“မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်းတစ်)

ဟိုလွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က ဆိုပါတော့
ကျနော်ကို မန္တလေး မြို့၊လမ်း80 အနောက်ကျုံးလမ်း 16လမ်း အခုရွှေဘဲစားတော်ဆက်ဖွင့်ထားတာရဲ့အနောက်ဘက်ငါးအိမ်ကျော်လောက်မှာ
ဇူလိုင်လထဲကလကွယ်ရက် တစ်ရက်ရဲ့ မိုးတွေသဲနေတဲ့ညနေစောင်းမှာမွေးဖွားခဲ့ပါသတဲ့။
ကျနော်တို့ အမေဖက်က ဘိုးဘိုးတို့ရဲ့အိမ်မှာပေါ့ အရပ်ကတော့ မေဃဂီရိရပ်ကွက်ကြီး ၊ဝင်းကတော့ ထီးရိုးဝင်းပေါ့။
ကျနော်မွေးတဲ့အိမ်ရဲ့တောင်ဘက်က ဝင်းကို တော့ ကသဲဝင်းလို့ခေါ်ပါတယ်။
ကျနော်အထင်တော့ အမေတို့နေတဲ့ရပ်ကွက် က ယိုးဒယားတို့ ကသဲလူမျိုးတို့နဲ့သွေးမကင်းဘူးထင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်ငယ်ငယ်က အခုလမ်း30 (82×83)ကြားမှာရှိတဲ့ ရာမနတ်စင်ရှိတဲ့ဝင်းထဲကိုခဏခဏသွားပြီးကန့်တော့ရတာရယ် အစိမ်းရောင်မဝတ်ရဘူးလို့ အမေကမှာတာကိုရယ်ဆက်စပ်တွေးမိလို့ပါ။
နောက်ကျနော်မွေးတဲ့ 16လမ်းဘက်က ဘုရားပွဲတွေဆွမ်းကြွေးတွေအလှုအတန်းတွေရှိတယ်ဆိုရင် “ခနုံထုပ်” လို့ခေါ်တဲ့မုန့်ကို အမြဲပါအောင်ထည့်ပါတယ်။
ဒီမုံ့က ကြက်ဥကိုဖောက်ပြီးတော့အကာနဲ့ အနှစ်တွေကိုရောပြီးခလောက် ပြီးရင် မီးဖိုပေါ်မှာမီးအေးအေးနဲ့တင်ထားတဲ့ဒယ်အိုးပြားပေါ်ကို ဇွန်းလေးနဲ့ အဝိုင်းပြားပြား ပါးပါးလေးလေးဖြစ်အောင်ထည့်လိုက်ပါတယ်။
မြင်အောင်ပြောရရင် မုန့်ပြစ်စလက် ရေပါးလုပ်သလိုပေါ့။
ပြီးတော့ ကြက်ဥပါးပါးလေးကျက်ပြီးဝါလာပြီပေါ်မှာ အချိုကြိုက်ရင် သကြားနဲ့အုန်းသီးထဲ့ ဒါမှမဟုတ်အသားနဲ့စားချင်တယ်ဆိုရင် အသားသေးသေးလေးတွေလှီးထားတာကိုကြက်သွန်နီနဲ့ မဆလာနဲ့ရောကြော်ထားတာကိုထည့်လို့လုပ်ပါတယ်။
ပြီးမှအဲဒီမုန့်လေးက သုံးဒေါင့်ချွန်းချွန်းလေးနဲ့လှတပတဖြစ်အောင်ခေါက်ပြီးပုဂံပြားလေးထဲ့မှာထည့်ပါတယ်။
(ပြောရင်းနဲ့တင် မျက်စေ့ထဲမြင်လို့ သွားရေတောင်ကျချင်ချင်ဖြစ်လာပါတယ်။)
ကျနော်တို့အိမ်တန်းလေးက တောင်ဘက်လှည့် မြောက်ဘက်တန်းကျနော်တို့အိမ်နောက်ကျောဘက်က ဝင်းကိုတော့ထီးရိုးဝင်းလို့ခေါ်ပါတယ်။
16လမ်း အရှေ့ဘက်ထိပ်အခုရွှေဘဲနေရာကတော့ ကျနော့်ကစားဖော် “ကိုနိုင်”တို့အိမ်ပါ။
သူတို့အိမ်ရဲ့အနောက်ဘက်ကစလို့ အိမ်ငါးလုံးဆက်တိုက်က ကျနော့်အမေတို့အမျိုးတွေချည်းပါဘဲ။
အမေတို့ အမျုးိတွေအိမ်က အားလုံး ပန်းဘဲလုပ်ငန်းလုပ်ပါတယ်။
အဲတော့အိ်မ်တွေရဲ့အနောက်ဘက်မှာ ပန်းဘဲလုပ်ဘို့ ကုန်ကြမ်းဖြစ်တဲ့ သံတိုမယ်နတွေက အပုံလိုက်ကြီး ဟီးဟီးထနေတာပါ။
အဲဒီသံပုံတွေက ကျနော်တို့တက်ဆော့ကြတဲ့နေရာတွေပါ။
အဲဒီခေတ်က အခုခေတ်လို့မေးခိုင်ပိုးတွေဘာတွေလဲ သိလဲမသိတော့ကြောက်လဲမကြောက်ပါဘူး။
သံပြားရှရင် လူကြီးတွေမပြောဘဲ မန်းကျည်းရွက်ခူးလို့ အရည်ညှစ်တဲ့ပြီးအုံထားလိုက်တာပါဘဲ။လူကြီးတွေသိရင် မကစားရမှာစိုးလို့ပါ။
ဆော့ရင်းကစားရင်းနဲ့ဘဲအနာကပျောက်သွားတာပါဘဲ။
ကျနော်တို့အိမ်တွေမှာမနက်စောစောကစလို့ကြားရတာကတော့ ပန်းဘဲလုပ်တဲ့အခါသုံးတဲ့ မီးဖိုကိုလေပေးတဲ့ ဖားဖိုကြီးတွေက ထွက်တဲ့တရူးရူူးအသံတွေရယ်၊
