ကျနော်ကြိုက်တဲ့အညာဟင်းလေးများ (၁)

Shwe Zin USeptember 11, 20101min1042
ကျနော် ဒီပို့စ် မှာ ကျနော် ငယ်ငယ်က စားခဲ့တဲ့ အညာစာ လေးတွေ အကြောင်း နဲနဲ ရေးချင်ပါတယ်..၊ အညာ စာ ဖြစ်တဲ့ အပြင် တကယ့် အညာ ရွာက အညာသူ-အညာသား တွေ သိပ်ကြိုက်တဲ့.. ထမင်း သိပ် မြိန်တဲ့ ဟင်းလေး ပါဘဲ..။
ကျနော် ငယ်ငယ် က အကြောင်းတွေ ရေးတဲ့ အခါမှာ ကျနော် တို့ အိမ်က စာတော်ဖတ် မမ တွေအကြောင်း ရေးပြ ပြီးပါပြီ…၊ အဲဒီ စာတော်ဖတ် မမ တွေဟာ ကျနော် တို့ အိမ်မှာ သိပ်ပျော်ပါတယ်..၊ မေမေ ကလည်း သဘောကောင်းတော့ အိမ်မှာ နေရတာ အဆင်ပြေတော့ အားလုံး ဟာ ဆွေမျိုးလို ဖြစ်နေကြပါတယ်..၊ တယောက် တယောက် ဆိုရင် အိမ်မှာ ၃-၄ နှစ်နေကြပါတယ်..၊ အိမ်က အကြောင်း အမျိုးမျိုး ကြောင့် ထွက်သွားတောင် တော်တော် နဲ့ အဆက်အသွယ် မပြတ်ပါဘူး.. လာကန်တော့ တာ.. ၊ ရွာက ပြန်လာရင် လက်ဆောင် လာပေးတာ အမြဲရှိပါတယ်..။
လက်ဆောင် ဆိုတာလည်း ကောင်းကောင်း ကြီးမဟုတ်ပါဘူး.. ယာထွက် လယ်ထွက် သီးနှံလေး၊ ပဲလေး ပါ..၊ အဲဒီ အညာရွာတွေဟာ အရမ်းဆင်းရဲပါတယ်..၊ ရေလည်း ရှားပါတယ်..၊ မျက်ခမ်းစပ် ရောဂါ တွေဘာတွေ တောင် ဖြစ်ကြပါတယ်..၊ အလုပ်အကိုင် ကလည်း ရှားပါး.. သီးနှံ ကလည်း ကောင်းကောင်း မထွက်ဆိုတော့ မိန်းခလေး တွေဆိုရင် အရွယ်ရောက်လာရင် မန္တလေး မြို့ပေါ်လာပြီး အိမ်ဖော် အလုပ်ဘဲလုပ်ရပါတယ်..၊ ယောက်ကျားလေး တွေဆိုရင် အလုပ်ကြမ်း သမား ဘဲလာလုပ်ကြပါတယ်..။
ကျနော် တို့ အိမ်မှာ က အမျိုးတွေ  မိတ်ဆွေတွေက များတော့ အဲဒီရွာက ဘဲ ခေါ်ကြတာ များပါတယ်..၊ တခါတလေ သူတို့ ဆွေမျိုးသားချင်းတွေ လာရင် အိမ်မှာ တည်း ကြပါတယ်…အဲဒီမှာ ကျနော် တို့ အိမ်က ချက်တဲ့ ဟင်းတွေ စားတာ သိပ်မစားနိုင်ကြပါဘူး..၊ အဲဒါ မေမေ ကို သူတို့ စားချင်တဲ့ ဟင်း ချက်ခွင့် တောင်းပါတယ်..၊ မေမေကလည်း ချက်ပေါ့..၊ အင်း လာပါပြီ ရွှေစင်ဦး လေး တသက်လုံး ကြိုက်သွားမဲ့ ဟင်းလေး…။
မေမေက ဘာဟင်းတွေချက်မှာလည်း ဘာဝယ်ပေးရမလည်း ဆိုတော့ ရတယ်တဲ့… သူတို့မှာလည်း ပါတယ်..ဒီမှာလည်း  လိုတာတွေ ရှိတယ်တဲ့..၊  မေမေစားမှာလား ဆိုတော့.. အစားမက်တဲ့ ကျနော်က ဦးအောင် စားမှာ..စားမှာ များများလေးသာချက် ဆိုတော့.. သူတို့ကလည်း ရှယ်ချက်ပေးတယ်ဗျ…။
အိမ်မှာ ရှိတဲ့ ငရုပ်သီးစိမ်း မိုးမျှော်တောင့် တွေ လက်တဆုတ်ကြီးယူ.. ပါးပါးလှီး.. ၊ မိုးမျှော် ဆိုတာ သိတဲ့ အတိုင်း စပ်လိုက်တာ ဝီခေါ်နေတာ… ကျနော် တော့ သွားပါပြီပေါ့..ဟင်းကတော့.လို့..၊ မပြီးသေးဘူးဗျ.. ခဏနေ တော့ ငရုပ်သီးခြောက် တဆုတ်ကြီး ယူလာပြန်တယ်.. အဲဒါတွေ ရေဆေး အစေ့ထုတ် ပြီး တခါ ညက်ညက်ထောင်းပြန်တယ်.. ။
အမလေး.. ဟင်းကတော့ ကွာ ငရုပ်သီး ကြီးပါလားလို့ .. ၊ ခရမ်းချဉ်သီး ၄-၅ လုံး ကြက်သွန် ဖြူ-နီ ၃-၄ လုံးနဲ့ ဆီသတ်ပါတယ်.. စိမ်းစား ငါးပိ ကွမ်းသီးလုံးလောက် ထည့်ပါတယ်..၊ ပြီးတော့ ပုဇွန်ခြောက် လက်တဆုတ် လောက် ထည့်ပါတယ် (ကျနော်တို့ စားမှာမလိုပါ.. သူတို့ အတွက် ဆို ပုဇွန်ခြောက် မထည့်ဘူးလို့ ပြောတယ် ) ငရုပ်သီး ၂ မျိုး လုံး ထည့်ပါတယ်..၊ ရေ နဲနဲ ထည်ပြီး ဆီပြန်အောင် ထားပါတယ်.. ၊ အမလေး ဗျာ ငရုပ်သီး နံလေး ကို မွှေးကြိုင်လို့ ကြည့်ရင်းနဲ့ တောင် သွားရေကြလာပါတယ်..၊ အဲဒါက.. အညာငရုပ်သီး ငါးပိချက်….၊ ကျနော် စိတ်ရရင် တခါ တခါ ချက်စားပါတယ်.. စပ်လွန်းပေမဲ့.. စားလို့ ကောင်းပြီး ထမင်းမြိန် လွန်း လို့ ကြိုက်ပါတယ်..။
နောက်တခါ.. ဟင်းရေအိုး တည်တယ်ဗျ.. အိုးထဲ ရေထည့် ကြက်သွန် နီ တလုံးလောက် ကြက်သွန် ဖြူ လေးငါးမြှောင်း ပုဇွန်ခြောက် နဲနဲ ထောင်းထဲ့..  ငါးပိ နဲနဲ ထည့် ပြီး ဟင်းရေအိုး ကျလာအောင် တည့်တယ်.. စားခါနီးမှ.. ဘူးညွှန့်ခတ်ပေးမယ်တဲ့..၊ သူတို့စီမှာတော့ ရွာပြင် ထွက် ပြီး တွေ့သမျှ ဟင်းရွက်စုံ ကောက် ထည့်လိုက်တာဘဲတဲ့…၊ ကျနော်တို့ အတွက် တော့ ဗူးညွှန့်ဟင်းရေတခွက်ပေါ့….။
နောက်တခါ.. သူတို့စီမှာ ပါလာတဲ့ အမဲခြောက်တွေ အများကြီးကို မီးအေးအေး နဲ့ ဖုတ်ပြီး ဆီရွဲနေအောင် စမ်းပေးတယ် (အဲဒီတုန်း က ကျနော် အမဲသား စားသေးတယ် )။
ထမင်းစားချိန်ရောက်ပါပြီဗျာ.. လတ်စိမ်း နေတဲ့ ဗူးရွက်ဟင်းရေ ချိုချို ပူပူ လေး..၊ အမဲခြောက်ဖုတ်… ၊ အညာ ငရုပ်သီး ချက်.. ၊ ငရုပ်သီးချက်လေး တရှုးရှုး တရှဲရှဲ နဲ့ စားလိုက်.. ဗူးရွက်ဟင်းရေလေး မှုတ်မှုတ် သောက်လိုက်.. အမဲခြောက် ဖုတ်လေး ဝါးလိုက်.. ကောင်းတာဗျာ….။
လေးစားစွာဖြင့်
စာရေးသူ – ရွှေစင်ဦး

