ကံဆိုသည်မှာ

etoneSeptember 9, 20101min833

ကံဆိုတာဘာကိုခေါ်လည်းလို ့မပြောခင်မှာ ကံကို ၂ မျိုးခွဲခြားလို့ရပါတယ်။ ပထမတစ်မျိုးကတော့ ရှေးအတိတ်ဘဝက ကံ ၊ နောက်တစ်ခုကတော့ အခု လက်ရှိဖြစ်ပျက်နေသော ကံ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရပါတယ်။ ကံဆိုတာဟာ တစ်ကယ်တော့ အလုပ်ပါ။ ကိုယ်လုပ်သမျှသော အလုပ်အားလုံးဟာ ကံတွေပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးကိုခံစားရမယ် ဆိုတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ရင်းနှီးပြီးသားဘုရားဟောတရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှမဟုတ်ပါဘူး ဘယ်ဘာသာကိုမဆို မကောင်း တာကိုမလုပ်ဖို ့ကောင်းတာကိုလုပ်ဖို့လမ်းညွှန်ထားကြတာပါပဲ။ ဒီဘက်ခေတ်ထဲမှာ မကောင်းမှုလုပ်နေပြီးတော့ ဘာလို့ကြီးပွားချမ်းသာ နေလည်း လို ့မေးစရာရှိပါတယ်။ ဒီလိုပုံစံမျိုးမေးခွန်းအတွက်ကတော့ ဘုရားဟောသာဓကတစ်ခုနဲ ့ရှင်းလင်းပြောပြပါ့မယ်။ ဘုရားရှင်လက်ထက်မှာတုန်းက သူငယ်ချင်းကုန်သည်နှစ်ဦး တစ်ခြားမြို ့ရွာကို ကုန်ပစ္စည်းအရောင်းအဝယ်သွားကြတယ်။ တစ်ဦးက စိတ်ရင်းစေတ နာကောင်းနဲ့ လူတွေကိုကူညီတယ်၊ ကုသိုလ်သီလဆောက်တည်ပြီး ကံငါးပါးကိုစောင့်ထိန်းတယ်။ နောက်ကုန်သည်တစ်ဦးကတော့ မကောင်းမှု မှန်သမျှ အကုန်လုပ်တယ်ပေါ့။ ဒီလိုနဲ ့သူတို ့နှစ်ယောက်အတူသွားရာမှာ လမ်းခုလတ်မှာ တံတားလေးတစ်ခု ရောက်တော့ ကောင်းမှုလုပ်တဲ့ ကုန်သည်က အရင်ကူးရာမှာ တံတားပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားတယ်၊ကုန်ပစ္စည်းတွေလည်းဆုံးရှူံးသွားတာပေါ့။ မကောင်းမှုလုပ်တဲ့ ကုန်သည်ကတော့ တံတားကိုကောင်းကောင်းမွန်မွန်ကူးနိုင်ပြီး မြို ့ကိုရောက် ကုန်ပစ္စည်းတွေရောင်းရပြီးတော့ ကြီးပွားချမ်းသာတာပေါ့။ ဒီတော့ ကောင်းမှုလုပ်တဲ ့ကုန်သည်က ငါကောင်းကောင်းမွန်မွန်နေရဲ ့သားနဲ ့အကုသိုလ်တွေကိုပဲကြုံတွေ့ရတယ် ဆိုပြီးဘုရားရှင်ကို သွားပြီးတော့ လျောက် တယ်။ ဒီတော့ ဘုရားရှင်က ချစ်သား.. မင်းကခုဘဝမှာကောင်းတာလုပ်လို ့ခုလိုပဲ မင်းခြေထောက်လေးပဲကျိုးရတယ်… တကယ်လို ့မင်းခုဘဝမှာ ကောင်းတာမလုပ်ခဲ့ရင် မင်းတံတားပေါ်ကကျတဲ့အချိန်မှာသေဆုံးပြီး ငရဲကျမယ်…ဘာလို ့လည်းဆိုတော့ မင်းအရင်ဘဝကပြုလုပ်ခဲ့တဲ့ မကောင်းမှု တွေကအရမ်းများခဲ့တဲ့အတွက်ဖြစ်တယ်၊ ဟိုမကောင်းမှုကုန်သည်ကတော့ ဒီဘဝမှာ ကောင်းမှုလုပ်ခဲ့မယ်ဆိုရင် လောကီချမ်းသာကိုတင်မကပဲ နိဗ္ဗာန် ချမ်းသာထိရနိုင်တယ်လို ့မိန့်ကြားတော်မူတယ်…။ ဒီဥပမာကိုကြည့်ရင် ရှေးအတိတ်ကံနဲ ့လက်ရှိကံကို ခွဲခွဲခြားခြားသိနိုင်ပါတယ်။ မကောင်းမှုလုပ်တဲ့ကုန်သည်ကတော့ အရင်ဘဝက