ကျနော်သိသော လူအမျိုးမျိုး (၁)

Shwe Zin USeptember 10, 20101min470

ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘယ်လို လူမျိုးတွေ အများဆုံးရှိနေပါသလည်း၊ လူတွေကို အမျိုးအစားခွဲတဲ့ နေရာမှာ တချို့က ဒီလို ခွဲခြားကြပါတယ်တဲ့၊

နံပါတ်     (၁) အမျိုးအစားက ဉာဏ်ကောင်းပြီး တက်ကြွတဲ့သူတွေ၊ intelligent and eager ပေါ့၊ သူက အကောင်းဆုံး၊

နံပါတ်     (၂) အမျိုးအစားကတော့ ဉာဏ်ကောင်းပြီး ပျင်းတဲ့သူတွေပေါ့၊ intelligent and lazy၊ သူကလည်း ဘာပြသာနာမှ မရှိဘူး၊ နံပါတ် (၁) လောက်တော့မကောင်းဘူးပေါ့။

နံပါတ်     (၃) အမျိုးအစားကတော့ ဉာဏ်လည်း မကောင်းဘူး ပျင်းလည်းပျင်းတယ်၊dull and lazy (ဉာဏ် မကောင်းဘူး ဆိုတဲ့နေရာမှာ ရိုးရိုးဉာဏ်မကောင်း ရုံမဟုတ်ဘူး၊ ဉာဏ်မရှိတဲ့ သဘောပိုသက် ရောက်တယ်)၊ သူကလည်း နဲနဲတော့ တော်သေးတယ်၊

နံပါတ်     (၄) အမျိုးအစားက နောက်ဆုံး ကျနော်တို့ အကြောက်ရဆုံး အမျိုးအစားပေါ့၊  ဉာဏ်လည်း မရှိဘူး၊ တက်လည်းတက်ကြွတဲ့ သူမျိုးတွေ ပေါ့ဗျာ၊dull and eager ပေါ့။

ကျနော်အရင်တုန်းကလည်း ဒါတွေကို သိတယ်၊ ဒါပေမဲ့ သိပ်လေးလေးနက်နက် မစဉ်းစားမိဘူး၊ နောက်ပိုင်း မှ နံပါတ် (၄) အမျိုးအစား လူမျိုးတွေနဲ့ တွေ့ရတာတော်တော်များလာတော့ မှ စိတ်တော်တော် ညစ်မိပြီး စဉ်းစားမိလာလို့ ရေးမိတာပါ၊

ကျနော်တို့ တိုင်းပြည်မှာဘဲ နောက်ပိုင်း ပိုများလာ သလားမသိဘူး၊ အထူးသဖြင့် ကျနော့်ဆိုင်မှာ ပေါ့ (ကျနော့် ဆိုင်ကလည်း ကျနော်တိုင်းပြည်ထဲမှာ ပါတယ်နော်) ဟဲ..ဟဲ။

နံပါတ်     (၁) အမျိုးအစားတွေသာ တိုင်းပြည်မှာ အများဆုံး ရှိနေရင်တော့ ဘယ်လောက်ကောင်းမလည်း၊ ဉာဏ်ပညာ အမြှော်အမြင်နဲ့ ပြည့်စုံပြီး တက်တက်ကြွကြွ အလုပ်လုပ်ကြတဲ့ သူတွေနေတဲ့ တိုင်းပြည် ဆိုတော့ တိုးတက်ကြီးပွားမှု့ အမြန်ဆုံးရှိမှာပေါ့။

နံပါတ်     (၂) အမျိုးအစားကတော့ ဉာဏ်ရှိတယ်၊ ပျင်းတယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ခိုင်းတဲ့ အချိန်တော့ ဉာဏ်ရှိ တဲ့ လူဆိုတော့ အဆင်ပြေအောင်လုပ်သွားမှာဘဲ၊

နံပါတ်    (၃) အမျိုးအစားကတော့ ဉာဏ်လည်းမရှိဘူး ပျင်းလည်းပျင်းတယ်ပေါ့။ ရွေးစရာ တခြား မရှိရင်တော့ ဒါမျိုးလူတွေကို ရွေးနိုင်သေးတယ်ပေါ့၊ ပျင်းတဲ့သူဆိုတော့ ခိုင်းထားတာထက်ဘာမှတော့ ပိုလုပ်မှာ မဟုတ်ဘူး၊ အဲဒီတာ့ ခိုင်းတဲ့သူက ဉာဏ်ရှိတဲ့သူဆိုရင် အဆင်ပြေသွားနိုင်သေးတယ်၊

