မြန်မာပြည် သတင်းဒိုင်ယာရီ Dec 2022

သင့်အေးရိပ်December 27, 20228min61690

မြန်မာပြည် သတင်းဒိုင်ယာရီ
သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Dec 18 ။ ပဲခူးတိုင်း၊ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက
အိမ်သာကျင်း တူးခိုင်းတဲ့အထိ အလုပ်ကြမ်းတွေ စေခိုင်းနေကြောင်း မိသားစုဝင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။


ရန်ကုန်၊ ပန်းဆိုးတန်း – ဒလ မြစ်ကူးသင်္ဘောပေါ်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ၁၇ ဉီးထက်မနည်း ရှိခဲ့ပြီး ဘယ်သူ့လက်ချက်ဆိုတာ ယနေ့ အတည်မပြုနိုင်သေးပါဘူး။


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်းနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပြင် တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တို့ စစ်ရေးတင်းမာနေကြောင်း
ဒေသခံတွေက ပြောပါတယ်။

Dec 17 ။ မြန်မာပြည်အထက်ပိုင်းဒေသတွေနဲ့ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-မန္တလေးကားလမ်းမကြီးပေါ် သွားလာနေတဲ့ ကားတွေကို
လက်နက်ပြပြီး ခြိမ်းခြောက် ငွေတောင်းမှုတွေ များပြားလာကြောင်း ဒေသခံတွေက ပြောပါတယ်။ ငွေတောင်းတဲ့ အဖွဲ့တွေဟာ အနက်ရောင် ဝတ်စုံတွေ
ဝတ်ထားပြီး သူတို့ဟာ စစ်ကိုင်း PDF တွေဖြစ်ကြောင်း ပြောပေမဲ့ ဒေသခံတွေကတော့ အယောင်ဆောင် PDF တွေလို့ပဲ သုံးသပ်ကြပါတယ်။


US ၁ ဒေါ်လာကို ရည်ညွှန်းဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားတာကို ပြင်ဆင်ဖို့ မရှိသေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က
ပြောပါတယ်။

Dec 16 ။ မြန်မာပြည်က လူဉီးရေ တဝက်နီးပါးဟာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှုကြောင့် ဆင်းရဲတွင်းထဲ ရောက်နေတဲ့အပြင် ဒီပမာဏဟာ
အရင်ထက် ၂ဆ မြင့်တက်လာတာဖြစ်ပြီး နိုင်ငံရဲ့ လူဉီးရေ ၂၅ သန်း နီးပါး ဒုက္ခရောက်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဘက်က ပြောထားပါတယ်။


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေတပ်စခန်းဌာနချုပ်အပါအဝင် နေရာ ၃ ခုကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရကြောင်း
ဒေသခံတွေက ပြောပါတယ်။

Dec 15 ။ မြန်မာပြည် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို ကူညီထောက်ပံ့မယ့် US အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်
အက်ဉပဒေ(NDAA)ကို US အထက်လွှတ်တော်ကပါ အတည်ပြုလိုက်ပါတယ်။

Dec 14 ။ ၂၀၂၂ ခုနှစ် ၁နှစ်အတွင်းမှာ မြန်မာပြည်က သတင်းသမား ၄၂ ယောက်ထက်မနည်း ထောင်ကျ ဖမ်းဆီးခံခဲ့ရကြောင်း နယူးယောက်အခြေစိုက်
သတင်းသမားများ ကာကွယ်ရေးကော်မတီ(CPJ)ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုနေတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိဖို့
အသိအမှတ်ပြုလိုက်တာဟာ ကုလအနေနဲ့ အကြမ်းဖက်မှုကို အားပေးတာ လို့ စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုပါတယ်။

Dec 13 ။ NLD အစိုးရလက်ထက်က ဗဟိုဘဏ် ဒု/ဉက္ကဌတာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှုပုဒ်မတွေနဲ့ ဖမ်းဆီးထားရာကနေ
စစ်ကောင်စီထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