အတိတ်ကံကို ပြုတ်စားတဲ့သူ လို့ခေါ်နိုင်ပါတယ်။ ရှေးအတိတ်ကံ ကောင်းမှုကိုခံစားပြီး လက်ရှိဘဝမှာခံစားရပေမယ့်လို့ ရှေးအတိတ်ကံကောင်းမှုတွေကုန်ခဲ့ရင်တော့ ကျွမ်းပြန်အောင် မကောင်းမှုဒဏ်ကိုခံစားရမှာဖြစ်ပါတယ်။ ကောင်းမှုလုပ်ခဲ့တဲ့ ကုန်သည်ကတော့ ရှေးအတိတ်ကံဆိုးကို ယခုဘဝ ကောင်းမှုလုပ်တဲ့ ကုသိုလ်တွေနဲ ့ခြေဖျတ်တယ်လို ့ဆိုနိုင်ပါတယ်။ ကံကြီးထိုက်တဲ့ (၅) ပါးမဟုတ်ရင် ရှေးအတိတ်အကုသိုလ်ကံ ကို ယခုဘဝပြုလုပ်တဲ ့ကုသိုလ်ကံနဲ ့ချေဖျတ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဘဝမှာ ကံကောင်းချင်ရင် ကောင်းတာလုပ်ပါ။ အလုပ်ဆိုတာကံကပါပဲ ၊ အလုပ်ကောင်းရင်ကံကောင်းမယ် ၊ ကိုယ်လုပ်တဲ ့အလုပ်အပေါ်မှာ စေတနာပါပါလုပ်ပါ။ ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ်နဲ ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင်ကလည်း ကို့ကိုလေးစား လာပါမှာပဲဖြစ်ပါတယ်။ နောက်ပြီး နေ့စဉ်ကြုံတွေ့နေရတဲ့ စကားတစ်ခွန်းကတော့ “ငါကံမကောင်းဘူးကွာ၊ ဘာလုပ်လုပ်အဆင်မပြေဘူး” လို့စကားပဲ ဖြစ်ပါတယ်။ အဲဒီစကားကို ပြန်ပြီးဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် “ငါမကောင်းတာတွေကိုလုပ်နေတယ်၊ ဘာလုပ်လုပ်အဆင်မပြေဘူး” လို့ဝန်ခံနေ တာနဲ ့တူပါတယ်။ ဒါမို့လို့ အဲဒီလိုပြောနေမယ့်အစား ငါ ဘာမကောင်းမှုတွေကိုလုပ်နေလည်း၊ငါ့အလုပ်အပေါ်မှာ ဘယ်လိုမကောင်းတဲ့စိတ်ထားနဲ ့လုပ် နေလည်းဆိုတာကို ပြန်ဆန်းစစ်ပြီးတော့ ပြုပြင်ဖို့လိုပါတယ်။ ငါကကုသိုလ်ကောင်းမှုလုပ်ပါရဲ ့သားနဲ ့ကောင်းကျိုးမခံစားရဘူး၊ သူများတွေကတော့ မကောင်းမှုလုပ်နေပြီး ကောင်းကျိုးခံစားရတယ်ဆိုပြီး မနာလိုမစ္ဆရိယ စိတ်ထားနဲ ့လောကကြီးကိုကန် ့လန် ့တိုက်ဖို ့လည်းမစဉ်းစားပါနဲ့။ ငါ အတိတ် ဘဝက မကောင်းမှုလုပ်ခဲ့တဲ့အကုသိုလ်တွေကို ဒီဘဝမှကောင်းမှု့ကိုပိုလုပ်မယ်ဆိုတဲ့စိတ်ထားနဲ ့ပဲ ကောင်းတဲ့အလုပ်ကိုလုပ်ဖို့၊ ကိုယ်လုပ်နေတဲ ့အလုပ်အပေါ်မှာ စိတ်ထား ကောင်းကောင်းနဲ ့စေတနာပါပါလုပ်ပါလို ့တိုက်တွန်းလိုပါတယ်။ မိမိပြုလုပ်သမျှသောအလုပ်တွေကို ကံလို့ခေါ်ပါတယ်။

3 comments

  • HayMonChan

    September 9, 2010 at 6:33 pm

    မှတ်သားသွားပါသည်

  • Yin Nyine Nway

    September 10, 2010 at 4:38 am

    ကောင်းလိုက်တဲ့ ပိုစ့် ကျေးဇူးပါ

  • bigcat

    September 12, 2010 at 2:37 am

    ကံကောင်းလို့ ဒီပို့စ်ကိုဖတ်ရတာပေါ့နော်။ မဟုတ်လို့ လက်ချော်ပြီး ဟိုဝက်ဘ်ဆိုက်ဒ် ထဲရောက်ရင် စိတ်မထိန်းနိုင်ပဲ ပိုက်ဆံကုန် နေအုန်းမှာ။ (လောင်းကစား ဝက်ဘ်ဆိုက်ကို ပြောပါတယ်)

Leave a Reply