နံပါတ်   (၄) အမျိုးအစားကတော့ ကြောက်စရာ အကောင်းဆုံးပေါ့၊ ဉာဏ်လည်းမရှိဘူး၊ တက်လည်း တက်ကြွတဲ့ သူတွေဆိုတော့၊ အလုပ် လုပ်မယ်ဆိုရင် ထိပ်ဆုံးကနေ အားကျိုးမာန်တက် လုပ်တော့တာပေါ့၊ ပြီးတော့ လည်း အမှားတွေကြီးဘဲ ဆိုတော့ နောက်ကသူတို့လုပ်တဲ့ အမှားတွေကို လိုက်ပြင်ရ၊ အဲဒီအမှားတွေအတွက် တန်ဆာခံ ပေးဆပ်ရမှု့တွေနဲ့ ဒုက္ခအကြီးအကျယ်ရောက်တော့တာပေါ့၊ အဲဒီလူရဲ့ အရေးပါမှု့ကို လိုက်ပြီး ဒုက္ခ အနဲအများ ရနိုင်တယ်၊  ဒီလိုလူမျိုးတွေဟာ လုပ်ပိုင်ခွင့် အပြည့်အဝရထားတဲ့ သူမျိုးတွေသာ ဖြစ်နေခဲ့ရင် တော့ ခင်ဗျားတို့ သေဖို့သာပြင်ပေတော့ပေါ့၊

ကျနော်  တွေ့ခဲ့တဲ့ နံပါတ်လေး အမျိုးအစားထဲက တယောက်အကြောင်းကို နဲနဲပြောချင်တယ်ဗျာ၊ ကျနော် တို့ အိမ်မှာ မေမေ ကိုအလုပ် လာကူလုပ်ပေးတဲ့ ကျနော်တို့ရပ်ကွက်နားက လှသင်း ဆိုတဲ့ ၁၂-၁၃ နှစ်အရွယ် ကလေး တယောက် ရှိတယ်၊ ကျနော့် ရဲ့ တပည့်ကျော်ပေါ့ဗျာ၊ အဲဒီကလေးက မေမေ အလုပ်တွေကူလုပ် ပေးတာဆိုတော့ မေမေက ဈေးမသွားခင် သူ့ကိုမှာခဲ့တာပေါ့။ အိုးတွေ၊ခွက်တွေ ဆေးထားပေါ့၊ ပြန်လာရင် အဆင့်သင့် ချက်ရအောင်ပေါ့၊ အဲဒီတော့ တက်တက် ကြွကြွနဲ့စိတ်ချပေါ့၊

မေမေလည်း ဈေးကပြန်လာရော အိုးတွေခွက်တွေအားလုံးလည်း ပြောင်လက်လို့ပေါ့၊ မေမေ လည်း ချက်ဖို့ ပြင်ဆင်ရင်းနဲ့မှဘဲ သူ့ဆီအိုးကြီးပါ ပြောင်လက်သွားမှန်းသိတော့တာပေါ့..ဟဲ…ဟဲ၊

မေမေက ဆီတလစာလောက်ကို အိုးအကြီးနဲ့ထည့်ထားပြီးတော့မှ တနေ့စာချက်ရင် ခွဲခွဲ သုံးတဲ့အကျင့် ရှိတော့ အိုးကြီးထဲမှာ ဆီတွေထည့်ထားတာပေါ့၊ ဒီဆီအိုးကလည်း သိသာပါတယ်။ ချက်တဲ့ ပြုတ်တဲ့ အိုးတွေနဲ့လည်း တခြားစီထားတာပါ။

အဲဒါ ကိုယ်တော်ချောက ရှာဖွေ ပြီးမှ ဆေးကြောထားတာလေ၊ အိုးထဲမှာ ဆီတွေပါတာ မင်းမတွေ့ဘူးလား ဆိုတော့၊ တွေ့ပါတယ်တဲ့၊ ရေနွေးကြမ်းတွေ မှတ်လို့ ပါတဲ့၊ သေသေချာချာကို မပြီးတော့ လမ်းတဘက်က မြှောင်းထဲကိုသွားသွန် ထားတာလေ၊ မေမေက သူသွန်ထားတယ်ဆို့တဲ့ နေရာထိကို သွားကြည့်သေးတာ၊ မင်းကွာ အသိသာကြီးပါပေါ့၊