Dec 12 ။ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နိုင်ငံတဝန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၇ဖွဲ့ဟာ စစ်ကောင်စီနဲ့ အလွတ်သဘောရော တရားဝင်ပါ ဆက်လက်ဆွေးနွေးဖို့
ကြိုးစားနေကြပါတယ်။


မြန်မာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နောက်ထပ် အနည်းဆုံး ၅နှစ်လောက် ကြာမြင့်နိုင်ကြောင်း အာဆီယံအလှည့်ကျဉက္ကဌ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

Dec 11 ။ ရန်ကုန်တိုင်းထဲက ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်၊ ညနေ ဧည့်သည်တွေ လက်မခံဖို့နဲ့ နေထိုင်သူတွေအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို
အကြောင်းကြားရမယ်လို့ သံဃနာယကအဖွဲ့က ကြေညာထားပါတယ်။


ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်
(TNLA)တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အင်အားပြင်းဗုံးလက်နက်တွေနဲ့ တိုက်ခိုက်ခံနေရကြောင်း TNLA ဘက်က ပြောပါတယ်။

Dec 10 ။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ မြန်မာပြည်တဝန်းက နေအိမ်အလုံးပေါင်း ၃သောင်း ၈ထောင်ကျော်
မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့က ကြေညာပါတယ်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဉီးဆောင်တဲ့ စစ်ကောင်စီတပ်က မြန်မာပြည်သူတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖျက်ဆီးနေတာတွေ၊
မြေယာတွေကို သိမ်းဆည်းနေတာကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့၊ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် ထိရောက်စွာတုန့်ပြန်အရေးယူသွားမှာဖြစ်ပြီး နစ်နာဆုံးရှုံးခဲ့တဲ့
ပြည်သူတဉီးချင်းစီအတွက် တရားမျှတစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဖော်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က
ကြေညာပါတယ်။

Dec 09 ။ NLD ပါတီရုံးချုပ်ကို ပြန်ဖွင့်ခွင့်ပြုဖို့ နေပြည်တော်အချုပ်ထောင်ထဲက ဒေါ်အောင်ဆန်းစုကြည်ထံ ပါတီဝင်တချို့ကို စစ်ကောင်စီက စေလွှတ်
တင်ပြခိုင်းပေမဲ့ သူမက ငြင်းပယ်လိုက်ကြောင်း ပါတီဝင်တွေထံက သတင်းရပါတယ်။ အာဏာသိမ်းခံရပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ်
၉၀ ဦး အပါအဝင် ပါတီဝင် ၁,၁၆၉ ဦးဖမ်းဆီးထောင်ချခံထားရပါတယ်။


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာပြီးနောက်
၄လအတွင်း စစ်ဘေးဒုက္ခသည် ၁သိန်းနီးပါးအထိ ရှိလာပြီး အကူအညီတွေပေးဖို့ ခက်ခဲနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UN OCHA) က
သတင်းထုတ်ပြန်ပါတယ်။

Dec 08 ။ US အနေနဲ့ အခုလကုန်ရင် နေရပ်ပြန်မယ့် မြန်မာပြည်ဆိုင်ရာ သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါ အစား အသစ်ခန့်အပ်ခြင်းမပြုဘဲ မြန်မာပြည်နဲ့
သံတမန် ဆက်ဆံရေးကို အဆင့်လျှော့ချထားတော့မှာ ဖြစ်ကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။


ရိုဟင်ဂျာမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဂျပန်နိုင်ငံသား တိုရူကူဘိုတာဟာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပြီးနောက် စစ်ကောင်စီရဲ့
ရက်စက်မှုတွေကို ဖုံးကွယ်လို့ရမှာ မဟုတ်ကြောင်း၊ မြန်မာပြည်အရေးကို ပစ်ပယ်မထားကြဖို့နဲ့ ဂျပန်အစိုးရအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့
ဝင်ငွေရလမ်းတွေကို ပိတ်ဆို့ကုဖို့ ပြောဆိုလိုက်ပါတယ်။

