ်အထိ ချမှတ်ခံထားရပြီး
ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အဂတိအမှု ၂မှု၊ စုစုပေါင်း ၇မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။
ရန်ကုန် ပန်းဘဲတန်းမြို့နယ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီး အမျိုးသား ၆ဦးနဲ့ အမျိုးသမီး ၁ဦး၊ စုစုပေါင်း အရပ်သား ၇ ဦး
သေဆုံးခဲ့သလို အမျိုးသမီး ၁ဦး ဒဏ်ရာခဲ့ပါတယ်။

Sept 28 ။ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရဘဲ CDM ဝန်ထမ်းအားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေ
ရှိနေမှာ ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၆၉ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း လက်ပံတောင်ကြောပေါ်မှာရှိတဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကျဉ်းထောင် ၂ခု ထိမှန်သွားပြီး အကျဉ်းချခံထားရတဲ့ စစ်ကောင်စီတပ်သား၊
နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ တခြားအကျဉ်းသားတချို့ ဒဏ်ရာရ၊ သေဆုံးတာတွေရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

Sept 27 ။ ညစ်ညမ်းဓာတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တာကြောင့် အီလက်ထရွန်နစ်ဥပဒေ ပုဒ်မ ၃၃-ကနဲ့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့
မော်ဒယ်လ်သရုပ်ဆောင် နန်းမွေစံကို စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။
“ဖက်ဒရယ် အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မှာဖြစ်ကြောင်းနဲ့ ပြည်ပ ပရောဂတွေကြောင့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဝိဝါဒကွဲပြားနေကြကြောင်း” မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ
ပြောပါတယ်။

Sept 26 ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
(NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံပြီး နိုင်ငံတော်မှ
ခွဲမထွက်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
Miss Grand International 2020 ပြိုင်ပွဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နိုင်ငံတကာသိအောင်
ဖော်ထုတ်ခဲ့တဲ့ အလှမယ် သော်နန္ဒာအောင် (ခ) ဟန်လေး ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘန်ကောက်လေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားတာခံခဲ့ပါတယ်။
ယခုအချိန်မှာတော့ အလှမယ်ဟာ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိသွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

Sept 25 ။ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်အနိုင်ကျင့်တာတွေကို အချိန် ၁၈ လကျော် ကြုံတွေ့နေရပေမယ့် ကုလ၊
အာဆီယံနဲ့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေကိုမရဘဲ လျစ်လျူရှုခံရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာကြောင့် ကုလနဲ့ နိုင်ငံတကာဟာ
မြန်မာ့အရေးကို အာဆီယံထံ တာဝန်ပုံချထားတာမျိုးထက် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်ကို ရှာဖို့လိုနေကြောင်း NUG
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။

Sept 24 ။ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ ဦးကို ပဲခူးတိုင်း၊ သယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ကြောင်း
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ည ၁၀ နာရီမတိုင်ခင် ဆိုင်အားလုံးပိတ်သိမ်းဖို့နဲ့ ည ၁၀နာရီကနေ မနက် ၅နာရီထိ အပြင်မထွက်ဖို့
လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီက အမိန့်ထုတ်ပြန် ခဲ့ပါတယ်။

Sept 23 ။ မိုဘိုင်းလူမှုကွန်ရက်ကို အသုံးပြုပြီး ငွေသွင်းငွေထုတ်ပြုလုပ်ရတဲ့ KBZ Pay Acc တွေ အပိတ်ခံရတာကြောင့် ပြည်သူ့ငွေကြေးဆုံးရှုံးမှုတွေ ရှိနေပြီး
level 1 တွေအပြင် သတ်မှတ်ချက်နဲ့အညီ ဖွင့်ထားတဲ့ level 2 အကောင့်များပါ အပိတ်ခံရကြောင်း အသုံးပြုသူတွေက ပြောပါတယ်။ ဒါဟာ NUG အစိုးရနဲ့
ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကို ငွေကြေးလှူဒါန်းပေးမှာကို မလိုလားတဲ့အတွက် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေ ခက်ခဲသွားအောင် စစ်ကောင်စီက
ပြုလုပ်တာဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

Sept 22 ။ စစ်အာဏာသိမ်းထားတဲ့၁၉ လကျော်အတွင်း မြန်မာပြည်မှာ သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး ၇၀ ပြန်လွတ်ခဲ့ပါတယ်။ ၆၅ ဦးကတော့ အခုချိန်ထိ
အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေ၊ ဖမ်းဆီးခံ သတင်းသမား မိသားစုဝင်တွေရဲ့ ပြောဆိုချက်ပေါ် အခြေခံပြီး
RFA က စာရင်းပြုစု ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အာဆီယံနိုင်ငံတွေအကြား တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ဖို့ မြန်မာပြည်ကို အလည်အပတ်ရောက်နေတဲ့
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံခြားရေးဒုဝန်ကြီး Dr. KUNG Phoak နဲ့ တွေ့ဆုံချိန်မှာ စစ်ကောင်စီဘက်က ပြောပါတယ်။
မြန်မာပြည်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်နေတာကြောင့် လာမယ့်နှစ်ကစပြီး မြန်မာစစ်တပ်ကို
ပေးနေတဲ့ သင်တန်းတွေ ရပ်ဆိုင်းမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အလှူခံပို့စ်တွေ၊ ပုံတွေကို ကြိုက်နှစ်သက်တဲ့အမှတ်သား Like ပေးတာ၊ ပြန်လည်မျှဝေ Share တာတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (ခ)နဲ့ အရေးယူပြီး
အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြောပါတယ်။

Sept 19 ။ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ မှတ်ပုံတင်မထားတဲ့ ဖုန်းဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းမှာဖြစ်ပြီး အဲဒီဖုန်းဆင်းမ်ကတ်ထဲမှာ
ကျန်ရှိနေတဲ့ လက်ကျန်ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
ဒါ့အပြင် ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံတင်ပြုလုပ်တဲ့အခါ ဖြည့်သွင်းထားတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့
အီလက်ထရောနစ် မှတ်ပုံတင်စနစ်နဲ့ တိုက်ဆိုင် စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) ထံ ခိုလှုံ လာတဲ့ စစ်ကောင်စီတပ် အရာရှိတွေနဲ့ တပ်သား
၁ရာထက်မနည်း ရှိကြောင်း AA က ပြောပါတယ်။ လက်ရှိတိုက်ပွဲ‌တွေဖြစ်ပြီး နောက်ပိုင်းမှာ ပိုများလာတာဖြစ်ပြီး နောက်ထပ်ခိုလှုံဖို့ ဆက်သွယ်လာတဲ့
စစ်ကောင်စီတပ်သားတွေလည်းရှိကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

Sept 18 ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က
စစ်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့အပြင် မြေပြင်ကနေလည်း စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ဝင်ရောက်ပြီး အကြမ်းဖက်ခဲ့တာကြောင့်
စာသင်နေတဲ့ ကလေးငယ် ၁၁ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ ကျောင်းထဲမှာ PDF တွေ ပုန်းအောင်းနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့
စစ်တပ်ပိုင် မြဝတီသတင်းဌာနက ပြောပါတယ်။

Sept 17 ။ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ခန့်ဖို့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့
ကချင်ပြည်နယ်က မြို့နယ် ၉ခုထက် မနည်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာပြည်
ကိုယ်စားပြုမယ့်သူကို ရွေးချယ်ဖို့ ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ စစ်ကောင်စီတို့က ကိုယ်စားပြုခွင့်ရဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။