ဆီနဲ့ ရေနွေးကြမ်းနဲ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပါအုန်းဆိုပြီး တဗျစ် တောက်တောက် နဲ့ပေါ့၊ ဆီတွေကတော့  တကယ့်ကို ဆီပုံးဖြစ်ပြီး ငရဲမင်းကြီး ကို လက်ဆောင်ပေးလိုက် ရတော့တာပေါ့။

ခုနက ကျနော်က ကျနော့် တပည့်ကျော်လို့ ပြောခဲ့တယ်နော်၊ ကျနော့် ရဲ့တဦးတည်းသော တပည့်ကျော်လေ၊ ကကြီး၊ ခခွေး သင်ပေးခဲ့တဲ့ တပည့်ပေါ့။

ကျနော်တို့ မောင်နှမတွေက ဆရာ့သားသမီးတွေ ဖြစ်နေ လို့လားတော့ မသိဘူး၊ အလွန် ဆရာကြီး လုပ်ချင်တဲ့ အမျိုးတွေပေါ့၊ အထူးသဖြင့် ကျနော့် ညီမ အငယ်ဆုံးလေ၊ စာသိပ်သင်ချင်တာ၊ အဲဒီတော့ အရပ်ထဲက ကလေးတွေကို စာသင်ပေးတယ်၊ ကျောင်းမနေသေးတဲ့ ကလေးတွေရော၊ ကျောင်းနေတဲ့ ကလေး တွေရောပေါ့၊ တအိမ်လုံး ဆူညံပွက်လော ရိုက်လို့ပေါ့။

ကျနော် က အဲဒီလို ကလေးပေါက်စတွေကို သင်တာ ဝါသနာမပါဘူး၊ ဝ လုံးကိုဘယ်က စဆွဲရတယ်ပေါ့၊ ကကြီး ကို ဘယ်နေရာ က ဘယ်လို စဆွဲရတယ်ပေါ့၊ သူကတော့ အခြေခံ ကျကျ သင်ပေးတာ၊ ကျနော် ကတော့ ကိုယ်တိုင်တောင် ဘယ်စာလုံးဘယ်လို ရေးမိမှန်းတောင်မသိတော့ သင်ဖို့ဆိုတာဝေးရောပေါ၊ ခုနက တပည့်ကျော် အကြောင်းဆက်လိုက်ရအောင်၊ သူက စာမတတ် ဘူးလေ၊ စာလည်း တတ်ချင်တယ် ထင်ပါတယ်၊ ညီမ အငယ်က ကကြီးခခွေး သင်ပေမဲ့ သူက သူနဲ့ အသက်သိပ်မကွာတော့ ဆရာမတင်ချင်ဘူးနဲ့ တူပါတယ်၊

ကျနော့်ကို စာလာသင်ခိုင်းတယ်။

သူ ညည ဗွီဒီယို ရုံသွားရင် ဒုက္ခရောက်တယ်ပေါ့၊ မင်းသားမင်းသမီး နာမည်တွေ မဖတ်တတ်တော့ မျက်နှာငယ်တယ်ပေါ့၊ ကျနော် ကလည်း ကိုယ့်ကို အထင်တကြီး နဲ့ မဟာပညာရှိ ကဝိတစူ လို့သဘောထား ပြီး အားကိုးတကြီး လာသင်ခိုင်းတော့ ဟဲ..ဟဲ၊ တညအိပ် လောက်စဉ်းစားပြီး သင်ပေးရမှာပေါ့လေ ဆိုပြီး၊ ကျနော်တို့ ဆရာတယောက်၊ တပည့်တယောက် ကကြီးခခွေး တန်းကြီး ဟာ ရက်အနည်းငယ် အတွင်းမှာဘဲ အော်သံ၊ ငေါက်သံ၊ ဆူသံ၊ ပူသံ အသံမျိုးစုံနဲ့ စတင် အကောင်အထည် ပေါ်လာပါတော့တယ်။