Dec 07 ။ မြန်မာပြည်ရဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာအပါအဝင် အဆိုးဆုံးဘေးဒုက္ခ ရင်ဆိုင်နေရတဲ့ပြည်သူတွေကို လူသားချင်းဆိုင်ရာ အကူအညီတွေပေးဖို့
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကို ဉရောပသမဂ္ဂ(EU) က ယူရိုငွေ ၆ သန်းခွဲ ထောက်ပံ့ထားကြောင်း သိရပါတယ်။


မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ အရသာကို ခေတ္တခဏမျှ ခံစားရရှိခဲ့ကြတာ ဖြစ်ပေမဲ့ ဒီအခွင့်အရေးတွေ ပြန်ရဖို့ စနစ်တကျ ပြင်ဆင်ပြီး
ခုခံတော်လှန်နေကြတဲ့ ပြည်သူတွေနဲ့အတူ အထူးသဖြင့် လူငယ်တွေအတွက် အထူးဂုဏ်ယူနေကြောင်း၊ ဒီအချိန်မှာ သူမ နှုတ်ပိတ်ခံထားရပေမဲ့
ပြန်လွတ်မြောက်မယ့် စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ ရှောာင်တာနဲလ်အနေနဲ့ လူတိုင်း သိအောင် ပြန်ပြောပြပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က
မေတ္တာရပ်ခံခဲ့ပါတယ်။

Dec 06 ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေနဲ့ PDF တွေ၊ ဖက်ဒရယ်စနစ် ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အဖွဲ့အစည်း၊ လူ့အခွင့်အရေးအတွက်
လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကို နည်းပညာတွေ အထောက်အပံ့ပေးမယ့် US အစိုးရရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဉပဒေ National
Defense Authorization Act (NDAA) ကို US အောက်လွှတ်တော်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။

Dec 05 ။ ၂လအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူ
၁၀၅ ဦး သေဆုံးခဲ့ပြီး ၂၆၃ ဦီး ဒဏ်ရာ ရရှိခဲ့ကြောင်းRFA က ပြုစုထားတဲ့စာရင်းတွေက ဖော်ပြပါတယ်။

Dec 04 ။ မြန်မာပြည်သူတွေ ချစ်ခင်ရတဲ့ နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်နဲ့ တေးရေးတေးဆို သျှန်ထွန်း(မြန်မာစာ)တို့ဟာ စစ်ကောင်စီကို လက်နက်ကိုင်
ပြန်ခုခံနေသူတွေကို ထောက်ပံ့နေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ Nov 30 ရက်တုန်းက ဖမ်းဆီးခံရပါတယ်။


လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရနိုင်ချေ ရှိတဲ့ အဆိုးဆုံး နိုင်ငံတွေ စာရင်းထဲမှာ မြန်မာပြည်က နံပါတ် ၃ နေရာမှာ ပါဝင်ကြောင်း US အခြေစိုက်
Holocaust Museum ဆိုတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းပြတိုက် သုတေသနအဖွဲ့က ဖော်ပြထားပါတယ်။

Dec 03 ။ မြန်မာပြည်တဝန်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၂ နှစ်အစကနေ နိုဝင်ဘာလကုန်ထိ ၁၁လအတွင်းမှာ အရပ်သား ၈သိန်းကျော်ဟာ
အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ပြောပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ
ယခုထိဆိုရင် အရပ်သားစုစုပေါင်း ၁၁ သန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရပြီ လို့လည်း ဆိုပါတယ်။