မီးရဲနေအောင်ဖုတ်ထားတဲ့ သံပြားတွေကို တူအကြီးကြီးတွေနဲ့လွှဲလွှဲပြီးထုလို်က်တဲ့အခါ ပေတုံးရယ် သံတူရယ်ကြားက မီးဖုတ်ထားတဲ့သံပြားရယ် ထိခတ်မိလို့ထွက်လာတဲ့” တဒုန်းဒုန်း”အသံရယ်၊
ပုံပေါ်သွားတဲ့ သံထည်အကြမ်းကို ရေထဲထည့်လိုက်တဲ့အခါ ရှဲခနဲ့ထွက်လာတဲ့အသံတွေက ကျနော်တို့ ငယ်စဉ်ကတဲ့ကကြားရတဲ့ဂီတပါ။
အခုတော့ဒီအလုပ်တွေအားလုံးရပ်ဆိုင်းသွားပါပြီ။
ထူးထူးခြားခြား အမျိုးထဲမှာ ပန်းဘဲမလုပ်တဲ့အိမ် ကတော့ ကြီးကြီးညွန့်တို့အိမ်ပါ။
ကြီးညွန့်တို့က မုန့်ဦးနှောက်တို့ ငှက်ပျောထုပ်တို့ ပြန်ပေါင်းထုပ်တို့ မုန့်ဖက်ထုပ် အစရှိတဲ့မြန်မာမုန့်တွေလုပ်ရောင်းပါတယ်။
(မုန့်ဖိုကထွက်စ ပူပူနွေးနွေးမုန့်ဖက်ထုပ် တို့ မုန့်ဦးနှောက်တို့ကို နေ့လည်ခင်းစားရတာ မမေ့နိုင်စရာပါဘဲ)
ဒီတော့ ကျနော်လမ်းစလျှောက်တတ်စအရွယ်ကစလို့ ညနေ ညနေတိုင်း ကျုံးထဲကို ကြာဖက်ခူးဆင်းတယ်ဆိုရင်ကျနော့်ကိုခေါ်သွားနေကြပါ။
ကြီးညွန့်တို့ရောင်းတဲ့မုန့်တွေရယ် အိမ်နောက်ဘက် ဇွန်ရုံစံပယ်ရုံတွေက ပွင့်တဲ့ ပန်းတွေကိုရောင်းတဲ့အခါဒီကြာဖက်တွေနဲ့ထုပ်ပေးတာကိုး။
ကျနော်မှတ်မိသလောက်ပြောရရင် ကြာဖက်ခူးတာက ကျနော်တို့တစ်မိသားစုထဲမဟုတ်ပါဘူး။
အခုရွှေဘဲစားတော်ဆက်တောင်ဘက် စက်ဘီးတွေဆိုင်ကယ်တွေထားတဲ့နေရာလေးမှာ အရင်က ကင်းတဲလေးရှိပါတယ်။
ကင်းတဲလေးရှေ့မှာ မနက်မနက်ဆိုရင် ပလာတာ အကြွတ်ကြော် တို့ ပူရီတို့ ကြော်ရောင်းတဲ့”လေးတင်မောင်”တို့ကလဲ ကြာဖက်ခူးပါတယ်။
တစ်ခါတစ်လေ ကြာပန်းပွင့်တဲ့ရာသီမှာဆိုရင် ကျနော်အမဝမ်းကွဲ ” မမလှခင်သန်း”က ကြာလည်ဆွဲလေးလုပ်ပေးတတ်သလို
ကြာခွက်ထဲက ကြာသီးလေးတွေကိုလဲနွှင်လို့ကြွေးတတ်ပါသေးတယ်။
ကျနော်တို့ကြာရွက်ခူးတဲ့နေရာက (17လမ်းနဲ့ 16လမ်းကြား)လမ်း80ပေါ်မှာအခုချိန်ထိတွေ့နိုင်သေးတဲ့ ရေထဲကိုခါးကုန်းပြီးရေသောက်ဆင်းနေတဲ့ထနောင်းပင်ကြီးနားမှာပါ။
အဲဒီတုန်းကတော့ထနောင်းပင်ပျိုလေးပေါ့ ကျနော်ကတော့ကလေးပေါက်စဆိုတော့ တွက်ကြည့်ရင်သူကကျနော့်ထက်အသက်ကြီးတယ်လေ။
အဲဒီတုန်းကတော့ ကျုံးပါတ်ပါတ်လည်က မြေသားကန်ဘောင်နဲ့ပါ။
ရေအပြည့်နဲ့ကျုံးရယ် (နန်းမြို့ရိုး၊ပြသာဒ်၊ယင်းတား၊ပစ္စင် ၊ပြအိုး)အစုံအလင်ရှိတယ်ဆိုတဲ့ မြို့ဟောင်း လက်ရှိအချိန်အထိ မြန်မာပြည်မှာ ရှေးကတည်း မူရင်းမပျက်ရှိတာကတော့ မန္တလေးမြို့တစ်မြို့ထဲရှိပါတယ်။ဒီမြို့က ကျနော့်ထက်အသက် နှစ်တစ်ရာတိတိကြီးပါတယ်။
“အုတ်ကျစ်ကျော်အေးမန္တလေး”လို့မြို့တည်နှစ်ကို အမှတ်အသားပြုထားတဲ့(မြန်မာသက္ကရာဇ် ၁၂၂၁ )ခုနှစ်မှာ မန္တလေးကိုတော့မင်းတုန်းမင်းတရားကြီးကတည်ခဲ့တယ်ဆိုတော့လက်ရှိအချိန်မှာ အသက် တစ်ရာ့ငါးဆယ်ကျော်ပြီပေါ့နော်။
ကျုံးရဲ့အတွင်းဘက်မှာတော့ ခန့်မှန်းခြေ အလျားအနဲ့ နှစ်မိုင်ခန့်ရှိတဲ့ လေးဒေါင့်စပ်စပ်အုတ်ရိုးနီနီနဲ့အင်မတန်မှခန့်ညားတဲ့မြို့ရိုးကြီးပေါ့။
တောင်မြောက်အရှည်လိုက် လဲလျောင်းနေတဲ့ အရှေ့ဘက်ကျုံးလမ်းမကြီးကတော့ (66)လမ်းပါ။
မြောက်ဘက်မန်းတောင်ခြေ 12လမ်းကစလိုက်တာ 26ဘီလမ်းမှာဆုံးတယ်
အဲတော့ လမ်းအစအဆုံး 14ပြရှိပါတယ်။ဒီလမ်းမကြီးရဲ့အရှေ့ဘက်အရပ်က” နန်းတော်ရှေ့”လို့အမည်တွင်သပေါ့။
ဒီလမ်းမကြီးရဲ့အလည်လောက် မှာရှိတဲ့(19လမ်း) မှာ ကျုံးအတွင်းကိုဝင်တဲ့ နန်းရှေ့တံခါးပေါက်ရှိတယ် တံတားရှိတယ် ။

