စားကြမယ်ဟေ့ ကောင်းကောင်း

Shwe Zin USeptember 12, 20101min951

ကျနော် သိပ်နေမကောင်းတာ ဒီနေ့နဲ့ ဆိုရင် ၃ရက်လောက် ရှိပြီဗျ..၊ ဒါပေမဲ့ ကျနော်က အားနာ တတ်တော့ ဘယ်သူ့မှ မပြောဘူး..၊ တော်ကြာ ကျနော် နေမကောင်းတဲ့ သတင်း ပေါက်ကြားသွားရင် ဆရာဝန်က လိမ္မော်ရည်လေး၊ စပြစ်ရည် လေးသောက်ပါ..၊ အဲဒါလေး နဲ့ တည့်ပါတယ် လို့များ ပြောလိုက်ရင် ကျနော့် ကို ချစ်သူများက လိမ္မော်တခြံ နဲ့  စပြစ်တခင်း များ လက်ဆောင် လာပေးနေရင် အခက်ဘဲ ဆိုပြီး အသာငြိမ် နေရတယ်..။

ကျနော့် တို့ စီမှာက သိပ်ချစ်တတ် သိပ်သိတတ် ကြတာကိုးဗျ..၊ မင်္ဂလာ လေးတခါ ဆောင်လိုက် ပါတယ်..၊ တိုက်တွေ၊ကားတွေ၊ စိန်တွေ ၁ဝသက်စာလောက် ဖူလုံသွားတဲ့ ရာဇဝင် တွေက ရှိတော့ ကျနော် ့ ကိုလည်း အဲဒီလိုများ လာပြီးလူနာမေးကြရင် အခက်ဘဲ ဆိုပြီး..အသာနေရတာပါဗျာ….။ (ဟဲ..ဟဲ.. မတန်မရာ တွေးတတ်တယ်နော်)

ချစ်သူ များ စိတ်မပူကြပါနဲ့ ကျနော် ကျော်လွှား နိုင်ပါတယ်..၊ အေးဆေးပါ..၊ ဝေဒနာ က အူရောင်တာလေး ပါဗျာ..၊အမှန်တော့ အစား သောင်းကျန်းတော့ ဘိုက်မကောင်းတာပါ..၊ အဲဒီ နေ့ကလည်း သူငယ်ချင်း ကလေး မွေးနေ့ မှာ ထမင်း ကျွေးတော့ ပဲနှပ် နဲ့ ချဉ်ရေဟင်း တွေ အများကြီး စားလိုက် ရာကနေ စဖြစ်သွားပါတယ်..၊ စဖြစ်တော့ သိသာတာက ဘိုက်မစာ ဘူးဗျ..၊ လေတွေတက်ပြီး မစားချင်မသောက်ချင် ဖြစ်နေတယ်.၊ ဒါပေမဲ့ ခန္ဒာကိုယ်က မတောင်းဆိုတာကို ကိုယ် ကို ကိုယ့် သနားတတ်တဲ့ စိတ်ကလေးနဲ့ ငါထမင်းမစားရင်တော့ ဒုက္ခရောက်တော့ မှာ ဘဲ တော်ကြာမူးမေ့ များလဲ သွားရင် ချစ်ချစ်ကြီးကလည်း အပြင်သွားနေတော့  ပွေ့မဲ့ လူလည်း မရှိဘူး ဒုက္ခဘဲ ဆိုပြီး ဖြစ်ညှစ် စားလိုက်တာဗျ..အဲဒါ ချစ်ချစ်ကြီး တရားခံ..။

စားတာကလည်းဗျ.. ချစ်ညီမတော် မဟာ..မီနီမတ်ကက် ကြီးက ဝယ်လာတဲ့ ငါးပိရေကြိုနဲ့ ပယ်ပယ် နယ်နယ် တွယ်လိုက်တာ ဆိုတော့ ဘာပြောကောင်းမလည်းှဗျာ ခဏနေတော့ အကုန်ပြန်ထွက်တော့ တာပါဘဲ..၊ အခုတော့ ဆရာဝန်ဆီသွားပြ လိုက်တော့ အတော်ကောင်းသွားပါပြီ..၊ နဲနဲ စားချင် သောက်ချင်တဲ့ စိတ်ကလေး ပေါ်လာပါပြီ..။