Dec 02 ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ထောင်တွင်းတရားရုံးတွေကနေ ပြည်သူ အယောက် ၁၃၀ ထက်မနည်းကို သေဒဏ်တွေ
ချမှတ် ကွက်မျက်ခံထားရတာကို အံ့ဩတုန်လှုပ်မိကြောင်းနဲ့ စစ်ကောင်စီရဲ့ တရားရုံးတွေဟာ လွတ်လပ်မျှတမှု မရှိကြောင်း ကုလ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီး Volker Yurk က ပြောပါတယ်။


ယခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေက လူဉီးရေ ၅သောင်းခန့်ရဲ့ ဆယ်စုနှစ်နဲ့ချီ နေထိုင်လာတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က
အင်အားသုံး ဖယ်ရှားနေတာဟာ အခြေခံလူ့အခွင့်အရေး ချိုးဖောက်တဲ့အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း
ကုလသမဂ္ဂက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Dec 01 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း USD သန်း ၁ရာခန့် ရှာဖွေ ရရှိထားနိုင်ခဲ့ပြီး နောက်ထပ် သန်း ၂၅၀ ခန့်
ထပ်မံရရှိဖို့ ရည်မှန်းထားကြောင်း၊ တော်လှန်ရေးကာလမှာ ကာကွယ်ရေးကဏ္ဍအတွက် ဉီးစားပေး သုံးစွဲသွားမှာဖြစ်ကြောင်း NUG ဘဏ္ဍာရေးဝန်ကြီး
ဦးတင်ထွန်းနိုင်က ပြောပါတယ်။ နေ့စဉ်ပေးဆပ်မှုတွေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ပေးနေတဲ့ မြန်မာပြည်သူတွေကို ချီးမွမ်းပြီး တော်လှန်ရေး အောင်မြင်ဖို့ ဆက်လက်
ပါဝင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။


“နိုင်ငံငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေအားလုံး အပြန်အလှန်ဆွေးနွေးကြဖို့လိုကြောင်းနဲ့ စစ်ရေးနည်းနဲ့ အဖြေရမှာမဟုတ်ကြောင်း”ကက်သလစ်
ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။ NUG နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များစွာကတော့
အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ မရှိကြောင်း ပြောဆိုထားကြပါတယ်။

Nov 30 ။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်နဲ့ လူငယ် ၃ ယောက် စုစုပေါင်း ၁၀ ဉီးကို တရက်တည်းနဲ့ စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ သေဒဏ်
ချမှတ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်တွေက အတည်ပြုဖော်ပြပါတယ်။
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်က လူဦးရေ ၃ရာကျော် နေထိုင်ကြတဲ့ နေအိမ် ၁ရာကျော်ကို ကျူးကျော်အိမ်ဆိုပြီး
စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေက မြေတူးယာဉ် ဘူဒိုဇာတွေနဲ့ ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာ နိုင်ငံတဝန်းက
နေအိမ်၊ ဆိုင်ခန်းပေါင်း ၁သောင်းကျော် ဖယ်ရှားခံရကြောင်း RFA က စာရင်းပြုစုဖော်ပြထားပါတယ်။

Nov 29 ။ ၂၀၂၁ ကတည်းက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင်း လေးကေ့ကော်မြို့ကနေ
ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၈ထောင်ကျော်ဟာ ၁နှစ်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ သောင်ရင်းမြစ်ဘေးမှာ ရှိနေပြီး စားနပ်ရိက္ခာ
အကူအညီအထောက်အပံ့တွေ လျော့နည်းလာပါပြီ။

Nov 28 ။ ၂၀၂၂ မတ်လကနေ နိုဝင်ဘာလကုန်အထိ ၉လအတွင်းမှာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက် အလုပ်လုပ်နေတဲ့
မြန်မာပြည်သူ ၂၁၂၀ ယောက် နေရပ်ပြန်ပို့ခံခဲ့ရကြောင်း ရွှေ့ပြောင်းမြန်မာလုပ်သားအရေး ကူညီသူတွေက ပြောပါတယ်။