26ဘီလမ်းက ကျုံးရဲ့တောင်ဘက်လမ်းမကြီးပါ။
တောင်ဘက်ကျုံးလမ်းကတော့ အရှေ့ဘက် 66လမ်းကစလိုက်တာ အနောက်ဘက် လမ်း80မှာဆုံးပါတယ် ။
သူလဲ 14ပြပါဘဲ လမ်းအလယ်လောက်ဖြစ်တဲ့ 73လမ်းမှာ မင်္ဂလာတံတားရှိပါတယ်။
ဒီမင်္ဂလာတံတားကနေတောင်ဘက်တည့်တည့်သွားလို့လမ်းဆုံးကတော့ မန်းလေးတက္ကသိုလ်ကြီးပေါ့။
ဒီမင်္ဂလာတံတားအပေါက် ရဲ့ကျုံးအတွင်းဘက်ကစလို့ နာမယ်ကျော်ခဲ့တဲ့ “မန်းသီတာဥယျာဉ်”က26ဘီလမ်းမရောက်ခင် မတ္တရာမြို့ကို သွားဘို့အတွက် နန်းတော်ထဲကို ဝင်တဲ့ မီးရထားသံလမ်း ရှိတဲ့နေရာမှာဆုံးပါတယ်။
76လမ်းမှာတော့ ကုန်းတံတားလေးနဲ့လှပတဲ့ မေတ္တာပေါင်းကူးတံတားရှိပါတယ်။
သံလမ်းနဲ့ယှဉ်ရက် ကျုံးကိုဖြတ်ဆောက်ထားတဲ့ တတိယမြောက်တံတားဖြူလေးရှိပါတယ်။