2 comments

  • bigcat

    September 11, 2010 at 3:43 am

    ဒီအညာဟင်းချက်နည်းကို food,drink and recipe ဆိုတဲ့ tag အောက်မှာ ထပ်ဖြည့်ထားရင် နောက်ရှာချင်သူတွေအတွက် ပိုလွယ်မယ်ထင်ပါတယ်။ ငါးပိရည်ဆိုတာ မြန်မာလူမျိုးတိုင်း နှစ်သက်လို့ပါ။

  • chitsayar

    September 11, 2010 at 3:12 pm

    မြိန်ရာဟင်းကောင်းဆိုလား
    ကောင်းပါပေ့ ဆိုတဲ့ ဟင်းများကို ကျမ္မာပေ့ ဆိုတဲ့သူများသာစာသုံးနိုင်ကြပါ၏ ပိုက်ဆံရှိလျှင်ပါ
    နောင်များအခါသင့်လျှင်
    ဂေါ်ဇီလာ ကောင်လုံးကင်
    ဆင်ကောင်လုံးကျော် နှင့်
    ပိုးဟတ်ချေထောက် စွပ်ပြုပ် ချက်နည်းများ အပြင်
    ဆိတ်ဖိုက်တင်ဘောဟင်းလျှာစီရင်နည်းများကို
    ကမ္ဘာ့အဆင့်မှီ နည်ပညာများဖြင့် မပျက်မကွက်တင်ဆက်ပေးပါမည်

Leave a Reply