ကျနော့် ညီမအငယ် ၆ တန်းကျောင်းသူ ကကြီးခခွေး တန်းဆရာမကြီး ကလည်း သူအတန်း ကိုလုသင်တယ် ဆိုပြီး မျက်စောင်းတထိုးထိုးနဲ့ပေါ့။ တအိမ်လုံး ကလည်းဒီလောက် ဉာဏ်မကောင်းတဲ့ ကလေးကို ကျနော် ဘယ်လိုများ စာတတ်အောင် သင်မလည်း ဆိုတာစိတ်ဝင်တစားပေါ့၊။

ကျနော်လည်း သင်ရင်းတန်းလန်း နဲ့ တအိမ်လုံးရဲ့စောင့်ကြည့် ကြည့်ရှုခြင်းကို ခံရတော့မှ တော်တော် တုန်လှုတ်သွားတယ်၊ ငါဟာတော်တော်ကြီးကျယ်တဲ့ အလုပ်ကြီးကို လုပ်နေတာဘဲ၊ လှသင်း များ မင်းသား၊ မင်းသမီး နံမည်တွေ မဖတ်တတ်ရင် ငါ့ ရဲ့ မဟာအရှက်တော်ကြီးတော့ ကွဲပါပြီ ဆိုပြီး ကျိုးစားပန်းစား နဲ့ အချိန်ပိုတွေခေါ် ပြီး အနီးကပ်စောင့်ကြည့်သင်တန်း တွေနဲ့ တလလောက် အပြင်းအထန် သင်လိုက်တော့မှ မောင်မင်းကြီးသားက ကကြီးခခွေး ရေးတေးတေး လေးသိလာတယ်။ စာဖတ်တတ်ဖို့ ဆိုရင်တော့ ကျနော် ဘဲအသက်ထွက်မလား အိမ်ကလူတွေဘဲ ဆူသံပူသံတွေကြောင့် နားတွေလေး ကုန်ကြမလားမသိပါဘူး။

အဲဒါနဲ့ ကျနော်လည်း နောက်ဆုံး ပေါ်တိုက်ကွက်ကို ဘဲ သုံးရတော့မယ်ဆိုပြီး၊ ဆရာ တပည့်၂ယောက် အရေးပေါ် တိတ်တိတ်ပုန်း အစည်းအဝေးထိုင်ရပါတယ်၊ `မင်း ရုပ်ရုင်မင်းသား၊ မင်းသမီး နာမည် တွေဘဲ ဖတ်တတ်ရင် ရပြီ လားဆိုတော့.. ` `ရပြီ ဘာမှမလိုဘူး၊ အဲဒီလောက် သိရင်ကို ကျနော်က ကျနော်တို့ သူငယ်ချင်း တွေကြားမှာ ဆရာကြီးဖြစ်ပြီ` တဲ့။

ကဲ အဲဒါဆိုရင်တော့ ရပြီကွာ ဆိုပြီး၊ ကျနော်က ကျော်ရဲအောင် အခါတထောင်၊ ကျော်သူ အခါနှစ်ထောင်၊ ထက်ထက်မိုးဦး အခါတသိန်း စသည်စသည့်ဖြင့်ပေါ့ လေ၊ အသံတိတ် ပုံတူးကူးလေ့ကျင့်ခန်း ကြီးကို မလျော့သော ဇွဲ၊ လုံလဖြင့် ၂လလောက် ကျိုးပန်းလိုက်တဲ့ အခါမှာတော့ ပညာရှိကဝိလေးက တော်တော်လေး မှတ်မိသွားပါတယ်။

အဲဒီ အချိန်မှာတော့ ကျနော်တို့ရဲ့ အနီးကပ်လက်တွေ့ ကွင်းဆင်းသင်တန်း ကြီးကစပါပြီ၊ ဆရာတပည့် ၂ယောက် မရဲတရဲ နဲ့ဗွီဒီယို ရုံရှေ့ကို တိတ်တိတ်ပုန်း၊ လူမသိ သူမသိ ချီတက်သွားပြီး ဗွီဒီယို ရုံရှေ့က သင်ပုန်းကြီးရှေ့မှာ စာမေးပွဲ စစ်ပါတယ်၊ ကဲ စပေတော့ ဆိုတော့ မှ မဟာပညာရှိက ခါးကော့ရင်မော့ ပြီး၊  “ရဲကိုကို နှင့် လင်းဇာနည်ဇော် တို့ ရဲ့ ဒီဘဝ ဒီမျှသာ“ ဆိုပြီး ကျယ်ကျယ်လောင်လောင် နဲ့ ထစ်ငေါ့ ထစ်ငေါ့ ဆိုလိုက်တဲ့ အသံကို ကြားရတော့ မှဘဲ ကျနော် ရင်ထဲက အလုံးကြီးလည်း ဝုန်းကနဲ ပြုတ်ကြသွားပါတယ်။