မြန်မာပြည်သူတွေရဲ့ အာဏာရှင်တွန်းလှန်လိုစိတ် ပြင်းပြမှုကြောင့် အခုဆိုရင် နိုင်ငံရဲ့ နယ်မြေဒေသ ၆၀% ကို ပြည်သူ့ကာကွယ်ရေးအင်အားစူတွေက
ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီကို ဖယ်ရှားအပြီးမှာ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရမှာ ဖြစ်ကြောင်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက
ပြောပါတယ်။

Nov 27 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၂ထောင်ကျော်မှာ အမျိုးသမီး ၃၀၈ ဦးထက်မနည်း ပါဝင်နေပြီး
ဖမ်းဆီးခံထားရသူ ၁၆၄၃၂ ခန့်ထဲမှာ အမျိုးသမီး ၃၄၃၄ ဦးခန့် ပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က လက်လှမ်းမှီသလောက်
စာရင်းပြုစု ဖော်ပြပါတယ်။

Nov 26 ။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ် ပစ်ခတ်နေတဲ့အပြင် ကုန်သွယ်ရေး လမ်းကြောင်းတွေကိုပါ
ပိတ်ဆို့ထားတဲ့အတွက် ရခိုင်ပြည်သူ ၂သန်းကျော် ဒုက္ခရောက်နေပါတယ်။ ဒီနေ့မှာတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်ကြောင်း AA ပြောခွင့်ရ
ဦးခိုင်သုခက ပြောပါတယ်။

Nov 25 ။ လူသတ်မိုင်း(Antipersonal Landmine)တွေ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် အသုံးပြုမှု ပိုများလာပြီး၊ ကမ္ဘာတဝန်းမှာ
ဒီမိုင်းကို သုံးစွဲနေတာ မြန်မာနဲ့ရုရှား ၂နိုင်ငံသာ ကျန်တော့ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားတဲ့ အဖွဲ့ (ICBL) ရဲ့ အစီရင်ခံစာက
ဖော်ပြပါတယ်။


စစ်ကောင်စီက ဦးစီးကျင်းပတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို Zoom လူမှုကွန်ယက်မှာ ကျင်းပနေစဉ်
စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်နေချိန်မှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက နည်းပညာသုံး ဝင်ရောက်ပြီး
“လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ မုဒိမ်းစစ်တပ် အမြစ်ဖြတ်” စတဲ့ ကြွေးကြော်သံတွေ၊ စာတမ်းတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

Nov 24 ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၁ ခုမှာ စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်း တွေကို တိုက်ပွဲဖြစ်ပွားမှုတွေကို အကြောင်းပြပြီး
ပိတ်ပင်ထားတာကြောင့် အရပ်သား ၂သန်းကျော် အခက်ကြုံနေရကြောင်း ဒေသခံတွေပြောကြားချက်အရ RFA က သတင်းဖော်ပြပါတယ်။ ကုန်စည်စီးဆင်းမှု
အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့် ဝယ်ရခက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Nov 23 ။ ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်အပံ့တွေကို စစ်ကောင်စီတပ်က
ပိတ်ပင်တားမြစ်ထားပြီး၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ တောင်ကုတ် စတဲ့မြို့နယ်အများအပြားမှာ ရှာဖွေဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်နေကြောင်း၊
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် သွားလာရခက်ခဲနေကြောင်း ကုလ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။


လူ ၁ရာကျော် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အနန့်ပါ ဒေသ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်း၊ ကချင်ပြည်နယ်မှာ KIA တပ်နဲ့
စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ပိုဖြစ်လာနေပါတယ်။ ၁လအတွင်း တိုက်ပွဲပေါင်း ၁၅ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က
လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်ခဲ့ပါတယ်။

Nov 22 ။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုဘပ် NLD ပါတီ လူ့အခွင့်အရေး ချိုးဖောက်မှု
မှတ်တမ်းများ ကောက်ယူရေးအဖွဲ့(NLD – HRDT) တို့ရဲ့ စာရင်းဇယားတွေအရ စစ်အာဏာသိမ်း ၂၁ လကျော်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့
နေအိမ် အဆောက်အအုံပေါင်း ၇၈၉ လုံးနီးပါး ချိပ်ပိတ် သိမ်းဆည်းခံထားရကြောင်း သိရပါတယ်။