လမ်း80ကတော့ အနောက်ဘက်ကျုံးလမ်းပေါ့။
သူကတော့ 26ဘီလမ်းကစပါတယ်။
22စီလမ်းမှာ အာဠဝီတံတားရှိပါတယ်။ဆက်သွားတော့ 19လမ်းရောက်ရင် ရှေးကတဲက ကျိုးနေတာကို ခုချိန်ထိမပြင်တဲ့ စက်ရှင်တံတားရှိပါတယ်။
စက်ရှင်တံတားလို့ ခေါ်တွင်တာကတော့ တံတားအနောက်ထိပ်မှာ စက်ရှင်တရားသူကြီးမင်းရဲ့အိမ်ရှိလို့ပါ။
စက်ရှင်တရားသူကြီးလို့တာကတော့ ရာဇဝတ်သားကို သေဒဏ်ချမှတ်ပိုင့်ခွင့်ရှိလို့ပါတဲ့၊
ကျုံးအနောက်ဘက်မှာရှိတဲ့စက်ရှင်တံတားကတော့ မင်္ဂလာမရှိသောကိစ္စများအတွက်သာသုံးပါသတဲ့။
ဒါကြောင့်လဲ ရှေးကတဲကကျုးိနေတဲ့တံတားခုချိန်ထိမပြင်တာလို့လဲထင်မိပါတယ်။
12လမ်းရောက်ရင် အနောက်ကျုံးလမ်းဆုံးပါတယ်။