စားချင် စိတ်မရှိတဲ့ အချိန် မှာ ကျနော့် ရဲ့ ချန်ဂင် ချစ်ညီမ များ ချစ် မောင်လေး များ ချက်ပြုတ်ထားကြတဲ့ ဘလော့ တွေကို ဝင်ဖတ်တယ် ခင်ဗျား..၊ ဒါပေမဲ့ ဒီတခါတော့ ဟန်ဆောင် နိုင်ပါတယ်..၊ သိပ် စားချင်စိတ်မရှိဘူးပေါ့..၊ အခါတိုင်းများတော့ အဲဒီလို့ ဘလော့ တွေများ ဖတ်ပြီးရင် အိန္ဒြေမရ၊ ဟန်မဆောင်နိုင်ဘဲ ချစ်သမီးများ ချက်ပြုတ်ထားတာတွေကို အဆင့်သင့် စားတဲ့ အပြင်ဗျာ ဒီလောက် မကောင်းအောင် ချက်ရပြုတ်ရသလား ဆိုပြီး ချစ်ညီမ ကို ရန်လုပ်သေးတာကိုးဗျ..။

အခုတော့ နဲနဲ စားချင်စိတ်ရှိလာပေမဲ့ ဆရာဝန်က ထမင်းမစားရသေးဘူးဆိုတော့ ချစ်ညီမ ဝယ်လာပေးတဲ့ အိုဗာတင်း လေးနဲ့ ချစ်သမီးများ ပြုတ်ပေး တဲ့ မြူစွမ် ပြုတ်ကလေးကို အာသာပြေစားရင်း ငါ့ ရဲ ့ ချန်ဂင် ဘလော့ လေးတွေသွားပြီး ဘာဟင်းလေးတွေများ ချက်လည်း လေ့လာအုန်းမှပါ.. ဆိုပြီး ထွက်လာ ခဲ့တယ်..၊ ဒါမှ နေကောင်းရင် ချက်ပြုတ် စားရအောင်လေဗျာ..။

ချန်ဂင် ဘလော့များ မရောက်ခင် အတွေးတချက် က ပေါ်လာတယ်..၊ ငါ သွားပြီး သားရေကျ နေလည်း အလကားပါဘဲ အခု စားလို့ရတာလည်း မဟုတ်ဘူး..ဆိုပြီး စဉ်းစားရင်းနဲ့ ဒီပို့စ် လေးကို ရေးလိုက်တာဗျ..၊ စားမရတဲ့ အတူတူ စားမကောင်းတဲ့ ဟင်းတွေ ကို ငါ့ ဘလော့ ချစ်သူများအတွက် ချက်ပေးအုန်းမှပါဆိုပြီး (စေတနာတွေ..စေတနာတွေ) (ခင်ဗျားတို့ သားရေကျမှာကို အားနာလို့ပါ) စဉ်းစားလိုက်တော့ ကျနော့် ရဲ့ ညီမအလတ် ဒေါ်ကြေးမုံပေါက် ချက်တဲ့ ဟင်းတွေကို သွားသတိရမိတယ်… ။

