သျှမ်းဓါးအမျိုးမျိုး

Yin Nyine NwaySeptember 9, 20101min792

သျှမ်းများသည် ဓါးအမျိုးမျိုး၊ ပုံအဖုံဖုံ၊ အရွယ်အစား သူ့နေရာနှင့်သူခွဲခြား၍ ဓါးများသုံးစွဲလာခဲ့ရလေရာ နှစ်ပေါင်းပရိစ္ဆေဒကြာညောင်းခဲ့ပေပြီ။ လုပ်ငန်းခွင်အသီးသီးမှ (၁) အကြမ်းသုံးသည့် သစ်ခုတ် ဝါးခုတ်၊ ထင်းခွေ၊ ခုတ်ထစ်ပိုင်းဖြတ်သော အခါ သျှမ်းအခေါ် ဖလုံ၊ ဖငက်၊ ဖဟတ်၊ ဖအွန် စသော ဓါးမကြီး၊ ဓါးမလတ်၊ ဓါးမငယ် အသီးသီးဖြင့်လည်းကောင်း၊ (၂) လယ်ယာခြံမြေလုပ်ငန်းခွင်များ တောတောင်လျှိုမြောင်၊ သစ်ပင်ခြုံနွယ်များ သုတ်သင်ရှင်းလင်းသော အခါ သျှမ်းအခေါ် ဖဝိုင်း၊ ဖယောင်း၊ ဖတီတဲ၊ ဖတီငေါက် စသော ဓါးရှည်ဓါးမကောက်၊ မကြီးမငယ်အလတ်လတ် အရွယ်ဓါးများဖြင့်လည်းကောင်း၊ (၃) အိမ်းတွင်းအိမ်ပြင် အနီးအနား လုပ်ငန်းများ၊ ခွဲခြမ်းစိတ်ဖြာ နှီးစိတ်နှီးချောနှင့် ပေါ့ပါးသောလုပ်ငန်းများတွင် အသုံးပြုသည့် ရှမ်းအခေါ် ဖဝိုင်း၊ ဖအွန်၊ ဖဝစ်၊ မစ်အွန် စသော ဓါးမြောင် အမျိုးမျိုးဖြင့်လည်းကောင်း၊ (၄) မီးဖိုချောင်သုံး ဟင်းသီး၊ ဟင်းလျှာ၊ အာလူး၊ ကြက်သွန် များလှီးဖြတ်ခွဲစိတ်ရန် သျှမ်းအခေါ် မိတ်အွန်၊ ဖအွန် စသော ဓါးမြောင်၊ ဓါးလှီးဓါးများဖြင့်လည်းကောင်း၊ (၅) ထိုမှတပါး အခြားလူ့အသုံးအဆာင်အဖြစ် သျှမ်းအမျိုးသားများ၏ ဂုဏ်အင်္ဂါရပ် တစ်ခုအပါအဝင်ဖြစ်သော သျှမ်းအခေါ် လျောင်းယောင်း၊ မစ်အွန်၊ မစ်ဟွန်၊ မစ်ပေါက် စသောဓါးလွယ်အရွယ်အမျိုးမျိုးဖြင့် လူကြီးလူငယ်မရွေး ဈေးသွားဈေးပြန်၊ ပွဲလန်းသဘင်ဆင်ယင် ကျင်းပရာသို့ သွားသည့်အခါ သျှမ်းအမျိုးသားများ၏ ဆင်ယင်ထုံးဖွဲ့မှုအပါအဝင် ပုခုံးလွယ်၊ ခါးချိတ်သည့် ဓါးများဖြင့်လည်းကောင်း၊ ဓါးသိုင်းကရာတွင် ဓါးလွယ်များပင် သုံးကြသည်။ (၆) လက်သမား၊ ပန်းပု ပန်းဘဲ၊ ပန်းထိမ် သုံးသည့် ဓါးအရွယ်အမျိုးမျိုး ပုံအမျိုးမျိုးဖြင့်လည်းကောင်း ရှိကြပေသည်။

အထူးသဖြင့် အလှသုံး ဆင်ယင်ထုံးဖွဲ့မှု အဆောင်အယောင်ဖြစ်သည့် ဓါးလွယ်ကြီးငယ်များမှာ ဓါးအိမ်ပါရှိသည်။ ဓါးရိုးကို ဆင်စွယ်၊ ကျွဲချို နှင့် ဝါးသစ်သားကို ရွှေကွတ်၊ ငွေကွတ်၊ ကြေးကွတ်များပါသည်။ ဓါးအိမ်များမှာလည်း များသောအားဖြင် ယမနေသားနှင့် မဲ့ယုံးသားများဖြင့်ပြုလုပ်ကြသည်။ ဓါးအိမ်ကို ရွှေ၊ ငွေ၊ ကြေးခွေ၊ ဝါးခွေ၊ ကြိမ်ခွေဖြင့် အပြည့်စွတ်ထည့်ထားပြီး၊ ပုခုံးလွယ်ရန်၊ ခါးချိတ်ရန် ဓါးကြိုးကို အထူးပြုလုပ်ထားပါသည်။ အထူးပြုလုပ်ထားသော ဓါးကြိုးမဟုတ်ပဲ အခြားကြိုးများဖြင့် ထည့်ထားပါက အမြင်မကောင် အကြောင်းမဆီလျှော်ပဲ အများသရော်ခံရတတ်ကြပါသည်။ ထိုကြောင့် ဓါးလွယ်ကြီးငယ်များ အလျောက် သူ့အရွယ်နှင့်သူ ပိုး၊ ချည်၊ သိုးမွေး နာနတ်ချည်များဖြင့် အထူးပြုလုပ်ထားသော ဓါးကြိုးအမျိုးမျိုး ရှိပါသည်။ ဓါးကြိုးများ၏ အရောင်မှာ အစိမ်း၊ အနီ၊ အပြာ၊ အဝါနှင့် အနက်များဖြစ်ကြပြီး အဖြူရောင်ကို ပြုလုပ်လေ့မရှိတတ်ပါ။

2 comments

  • ဆူး

    September 9, 2010 at 10:37 am

    နာမည်တွေကတော့ အများကြီးဘဲ ပုံလည်း မပါဘူးဆိုတော့ ခဏလေးနဲ့ မေ့သွားကော ပုံလေး မြင်ရရင် ပိုကောင်းမယ်နော်

  • sithuphyo

    September 9, 2010 at 10:53 am

    ဟုတ်ပါတယ်။ပုံလေးတွေပါထည့်ပေးရင်ကောင်းမယ်။ ခုလိုဗဟုသုတလေးတွေဝေမျှတာကျေးဇူးပါ။

Leave a Reply