မြောက်ကျုံးလမ်းအစကတော့ 12လမ်းဖြစ်ပါတယ်။
အရှေ့နဲ့အနောက်အလျားလိုက်ပေါ့။
လမ်း80မှာစလို့ 66လမ်းမှာဆုံးပြန်တော့ သူလဲ 14ပြပါ။
လမ်းအလယ်လောက် 73လမ်းနဲ့တည့်တည့်လောက် မြောက်ဘက်ထွက်တဲ့ မတ္တရာ မိုးကုတ်လမ်းမှာ မြောက်တံခါးနဲ့တံတားတစ်စင်းရှိပါတယ်။
ပြန်တွက်ကြည့်ရင် နန်းတော်ပါတ်ပါတ်လည်မှာ ရှေးကတည်းက ဖောက်ခဲ့တဲ့ တံတား အရေအတွက် ကို တွက်ကြည့်မယ်ဆိုရင် အရှေ့ဖက်၊တောင်ဘက်၊မြောက်ဘက်တို့မှာကျုံးကိုဖြတ်တဲ့တံတားတစ်စင်းစီသာရှိပေမယ့်
အနောက်ဘက်မှာထူးခြားစွာ တံတားနှစ်စင်းရှိနေတာပါ။
ကျုံးပါတ်ပါတ်လည် လမ်းမရဲ့နားဘေးမှာတော့ သက်တမ်းရင့်ကုက္ကိုပင်ကြီးတွေရယ် သက်လတ် ထနောင်းပင်တွေရယ် ရေတမာလို့လဲခေါ် တယ်ပင်လို့လဲခေါ်တဲ့ ပင်ပျိုတွေက ကျုံးရေပြင်ကို အေးမြတဲ့အရိပ်တွေပေးဘို့ ကျုံးပါတ်ပါတ်လည်မှာ မတ်မတ်ရပ်ပေးနေကြပါတယ်။
ပူပြင်းတဲ့နွေရာသီမှာဆိုရင် ဒီအပင်ကြီတွေရဲ့အရိပ်အောက်မှာ ခိုဝင်ဆော့ကစားရတာအေးမြလှပါတယ်။
ကြိုးကြား ကြိုးကြားရှိနေတဲ့ ဗန္ဓာပင်တွေ က အသီးတွေတွေကို အုတ်ခဲနဲ့ထုခွဲလို့ အထဲက အဆံလေးတွေစားရတာလဲဆိ်မ့်မှဆိမ့်ပေါ့။
နောက်နေပူတဲ့နေလယ်ခင်းမှာဆိုရင် ကျုံးပါတ်လည်မှာရှိနေတဲ့ဒီသစ်ပင်ကြီးတွေက လမ်းကိုအေးအောင်လဲ အရိပ်တွေပေးထားတော့
သွားစရာလာစရာရှိရင် ကျုံးဘေးက သွားတော့နေပူသက်သာတာပေါ့။
ကျုံးအတွင်းက မြေသားကန်ပေါင်ပေါ်မှာတော့ အဆိပ်ရှိတာကြောင့်ပါးစပ်ထဲကို မထည့်ဘို့ခဏခဏမှာတဲ့ ပန်းရောင်အပွင့်အဆုပ်လိုက်ကြီးတွေပွင့်နေတဲ့ ပန်းပင်တွေက တန်းစီလို့ပေါက်နေပါတယ်။
ကျုံးရဲ့အပြတိုင်း အပြတိုင်းမှာ ကျုံးထဲကိုရေခပ်ဆင်းဘို့အတွက် တံတားအသေးလေးတွေကို တစ်ပြကိုတစ်ခုထိုးပေးထားပါတယ်။
နောက် ကျုံးထဲမှာ ရေစစ်ကန်လေးတွေရှိပါတယ်။
ဒီရေစစ်ကန်လေးကတစ်ဆင့် သန့်စင်အောင် စစ်ထားတဲ့ ကျုံးရေတွေက တစ်ပြမှာတစ်ကန် သွယ်တန်းလို့ဖောက်ထားတဲ့ရေကန်လေးတွေက ထဲကိုရောက်သွားပါတယ်။
ရှေးကကျုံးပါတ်ပါတ်လည်မှာနေထိုင်တဲ့ မန ္တလေးသူ မန ္တလေးသားအားလုံးကျုံးရေကို သာ သုံးစွဲကြပါတယ်။
သောက်လဲသောက် ချိုးလဲချိုးပေါ့။
ဒီတော့ကျုံးရေဘယ်ကရလာတယ်ဆိုတာကလဲစိတ်ဝင်စားစရာပါ။
မန်းလေးမြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ဆယ်တော်ကြီးကနေ ရန်ကင်းတောင် ရဲ့အရှေ့ဘက်မှာရှိတဲ့ချောင်းကြီးထဲကိုရောက်လာပါတယ်။
အဲဒီချောင်းကြီးကမှတစ်ဆင့် အခု26ဘီလမ်းရဲ့မြောက်ဘက်မှာလမ်း60လောက်မှာ ရှိတဲ့ နန်းရှေ့ရေစစ်ကန်ကြီးထဲကိုရောက်ပါတယ်။
အဲဒီရေစစ်ကန်ကြီးကတစ်ဆင့် ကျုံးထဲကိုရောက်လာပါတယ်။
(ကြုံလို့ပြောလိုက်ရအုံးမယ်ဆိုရင် ဒီကျုံးထဲကို ဝင်လာတဲ့အရှေ့ဘက်ကချောင်းလေးကို ငါးမျှားချိတ်ပုံစံဖော်လို့ အထစ်ထစ်ကလေးတွေနဲ့ချောင်းကို ဖောက်ထားပါသတဲ့။အမှန်ကတော့ နွံတွေ နုန်းတွေ ကျုံးထဲကို မဝင်ခင်လမ်းမှာတင်ကျန်နေရစ်အောင် လုပ်ထားတာပါ။
