ငါနဲ့ဗလာမနက်ဖြန်များ

လင်းခန့်သာSeptember 8, 20101min630

အစိုးမရတဲ့ စိတ်’ ရဲ့ ပြောင်းလဲမှုဖြစ်စဉ်ထဲ
ငါ့အတွက် . . . နင်ဖွင့်ထားခဲ့တဲ့စာမျက်နှာဟာ
တစ်ခန်းရပ်ချိန်တန်တော့လည်း
ငါ့မနက်ဖြန်တွေအလဲလဲအကွဲကွဲနဲ့
အိပ်စက်ချိန်တွေ ကျဲခဲ့ရတဲ့အထိအောင်ပဲ . . .

ငါမြတ်နိုးရသော ငပျင်းမလေးရ . . .
စိတ်ဒဏ်ရာ ကင်းကင်းနဲ့
ဘဝမှာ
ဖြူစင်မှု့ တွေ ထာဝစဉ် လင်းပါစေကွယ်။

ဟောဟိုသက္ကရာဇ်တွေထဲက
ပန်းနုရောင်မွေးနေ့တစ်ခုမှာ
တစ်ယောက်ခြေထောက်ကိုတစ်ယောက်ချိတ်လို့
တိတ်ဆိတ်စွာ ထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်လေးလဲ
ကော်ဖီရနံ့တွေနဲ့အတူ
ငါ့ရင်မှာအခုတိုင် မွှေးထုံလတ်ဆတ်ဆဲပါပဲ . . .

အလွမ်း ‘ ဆိုတာ
ကွမ်းစား ဆေးသောက် ကျပျောက် တာထက်ကို
ခံနိုင်ရည် ပိုနည်းတယ် ‘ ဆိုတဲ့အကြောင်း
နင်သိအောင် ဘယ်လို စာလုံးပေါင်းပြရပါ့မလဲ။

ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့
အခု . . . ငါ့ရင်ဘတ် တစ်ခုလုံးစာပုံအပ်
နင့်ရဲ့ဥပေက္ခာ ဝန်ရိုးစွန်းတစ်ဖက်ကနေ
ချွင်းချက်မရှိ လက်နက်ချလိုက်ပါတယ်။