Nov 21 ။ အမျိုးသားနေ့အထိမ်းအမှတ်နဲ့ အကျဉ်းသား ၆ထောင်ကျော် ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဉီး(6.9%)သာ ပါဝင်ကြောင်း
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က သတင်းထုတ်ပြန်ပါတယ်။

Nov 20 ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး
အညွှန်းကိန်းအရ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာပြည် ထည့်သွင်းဖော်ပြခံရပါတယ်။


အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ဒီနေ့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့အထိ နိုင်ငံတဝန်းက ကလေးသူငယ်
၂၄၂ ယောက် သေဆုံးခဲ့ပြီး၊ ၃၇၂ ဉီး ဖမ်းဆီးအကျဉ်းချခံထားရကြောင်း၊ ကာယကံရှင်မိသားစုဝင်တွေရဲ့ အတည်ပြုချက်ပေါ် အခြေခံပြီး စာရင်းပြုစုထားတာဖြစ်ပြီး
တိကျတဲ့သက်သေတွေ မရသေးတဲ့ ဖြစ်ရပ်များ ရှိတာကြောင့် လက်ရှိမှာ ယခုထက် ပိုများဖို့ ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နဲ့
ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။

Nov 19 ။ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် တခုလုံးကို နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီ
အုပ်ချုပ်ရေးမှူးရုံးက ကြေညာလိုက်တာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံနေရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို US ဝါရှင်တန်ဒီစီမြို့မှာ ဖွင့်လှစ်လိုက်ပြီး ရုံးဖွင့်ပွဲကို ကုလသမဂ္ဂ
အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

Nov 18 ။ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်က လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးမယ့် ဆုံးဖြတ်ချက်တရပ်ကို
ကုလဌာနချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးက မဲမခွဲဘဲ သဘောတူ အတည်ပြုလိုက်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့
မြန်မာစစ်တပ်ကို ရှုတ်ချပြီး ပြစ်မှု ကျူးလွန်သူတွေ တာဝန်ခံမှု ရှိလာအောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။


၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါတီ၊ သို့မဟုတ် တသီးပုဂ္ဂလ ကိုယ်စားလှယ် တဉီးတည်းကိုသာ မဲပေးရမဲ့
Close Listed PR စနစ်ကို ကျင့်သုံးမှာဖြစ်ကြောင်း စစ်ကောက်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့
ကိုယ်စားလှယ် ၂၅ % အကြောင်းကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ ရုံးဌာနတွေ အခြေစိုက်ရာ နေပြည်တော်မှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေကို ဝင်ငွေခွန် ၅နှစ်ထိ ကင်းလွတ်ခွင့်ပေးမယ်လို့
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပါတယ်။

Nov 17 ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဖမ်းဆီးနှိပ်ကွပ် ခံနေရချိန်မှာ၊ ရန်ကုန်၊ မန္တလေးလို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့မှာ
လုယက်မှု၊ လူသတ်မှုနဲ့ ဓါးပြတိုက်မှုတွေ ပြောင်ပြောင်တင်းတင်း တိုးလာပြီး ကျူးလွန်သူ အများစုဟာ အရေးယူမခံရဘဲ လွတ်မြောက်နေပါတယ်။ လမ်းမတွေမှာ
အုပ်စုဖွဲ့ လုယက်တာတွေအပြင် နေအိမ်၊ ဆိုင်တွေထဲထိ ဝင်ရောက် အကြမ်းဖက်လုယက်မှုတွေ အဖြစ်များလာတာကြောင့် လုံခြုံမှု မရှိတော့ကြောင်း
ဒေသခံတွေက ပြောပါတယ်။