စည်းကမ်းမဲ့ ပရိသတ် အချို့ကြောင့် ရန်ကုန် ကစားသမား တစ်ဦးနှင့် ကွင်းလယ် ဒိုင်လူကြီး ဒဏ်ရာရ

Yin Nyine NwaySeptember 9, 20101min831

စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးကွင်းတွင် ကစားခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ကမော္ဘဇ အသင်းတို့ ပွဲတွင် ပရိသတ် အချို့၏ စည်ကမ်းမဲ့ လုပ်ရပ်ကြောင့် ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် မိနစ် ၉ဝ ပြည့်ရန် မိနစ် အနည်းငယ်သာ အလို၌ ရန်ကုန် ကစားသမား အဲလစ်ဆန်ဂျီလို ဘေးစည်းနားတွင် လဲကျနေသည်ကို ပွဲကြည့်စင် ပေါ်မှ ပရိသတ် များက ပုလင်းခွံ၊ ရေသန့်ဗူး၊ အုတ်ခဲကျိုး စသည်တို့ဖြင့် ပစ်ပေါက် ခဲ့ခြင်း ဖြစ်သည်။ အဲလစ် ဆန်ဂျီလိုသည် အဆိုပါ ဖြစ်ရပ်ကြောင့် တံတောင်ဆစ်တွင် ကွဲသွားခဲ့ပြီး သွေးများ ထွက်နေသဖြင့် အရေးပေါ် ပြုစု ကုသမှု ပြုလုပ်ခဲ့ ရသည်။ ထို့ပြင် ပရိသတ်ကို ဝင်တားသည့် ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းထွဋ် မှာလည်း ပစ်ပေါက်သည့် အရာများဖြင့် ထိခိုက်မိ သဖြင့် လက်ဖမိုးတွင် ဒဏ်ရာ ရသွားခဲ့သည်။ ထို့နောက်တွင် ပရိသတ်များ အဆက်မပြတ် ပစ်ပေါက် နေမှုကြောင့် လည်းကောင်း၊ ဒဏ်ရာရ သူများကို ဆေးကုသ နေရသဖြင့် လည်းကောင်း ပွဲကို အချိန် အတန်ကြာ ရပ်နားထား ခဲ့ရသည်။ သို့သော် အဲလစ် ဆန်ဂျီလိုနှင့် ဦးဝင်းထွဋ်တို့ ကွင်းထဲ ပြန်ဝင်လာ နိုင်ခဲ့ပြီး ပွဲပြီးသည် အထိ ဆက်လက် ပါဝင်သွား နိုင်ခဲ့ကြောင်း တွေ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက “ဒီနေ့ပွဲမှာ ပရိသတ်တွေ ပြည့်ပြည့်လျှံလျှံနဲ့ အားတက်သရော အားပေး ခဲ့ကြတာ တွေ့ရလို့ ဝမ်းသာ ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး မိနစ် အနည်းငယ် အလိုမှာ ဖြစ်သွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် အရုပ်ဆိုး ခဲ့ရတာပါ။ ပရိသတ် တွေကသာ ဒီလို မဖြစ်အောင် ထိန်းနိုင်ခဲ့မယ် ဆိုရင် ဒီနေ့ပွဲဟာ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲ အဖြစ်နဲ့ ပြီးဆုံးသွားခဲ့ မှာပါ”ဟု ပြောကြားခဲ့သည်။ ကမော္ဘဇ နည်းပြချုပ် ဦးဆန်းဝင်း ကလည်း “ပရိသတ်တွေ အရမ်း နိုင်ချင်စိတ် များသွားလို့ ဖြစ်ခဲ့ရတယ် ထင်ပါတယ်။ ကျွန်တော်တို့လည်း ပရိသတ် တွေကို စည်းကမ်း ရှိဖို့ အစောကြီး ကတည်းက နှိုးဆော်ထား ပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲတုန်းက ဒီလို မဖြစ်ခဲ့ ပါဘူး ဒီပွဲကျမှ အရမ်း နိုင်ချင်စိတ် များသွားလို့ ဖြစ်သွားရ တာပါ”ဟု ပြောကြားခဲ့သည်။ အဆိုပါ ပွဲကို တောင်ကြီးမြို့သို့ သွားရောက် ကြည့်ရှုသူ Soccer Myanmar မှ အယ်ဒီတာ ကိုဇင်သော်နိုင် ကမူ “တကယ့်ကို စိတ်မကောင်း စရာပါပဲ။ တောင်ကြီး ပရိသတ်ဟာ ပြီးခဲ့တဲ့ ပွဲတွေမှာ အရမ်းကောင်း ခဲ့တဲ့ ပရိသတ်ပါ။ ကျွန်တော်တို့တောင် သူတို့ကို မရမ်းကားတဲ့၊ မဆဲတဲ့ ပရိသတ်လို့ လှိုက်လှိုက်လှဲလှဲ ချီးကျူးနေ ခဲ့ကြတာပါ။ စုန်းပြူး တစ်ချို့ကြောင့် ရထားပြီးသား နာမည်ကောင်းလေး ပျက်သွားရတာ တောင်ကြီး ပရိသတ် အတွက်ရော၊ ကမော္ဘဇ အသင်း အတွက်ရော၊ မြန်မာ နေရှင်နယ်လိဂ် အတွက်ပါ ဝမ်းနည်းစရာ ပါပဲ။ ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူး ပါတယ်။ တောင်ကြီးရယ်၊ ရန်ကုန်ရယ်၊ မန္တလေးရယ်လို့ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ကောင်းတဲ့ ပရိသတ် ရှိသလို ဆိုးတဲ့ ပရိသတ်လည်း ရှိပါတယ်။ လူတွေ အများကြီး ရှိတဲ့ အထဲမှာ ဆိုးတဲ့ သူကို ကောင်းတဲ့သူက မထိန်းနိုင်ရင် ငခုံးမ တစ်ကောင်ကြောင့် တလှေလုံးပုတ် ဆိုသလို ဖြစ်မှာပါပဲ။ ပိုဆိုးတာက ထိခိုက် သွားတာ နိုင်ငံခြားသား ဖြစ်နေလို့ မြန်မာ ဘောလုံး လောကကို နိုင်ငံတကာက အမြင်စောင်း စေနိုင် ပါတယ်။ လာမယ့် ပွဲတွေမှာ ဒီအမဲစက် ကြီးကို ပြန်ဖျောက် ပစ်နိုင်ဖို့ ပရိသတ်တွေ အချင်းချင်း ထိန်းသိမ်းပြီး စည်းကမ်း တကျ အားပေးကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်”ဟု ပြောကြားသွား ခဲ့သည်။