ဒါကိုမသိတဲ့ လူက ရေဝင်တာနှေးတယ်ဆိုပြီး အတည့်ဖောက်လိုက်တာ မကြာခင်အရှေ့ဖက်ကျုံးမှာ နုံးတွေပုံပြီး ပိတ်ကုန်ပါသတဲ့ ကြားဘူးတာလေးပြောပြတာပါ။)
ကျုံးထဲမှာဘာတွေရှိသလဲဆိုရင် အထင်ရှားဆုံးကတော့ ကြည်လင်နေတဲ့ ကျုံးရေထဲမှာ တွေ့နေရတဲ့ရေမှော်ပင်တွေပါ။
လူကြီးတွေက ကျနော်တို့ကိုရေဆင်းကူးမှာဆိုတော့ ရေမှော်ပင်ထဲမှာနွယ်ရှင်လိုအပင်တွေရှိတယ်လို့ ကြောက်အောင်ခြောက်ခဲ့ကြပါတယ်။
နောက်တံတားပေါ်ကနေကြည်ု့လိုက်ရင် ရေကူးနေတဲ့ ဗိုက်ဖောင်းဖောင်းနဲ့ ငါးပူတင်းလေးတွေ အစွယ်လေးရှေ့ထွက်နေတဲ့ ချွန်ချွန်ရှည်ရှည် ငါးဖောင်ရိုးလေးတွေကို မြင်နေရပါတယ်။
တစ်ခါကျနော်ခပ်ငယ်ငယ်မှာ ကျုံးတောင်ဘက် မင်္ဂလာတံတားမရောက်ခင် 74 -75လမ်းကြားက မက်သဒစ်ချပ်ချ်ကျောင်းရှေ့မှာ ငါးအကြီးကြီးပေါ်တယ်ဆိုလို့ တစ်မြို့လုံးကို အုတ်အော်သောင်းနင်းနဲ့ သွားသွား ကြည့်လိုက်ရတာ အမောပါ။
ဘယ်လောက်လူစည်သလဲဆိုရင် မုန့်ဈေးတန်းလေးတောင် ဖြစ်သွားတဲ့အထိပါဘဲ။
ဒါပေမယ့် ငါးကြီးကိုတော့ မမြင်လိုက်ရပါဘူး။
အကောင်ကြီးကြီးတစ်ကောင်ရေကူးသွားသလို ရေယက်တွေထသွားတာကိုဘဲမြင်ရပါတယ်။
ဟိုးရှေးကတည်းက မနက်ခင်းဆိုရင် ကျုံးဘေးမှာ ကျန်းမာရေးလေ့ကျင့်ခန်းယူလို့ လမ်းလျှောက်သူတွေရှိပါတယ်။
လမ်းလျှောက်လို့အပြန်မှာ မန်းလေးမြို့ရဲ့မနက်ခင်းအစားအစာ တစ်ခုဖြစ်တဲ့” နွားနို့ဟင်းနဲ့မလိုင်”သောက်ပြီးပြန်ရုံပါဘဲ။
“နွားနို့်ဟင်း”ဆိုတာကတော့ ဆန်လှော်နဲ့နွားနို့ကို မပျစ်မကြဲလေး ချက်ထားတဲ့ ဘိုဆန်ဆန်ပြောရင် နို့စွတ်ပြုတ်ပေါ့။
သူ့အထဲမှာ ပါတဲ့ နီရဲရဲ ဆန်ဂျိုးလေးတွေကလဲ စားကောင်းသလို နွားနို့ဟင်းပေါ်မှာ မလိုင်ဖတ်ခပ်ပါးပါးလေး တင်ပေးလိုက်ပါတယ်။
အင်မတန့်မှဆိမ့်ပြီး အင်အားဖြစ်စေတဲ့အဟာရဖြစ်စေတဲ့ အစားအစာတစ်ခုပါ။
ဒီပြင်မြို့တွေမှာရှိမရှိတော့ ကျနော်မသိပါဘူး။
မန်းလေးရဲ့အမှတ်အသားတစ်ခုထည်းမှာပါတယ်လို့ထင်ပါတယ်။
ကျနော်တို့ငယ်ငယ် က လသာညများဆိုရင် ကျုံးဘေးမှာ ထိုင်လေ့ရှိပါတယ်။
လသာညမှာ ကြာပန်းပွင့်တွေကို လရောင်အောက် မှာ အလှကြီးလှလို့နေပါတယ်။
လရောင်ဖွေးဖွေး ကျုံးရေကိုဖြတ်ပြီးတိုက်လာတဲ့လေအေးအေးထဲမှာ မှော်နံ့သင်းသင်းလေးရယ် ကြာပန်းရနံ့လေးရယ်က ကျနော့်အတွေးထဲမှာ အခုထိ
ခိုအောင်းနေသေးတဲ့ ခံစားမူ့လေးပါ။
လရောင်လက်လက်အောက်မှာ မိုးကိုမျှော်နေတဲ့ ကြာပန်းလေးတွေ ကြာဖက်ပေါ်မှာတင်နေတဲ့ ရေစက်ကလေးတွေက ငွေရည်လက်လက်ကလေးစိုတောက်လို့
ဒီလောက်လှတဲ့မြင်ကွင်းလေးကို မမေ့သေးတာတော့ အမှန်ပါဘဲ။
ဒါပေမယ့်လောက သဘာဝအရ ဘာမှ အကုန်မကောင်းဘူးဆိုတဲ့အတိုင်းပါဘဲ ဒီလောက်ချစ်စရာကောင်းတဲ့ကျုံးတော်မှာလဲ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေရှိခဲ့ဘူးပါတယ်။
လူကြီးတွေက ငယ်ငယ်က အမြဲမှာပါတယ် ကျုံးကတစ်နှစ်တစ်ကြိမ်တော့ “အော်”ပါသတဲ့။
ကျုံးအော်တယ်ဆိုရင် ………………………………………………………………………………………..