အရင် ပို့စ် တွေတုံးက ကျနော် တို့ ညီမ တွေဟင်းစပ်တွေ သွားမေးပြီးဟင်းချက်ကြတာ ကျနော် ရေးဘူး တယ်နော်..၊ ကျနော် ရယ် ညီမ အငယ် ရယ်က အဲဒီလို ဟင်းချက်ဘို့ ကိစ္စ လုံးပန်းနေကြတာကို ကျနော့် ညီမအလတ်က ကြည့် မရဘူးဗျ..၊ ကျနော်တို့ ကို အစားလေး တလုပ်အတွက် ဒီလောက် အကဲပါ နေကြတာဆိုပြီး မကြည်တာ ကြာနေပြီပေါ့ဗျာ..၊ ကျနော် တို့ ညီအမ ၂ယောက် ဟင်းချက် နေရင်လည်း ကြာလိုက်တာ ဘိုက်စာလိုက်တာ ဒီလောက်ဆိုရပြီ ဆိုပြီး သူဆာရင်ဆာသလို ခူးခပ်စား သွားတယ်..၊ သူက ဟင်းချက်တာ လုံးဝဝါသနာ မပါဘူးဗျ..၊ ကျနော် တို့ ချက်ပြုတ်နေရင်လည်း ပင်ပန်းတယ် ဒီလောက်ကြီး လုပ်မနေပါနဲ့ ဆိုပြီး အမြဲတန်း ပြောလေ့ရှိတယ်..။

တနေ့ တော့ သူစိတ်လိုလက်ရ ရှိတဲ့ တနေ့ပေါ့ ဗျာ..၊ ကျနော် မနက် အိမ်အရောက် မမ ရေ နင် လာမှ ချက်နေရရင် ပင်ပန်းမှာ စိုးလို့ ငါချက်ထားလိုက်ပြီတဲ့..၊ ကျနော်လည်း သူ့လက်ရာသိနေတာ ဆိုတော့ သွားပါပြီပေါ့..၊ အဲဒါနဲ့ ဘာဟင်းချက်တာလည်း လို့မေးလိုက်တော့ ဝက်ကလီစာတဲ့.. အင်းမဆိုး ပါဘူးပေါ့လေ..၊ ပြီးတော့ ရောဆိုတော့ ချဉ်ပေါင်ဟင်း တဲ့ အင်း ဟင်းစပ်ကတော့ လိုက်သားပေါ့ ..အေး အေး ငါ့ ညီမတော်တယ်ပေါ့..၊ ဒါနဲ့ ခဏနေတော့ မောင်လေးက ထမင်းစားမယ်ဆိုပြီး ထမင်းဝိုင်း ရောက်သွားပါရော..အမယ်သူက ပြာပြာသလဲ ဟင်းတွေ ထခူးပေးလို့ဗျ..။

ခဏနေတော့ ကျနော် လည်း မောင်လေးစားနေတာ မေ့ သွားရော..၊ နေ့လည်ကျ ကျနော်ထမင်း စားမယ်လုပ်တော့ အုပ်ဆောင်း အောက်မှာ မောင်လေး ထမင်းပန်ကန်လေး က အရာမယွင်းဘူးဗျ..၊ အဲဒီကျမှ ကျနော်လည်း မောင်လေး လှန်းခေါ်ပြီး ဘာဖြစ်တာလည်း ဆိုမှ ထမင်းပန်းကန်ဘေးမှာ တန်းစီ ထားတဲ့ အသဲဖတ်လေး၊ နှလုံးဖတ်လေး တွေ ကို သွေးလေးတွေ တစို့စို့နဲ့ တွေ့လိုက်ရတယ်ဗျ..၊ အဲဒါနဲ့ ညီမရေ လာအုန်း ဟင်းက မကျက်ပါလား ဆိုတော့ ကျက်ပါတယ်တဲ့ ..၊ ငါက မမတို့ချက်နေရင် ရေထည့် ချက်တာကြာလို့ ငါ့အလှည့်ကြတော့ မြန်အောင်လို့ ဆီဘဲထည့် ချက်လိုက်တာတဲ့..၊ကောင်းရောဗျာ..။

အဲဒါနဲ့ ကျနော်လည်း စိတ်ညစ်ညစ်နဲ့ ကလီစာဟင်း မကောင်းတောင် ချဉ်ရေလေးနဲ့ တော့ စားဖြစ်မှာပါ ဆိုပြီး ဘယ်မလည်း ချဉ်ရေ ဆိုတော့ ..အဟင်း..ဟင်း..တဲ့ ချဉ်ရေဟင်းကလည်း တူးသွားတယ် တဲ့..၊ ကဲ..ကြားဘူးကြလားဗျာ.. ချဉ်ရေဟင်းတူးတာ..။

ဒါက ပထမ မိတ်ဆက် ဟင်း၂ခွက်..