ဒါပေမဲ့ အဖြစ်မှန်ကိုတော့ ပြောကြားခြင်းမရှိပါဘူး

အမှန်က..အဲလစ်ဆန်ဂျီက ပရိသတ်ဖက်ကို ရေသန့်ဘူးထဲ ခဲထဲ့ပီးပြန်ပေါက်တာကျတော့ကော..

..
အောင်အောင်ဦးကလဲ ပရိသတ်ဘက်လှမ်းအော်ဆဲတာကျတော့ကော…………………. လို့ ကိုယ်တိုင် ပါဝငါကြည့်ရှု ခဲ့ သူတယောက်ကပြောပြခဲ့ပါတယ်
ရိုင်းတယ်လို့ ပြောလို့မရပါဘူး
လုပ်သူက လုပ်မှတော့ ပရိသတ်ကတော့ ဆူမှာဘဲလေ
ချစ်ပါတယ်ဆိုတဲ့ နောနော် တောင် ပြန်ဆဲ လို့ အားလုံး ပြန်ဆဲ ကြသေးတာပဲ
ပြိုင်မှာ ဒီလိုလုပ်ရင်တော့ ပြန်လုပ်ကြမယ်လို့
တောင်ကြီး သူပီပီ တောင်ကြီး ဘက်က နာပေးလိုက်ရင် ဒီပို့စ်လေး ကိုတင်ပေးလိုက်ပါတယ်

One comment

  • bigcat

    September 10, 2010 at 3:25 am

    ကာတွန်းတပုဒ် ထဲမှာလား မသိ ဖတ်ဘူးပါတယ်။ ဘောပွဲတခုမှာ လူငယ်စုံတွဲက မိတ်ဆွေလူကြီးကို သူတို့ မကြာခင် လက်ထပ်တော့မယ်လို့ ပြောပါတယ်။ ဒါနဲ့အချိန်နဲနဲကြာသွားပြီး နောက်ပွဲတခုမှာ ပြန်ဆုံကြတော့ လူကြီးက ဟေ့ကောင်လေး မင်းတို့ အိမ်ထောင်ရေးက ဘယ်လိုလဲလို့ မေးတော့ လူငယ်က ဟာ ဦးလေး အဆင်မပြေလို့ လမ်းခွဲလိုက်ကြပြီလို့ ပြောတော့ လူကြီးက မင်းတို့ခေတ် အိမ်ထောင်ရေးကလဲကွာ ဘောတပွဲစာတောင် မခံပါလားလို့ မှတ်ချက်ချပါတယ်။ အခုလည်း တောင်ကြီးဘောပွဲ ပရိတ်သတ် တော်တယ်လို့ ချီးမွမ်းတာ ဘောပွဲတပွဲစာတောင် မခံပါလားလို့တွေးမိပါတယ်။ ငယ်ငယ်က အောင်ဆန်းကွင်းမှာလုပ်တဲ့ ပထမတန်း ဘောပွဲတွေမှာ လူကြီးတွေကို နမူနာယူပြီး သူတို့ဆဲတိုင်းလိုက်လို့ ဘောသမားရော၊ ဒိုင်ရော၊ စစ်ဗိုလ်ချုပ်တွေရော ဆဲခဲ့တာ မှတ်မိပါတယ်။ မြန်မာပြည်မှာ အကြီးအကဲဆိုတာ တွေကို လွတ်လွတ်လပ်လပ် ဆဲလို့ ရတာ ဘောပွဲပဲ ရှိမယ်ထင်ပါတယ်။ အာဏာသိမ်းကာစ အားကာညွှန်ချုပ်က ဗိုလ်မှူးကြီးအောင်ဒင်ပါ၊ ပွဲတွေမှာ ပရိတ်သတ်က သူဘာလုပ်လုပ်ဆဲပါတယ်။ ဘောင်းဘီဝတ်လာရင်လဲ ကိုယ့်ကိုယ်ကို မင်းသားများ မှတ်နေလားလို့ ဆဲကြ၊ ပုဆိုးတိုက်ပုံ ဝတ်လာပြန်ရင်လည်း မတန်မရာကွာ ဆိုပြီးဆဲပါတယ်။ ထိုင်ခုံမှာ ငြိမ်ငြိမ်ထိုင်နေရင်လဲ ငပျင်း၊ ထပြီးမိန့်ခွန်း ခြွေပြန်ရင်လည်း တော်ပါတော့လို့ ဆဲကြတာ ပြန်မြင်ယောင် မိပါတယ်။

Leave a Reply