7 comments

  • phyoephyoe

    September 12, 2010 at 5:09 pm

    “16လမ်း အရှေ့ဘက်ထိပ်အခုရွှေဘဲနေရာကတော့ ကျနော့်ကစားဖော် “ကိုနိုင်”တို့အိမ်ပါ။
    သူတို့အိမ်ရဲ့အနောက်ဘက်ကစလို့ အိမ်ငါးလုံးဆက်တိုက်က ကျနော့်အမေတို့အမျိုးတွေချည်းပါဘဲ။
    အမေတို့ အမျုးိတွေအိမ်က အားလုံး ပန်းဘဲလုပ်ငန်းလုပ်ပါတယ်။”

    လက်စသတ်တော့ အမျိုးတွေ ဖြစ်နေပါလား ကိုပေါက်ရေ.။ 🙂

  • phyoephyoe

    September 12, 2010 at 5:15 pm

    ကန်တော့…ကန်တော့…. ကလောင်နာမည်ကိုခေါ်လိုက်မိတာပါ….ဦးပေါက်လို့ ခေါ်ရမှာ။

  • Shwe Zin U

    September 13, 2010 at 5:30 am

    မန္တလေး အကြောင်းဖတ်ရင်း နဲ့ မန္တလေး မှာ နေပြီး ဟိုတုန်းက မန္တလေး ကို ပြန်လွမ်းလာတယ် မန္တလေး သားတွေကိုးဗျ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  • kai

    September 13, 2010 at 5:44 am

    ကျုံးအော်တယ်ဆိုရင်..မှာ…စာကရပ်ပြီး…တန်းလန်းကြီးပေမဲ့အတွေးတွေတော်တော်ဖြစ်မိပါတယ်..။
    ဗမာတွေမှာ..ချောင်းအော်တာ..။မြစ်အော်တာ…မျိုးတွေရှိတာကိုး..။
    အော်ပြီးခေါ်တယ်ပေါ့နော..။
    ခေါ်တယ်ဆိုတာ…အသက်ကိုခေါ်တာပေါ့..။ ကျုပ်တော့..အဲဒီလိုနားလည်မိတယ်..။