တခါတလေကျရင်  အမကို ကူညီချင်တဲ့ စိတ်နဲ့  သူက လက်စွမ်းဝင်ဝင်ပြသေးတာဗျ..၊ တခါတော့ဗျာ ကျနော်က ဘဲဥ ချဉ်ရေလေး ချက်မယ်ဆိုပြီး ဘဲဥဝယ်ထားပေးခဲ့တယ်ဗျ..၊ အဲဒါ သူ့ကိုလည်း သေချာမှာ ထားတာ ညီမရေ ..မနက်ဖြန် ဘဲဥ ချဉ်ရေချက်မယ် ဆိုပြီးပေါ့..၊ မမ လာမှချက်မယ် ဘာမှမလုပ်နဲ့ နော်ဆိုပြီးတော့ပေါ့..။

နောက်နေ့ ရောက်လို့ ကျနော်လည်း အိမ်ရောက်ရော ချက်မယ်ပေါ့ ဆိုပြီး ဘဲဥ လိုက်ရှာတော့ မရှိတော့ ဘူးဗျ..၊ အဲဒါနဲ့  ဟိုရှာဒီရှာလုပ်တော့ ဘဲဥပြုတ်လေး တွေကို ပန်းကန် တခုထဲမှာ ဘဝပျက်ပြီး ညို်မဲမဲ လုံးတုံးတုံး၊ ရှုံ့တုံ့တုံ့ လေး တွေအဖြစ် တွေ့လိုက်ရပါတယ် ခင်ဗျား..၊ ဘဲဥ ပြုတ်တူးသွား လို့တဲ့..ကဲ.. စားကြမလား ဘဲဥပြုတ်..။

နောက်တခါ ရှိသေးတယ်ဗျ..ကျနော်သွားစရာရှိလို့ သူတို့ မောင်နှမ ၂ယောက်ကို (အဲဒီအချိန်က ညီမ အငယ် မရှိဘူး) ဝက်အူချောင်း ဝယ်ထားပေးခဲ့တယ်ဗျ..၊ ဝက်အူချောင်းကြော် စားပေါ့..၊ အဲဒါ နေ့လည် ရောက်တော့ ကျနော် ရောက်တဲ့ အချိန် ဝက်အူချေုာင်းကြော်လိုက်ရှာတာ မတွေ့ဘူးဗျ..၊ အဲဒါနဲ့ ညီမ ဝက်အူချေုာင်း မကြော်ဘူးလား ဆိုတော့..၊ မကြော် တော့ဘူးတဲ့ မမ လည်း ထမင်းမစားဘူး ဆိုတော့ ဒို့ မောင်နှမ ၂ ယောက်ထဲ တခါထဲ ထမင်းရောဟင်းရော ပြီးသွားအောင်ဆိုပြီး ထမင်းနဲ့ရောပြုတ် လိုက်တယ်တဲ့ ..ကောင်းရောဗျာ..၊

ကဲ..ထမင်းကောင်း ဟင်းကောင်း စားချင်သူများ ရှိရင်စာရင်းပေးကြပါ..၊ ကျနော် ညီမလေး လက်ရာ ကျွေးချင်လို့ပါနော်..။

လေးစားစွာဖြင့်

စာရေးသူ – ရွှေစင်ဦး

.

One comment

  • doekalay

    September 13, 2010 at 11:16 am

    ဟင်းချက်နည်းလေးတွေကတော ့ကောင်းတယ်နော် ရီလည်းရီရတယ်…..ဟီး

Leave a Reply