ကျနော်တို့ ရဲ့သင်တန်းဆင်းပွဲ ကြီးအဖြစ် လဘက်ရည်နဲ့ဆမူစာ ကို တအိမ်လုံး အဝကျွေးပြီး၊ ကျနော်ရဲ့ ကကြီး၊ ခခွေး သင်တန်းကြီးဟာလည်း ` ဒီဘဝ ဒီမျှသာ` ဆိုပြီး တသက်တာလုံး အတွက် အောင်မြင်စွာ အဆုံးသတ် သွားကြောင်းပါ ခင်ဗျား။

ကျနော် လည်း လှသင်းတို့ ရဲ့ မဟာဝင်ဒါမီယာ ရပ်ကွက်ထဲမှာ လှသင်းရဲ့ ဆရာမဆိုပြီး နံမည်တွေကြီးလို့ပေါ့၊ ဝင်ဒါမီယာရပ်ကွက် လို့ကျနော်တို့ ခေါ်ရတဲ့အကြောင်းက တကယ့် real  ဝင်ဒါမီယာ နဲ့ပြောင်းပြန် ဆင်းရဲနွမ်းပါး လွန်းလို့ ပြောင်ပြီး ခေါ်ကြတာပါ၊ သူတို့ရပ်ကွက်က ရေဆိုးမြှောင်းရဲ့ ဘေး မှာ တဲ သေးသေး လေးတွေ နဲ့ ၁၂ ပွဲဈေးသည်တို့ ပလပ်စတစ်ကောက်တဲ့သူတို့ တကယ့်ကို အောက်ဆုံးအလွာက လူတွေ နေတဲ့ ရပ်ကွက်ဖြစ်နေလို့ပါဘဲ။

ကျနော့် ရဲ့ သင်တန်းဆင်းပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီးတဲ့နောက် နှစ်နှစ်လောက် ကြာတဲ့ အချိန် မှာတော့၊ ကျနော့် တပည့်ကျော် တခါရောက်လာပြန်တယ်၊ “ဆရာမရေ ကျနော် ဟိုအဖွဲ့ထဲ ဝင်မလို့ သူတို့က စာကောင်းကောင်းတတ်မှ လို့ပြောလို့၊ ကျနော်က စာတော့ ဖတ်တတ်ပါပြီ၊ လက်မှတ် ဆိုတာလေးလည်း ထိုးရမယ် လို့ ပြောတယ်၊ လက်မှတ်ထိုး လှလှလေးလည်း သင်ပေးပါအုန်း“ ဆိုတော့ ဘာရမလည်း ကျနော်လည်း နောက်ဆက်တွဲ အလှဆုံး လက်မှတ်ထိုးနည်း လေးကို သင်ပေးလိုက်တာပေါ့၊ နိုင်ငံ သားကောင်းဖြစ်မဲ့ ကျနော့် တပြည့်ကျော်ကို လက်လွတ်ခံလို့ ဘယ်ဖြစ်မလည်းဟဲ..ဟဲ။

နောက်ဆက်တွဲ ပန့်ပိုးမှု့အဖြစ် အလှဆုံးလက်မှတ်ထိုးနည်း နှင့် ပုဆိုး အစိမ်းတထည် ကိုစွန့်ကျဲ လိုက်ပါကြောင်း သတင်းပေးရင်း နံပါတ် (၄) အမျိုးအစား ထဲက ကျနော်သိသော dull and eager တယောက် အကြောင်းကို ခဏာတာ ရပ်နားလိုက်ပရစေ။

လေးစားစွာဖြင့်

စာရေးသူ – ရွှေစင်ဦး

.