    စကားမစပ်ပါ..။
    ဒီနေ့လေ…။
    မန်းလေးသားကြီးတယောက်ဖြစ်တဲ့..ဆရာကြီးမောင်သာရ နေတော်တော်မကောင်းဘူးဆိုလို့..သူနေထိုင်ရာ..လပ်စ်ဗေးဂတ်သွားကြည့်မလို့ဟာ…အဆင်မပြေလိုက်ပါဘူး။
    ကျုပ်တို့ထဲက…မန်းလေးသူ မနီလာတော့ တက်သွားလေရဲ့..။
    ဆရာကြီးကအသက်တော်တော်ထောက်လာပြီမို့…သေမင်းက ခဏခဏခေါ်တယ်…။
    ကြံ ့ကြံ့ခံနိုင်တုံးပါပဲ..။
    ကျမ်းမာပါစေ..။

  • Maung Dae`

    September 13, 2010 at 10:05 am

    ကျွန်တော်လဲ မန္တလေးသားပါပဲဗျာ… အခုလိုမန်းတလေးအကြောင်းတွေဖတ်ရတော့ အိမ်ကိုတောင်လွမ်းလာတယ်… ကျွန်တော်တို့မန္တလေးသားတွေကို ဒေသစွဲကြီးတယ်လို့ပြောကြတယ်ဗျ… ဟုတ်မလားတော့မသိဘူးနော်… အခုရန်ကုန်မှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် မန်းမြို့တော် ကိုပဲထိုင်ဖြစ်နေတယ်။ မှာစားလိုက်ရင်လဲ “မန္တလေးနန်းကြီးသုပ်”၊ ဝက်အူချောင်းဆိုရင်လဲ “ဒေါ်မြရင်” ပဲရွေးဝယ်ဖြစ်နေတယ်… အိမ်အလွမ်းပြေလေးပေါ့ဗျာ… ဆောင်းတွင်းမနက်အစောကြီး သကျသီဟ ဘုရားနားက မီးခွက်လေးတွေနဲ့ရောင်းတဲ့ဈေးမှာ အမေနဲ့ အတူတူဈေးဝယ်ခဲ့တာကို လွမ်းတုန်းပဲ.. ချမ်းချမ်းအေးအေးနဲ့လေ.. ပြီးရင် “စိမ်းဝါ” ကဖီးမှာ လက်ဖက်ရည်သောက်သေးတယ်… အဲ့သည်ဆိုင်လည်းရှိသေးရဲ့လားမသိဘူး… အလွမ်းဆုံးကတော့ “Friend” လက်ဖက်ရည်ဆိုင်ပေါ့… ပြီးတော့ E.L.P.C သင်တန်းနားလေးက “ရိုးရာမြေ”၊ အောင်တော်မူဘုရားနားလေးက “Cafe Blue”.. မောင်ဒဲ့ တို့ ခြေရာတွေထပ်ခဲ့တဲနေရာတွေပေါ့ဗျာ… ဟဲ ဟဲ.. ခုတော့လဲ အဲ့သည်တုန်းက ဘဝလေးကိုလွမ်းသားဗျ..

    မောင်ဒဲ့

  • kopauk mandalay

    September 13, 2010 at 11:44 am

    ဆရာကြီးမောင်သာရက မြင်ဆရာပါ။
    ကျနော်ဆောင်းပါးတွေကိုနာမယ်လှလှလေးပေးတတ်တာရယ်။
    ကိုယ့်စာမှန်းတန်းသိအောင် ခေါင်းစဉ်ပေးတတ်အောင် ဆရာကြီးက သွယ်ဝိုက်သောအားဖြင့်သင်ပေးတာပါ။
    စပ်ရင် ရပ်ဆွေရပ်မျုးိလို့ ပြောလို့ ရသလို သူက 24လမ်းသားကျနော်အဖေနဲ့ရွယ်တူတွေ ကျနော်တို့က 25လမ်းသား၊
    ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်ကြီးကလူတွေပေါ့။
    သူ့စာအုပ်မှန်သမျှ အကုန်ဖတ်ဘူးပါတယ် အတုလဲယူပါတယ်။
    အရင်စနေစာပေဝိုင်းတွေမှာ သူဟောပြောရင် နားထောင်ပါတယ်။
    သူ့ကိုတွေ့ရင် မန်းလေးသားကိုပေါက် က လေးစားစွာနုတ်ဆက်ကြောင်းလေးကို သတင်းပါးပေးပါနော်။

  • winkyawaung

    September 13, 2010 at 12:24 pm

    မန္တလေးအကြောင်း စိတ်ဝင်စားအောင် ရေးသားတဲ့ ဆရာကိုပေါက်ကို လေးစားပါတယ်.။

Leave a Reply