စိတ်မကောင်းဖြစ် ဝမ်းနည်းရပါသည်။ (ဦးဒိုထောင်း အသက် ၇၀)

kaiMarch 30, 20101min661

ခင်မင်ရပါသော ဒေါက်တာဆလိုင်းလော်မာ၏ ဖခင် ဦးဒိုထောင်း ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် များစွာ စိတ်မကောင်းဖြစ် ဝမ်းနည်းရပါသည်။
မန္တလေးဂေဇက်
—-

လွှတ်တော်ကိုယ်စားလှယ်(ကွယ်လွန်

မြင့်မောင် | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ဝ၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဒိုထောင်း (၇ဝ နှစ်) သည် ကျောက်ကပ်ရောဂါဖြင့် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားသည်။

ဦးဒိုထောင်းသည် ၁၉၉ဝ ရွေးကောက်ပွဲ၌ ကလေးမြို့နယ် မဲဆန္ဒနယ်မြေ ၁ မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး၊ နိုင်ငံတော်ပုံကန်မှုဖြင့် ထောင်ဒဏ် ရ နှစ် ကျခံခဲ့ဖူးရသည့် ချင်းခေါင်းဆောင်တဦးလည်း ဖြစ်သည်။

“အဖေက ကျောက်ကပ်ဝေဒနာနဲ့ ဆုံးသွားတယ်။ ဖေဖော်ဝါရီ လ ၁၆ ရက်နေ့မှာ ဆေးရုံတင်လိုက်ရတယ်။ မတ်လ ၈ ရက်နေ့မှာ ပြန်ဆင်းလာတယ်။ ဒီလ ၂၃ ရက်နေ့မှာ ဆေးရုံ ပြန်တင်လိုက်ရတယ်။ ဒီနေ့ ဆေးရုံမှာပဲ ဆုံးပါးသွားတယ်” ဟု ဦးဒိုထောင်၏ သမီး ခွာတင်သျှမ်း (Khaw Tin Siam) က မဇ္ဈိမကို ပြောသည်။

“ထောင်ထဲက နည်းမျိုးစုံနဲ့ နှိပ်စက်ခံရတယ်။ ထောင်ကနေ လွတ်လာကတည်းက သွေးချိုက မြင့်မြင့်လာတယ်။ ထောင်ထဲမှာကတည်းက သွေးချိုဖြစ်နေတဲ့ သဘောရှိတယ်။ ဆေးခန်းမှာ စစ်ဆေးကြည့်တဲ့အခါ သူ့သွေးချိုက အမြင့်ဆုံး အခြေအနေကို ရောက်နေတယ်။ ကျောက်ကပ်က နည်းနည်း ပျက်စီးပြီးတော့ အခုလို အဆိုးဆုံး အခြေအနေကို ရောက်ခဲ့တယ်” ဟု သူမက ပြောသည်။

၁၉၉၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ထုတ် နဝတ သတင်းစာများတွင် ဒေါက်တာတင့်ဆွေ ဦးစီးသော အိန္ဒိယအခြေစိုက် NLD (လွတ်မြောက်နယ်မြေ၊ အနောက်ပိုင်းတိုင်း) က ပြည်တွင်းရှိ NLD မှ ဦဒိုထောင်း (ကလေးမြို့)၊ ခွန်မြင့်ထွန်း (သထုံမြို့)၊ မုံရွာမြို့ စည်းအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာ ခင်မာကြည်၊ ဦးတင်လှိုင် အပါအဝင် ၁၉ ဦးအား ပြည်ပသင်တန်းသို့ သင်တန်းသားများ စေလွှတ်ပေးရန်၊ လှုံ့ဆော်ဝါဒဖြန့် စာစောင်များ ဖြန့်ဝေရန်အပြင် မုံရွာမြို့၌ ပြည်ပအုပ်စု၏ လျှို့ဝှက်ရုံးခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ၎င်းတို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုနှစ် မေလ ၂၁ ရက်နေ့တွင် စစ်ထောက်လှမ်းရေး အမှတ် ၁ရ က ဖမ်းဆီးကာ၊ ဩဂုတ်လ ၂ဝ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၂) – နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ရ နှစ် ချမှတ်ခံရပြီး၊ ၂ဝဝ၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဦးဒိုထောင်းသည် မန္တလေးထောင်မှ ပြန်လွတ်လာခြင်း ဖြစ်သည်။

ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က “ဦးဒိုထောင်းက ၁၉၈၈-၈၉ နိုင်ငံရေး ထူထောင်တဲ့ အထဲမှာ စိတ်ဝင်တစား ပါဝင်တဲ့သူပါ။ နိုင်ငံရေးမှာ ပြည်သူအတွက် သူ့အသက်ကို စွန့်ပြီးတော့ လုပ်ခဲ့တာလည်း ဖြစ်တယ်။ အခုလို သေဆုံးသွားတဲ့အတွက် အလွန် ဝမ်းနည်းစရာ ကောင်းတယ်။ မသေဆုံးမီ အဖွဲ့ချုပ်က သူ့ကို CC ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် စစ်ကိုင်းတိုင်းကနေ ခန့်အပ်ခံထားရသူလည်း ဖြစ်ပါတယ်။ သူ့ကို ဆုံးရှုံးရတဲ့အတွက် NLD သာမက ချင်းပြည်သူလူထုရဲ့ ဆုံးရှုံးမှုတရပ် ဖြစ်ပါတယ်” ဟု ပြောသည်။

ဦးဒိုထောင်းသည် ဖလမ်းမြို့နယ် ဘိုကြုံးရွာတွင် မွေးဖွားခဲ့ပြီး ခေါပွာလ် အစိုးရမူလတန်းကျောင်း၊ ဖလမ်းမြို့ အစိုးရ အထက်တန်းကျောင်း၊ တီးတွာလ်အစိုးရ အလယ်တန်းကျောင်း၊ ဟားခါးမြို့ အစိုးရ အထက်တန်းကျောင်း တို့မှတဆင့် တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့သူ ဖြစ်သည်။
ထို့နောက် ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် ကျန်းမာရေးမှူးသင်တန်း၌ မြန်မာတနိုင်ငံလုံး ရွှေတံဆိပ်ဆုကို ၁၉၆၂ ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ ၁၉၆၃ မှ ၁၉၈၉ ခုနှစ်အထိ ချင်းပြည်နယ် ထန်တလန်၊ ကန်ပက်လက်၊ စစ်ကိုင်းတိုင်း ကလေး၊ မော်လိုက်၊ ဟုမ္မလင်းမြို့တို့တွင် ကျန်းမာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့၍  ၁၉၈၉ ခုနှစ်တွင် ကျန်းမာရေးမှူးအလုပ်မှ နုတ်ထွက်ခဲ့သည်။

လွန်ခဲ့သည့် နှစ် ၂ဝ ခန့်အတွင်း NLD လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၁ဝဝ ကျော် ကွယ်လွန်ခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခံရနေသူ ၁ဝ ဦးနှင့် ပြည်ပသို့ရောက်ရှိသွားသူ ဦးရေ ၄၄ ဦးရှိကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ခင်ကျော်ဟန် ပြုစုထားသည့် ၁၉၉ဝ ရွေးကောက်ပွဲ မှတ်တမ်းစာအုပ် စာရင်းများအရ သိရသည်။ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၉၂ ရှိသည့်အနက် NLD က ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။

ဦးဒိုထောင်း၏ ရုပ်ကလာပ်အား ကလေးမြို့ တာဟန်း နယ်မြေ ၂ ရှိ သုသာန်၌ မနက်ဖြန် နေ့လည် ၁ နာရီတွင် သင်္ဂြုလ်မည်ဖြစ်သည်။  ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်လားလ်ထန်ဆုန်း အပါအဝင် သား ၄ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။

(ဆလိုင်းထွန်း သတင်းအချက်အလက်အချို့ ပေးပို့သည်။)

အထက်ပါသတင်းကို (http://www.mizzimaburmese.com/news/obituary/5139-2010-03-29-13-51-18.html) မှ ကူးယူဖေါ်ပြပါသည်။

One comment

  • susunosuki

    April 17, 2010 at 9:09 am

    သခါင်္ရ ပေါ့ဗျာ
    စိတ်မကောင်းဖြစ်ရပါတယ်
    မသေခင် လူ့လောက ကောင်းကျိုးသယ်ပိုးနိုင်ခဲ့တယ်ဆိုရင်
    ကျွန်တော်တိုအားလုံး သတိရနေမှာပါ

Leave a Reply