ဂေးတွေအတွက် အဖြည့်ခံ အထီးကျန် ဇနီးသည်များရဲ့ ငိုရှိုက်သံများ

PhyoSeptember 13, 20101min832

ဝမ်ယိမ်းဗိန်ဟာ သူမရဲ့အိမ်ထောင်သက် သုံးနှစ်ပြည်တဲ့ အခါကြတော့မှ သူမရဲ့ ခင်ပွန်းသည်ဟာ လိင်တူချင်းစုံမက်တဲ့ အမျိုးသားတယောက် ဖြစ်နေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူမ ခင်ပွန်းသည်ကတော့ သူ့ကိုသူ လိင်တူချင်းချစ်သူတယောက် ဖြစ်နေတယ်ဆိုတာကို ဟိုးအရင်ကတည်းက သိပုံရပါတယ်။ သို့ပေသော်ငြား ပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်း ဆွေးမျိုးသားချင်းတွေရဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင် ရင်မဆိုင်ဝံ့တဲ့အတွက် ခုလိုမျိုး ထုံးတမ်းစဉ်လာအရ မိဘက စီစဉ်လက်ထပ်ထိမ်းမြားပေးတဲ့ အမျိုးသမီးကို လက်ထပ်ယူခဲ့ရတာဖြစ်ပါတယ်။

“လက်ထပ်ခါစကတော့ ပုံမှန်အတိုင်း အားလုံးချောချောမွေ့မွေ့ပါ”လို့ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီကင်းမြို့သူလေး ဝမ် တယောက် အခုလို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက် သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဝမ့် အမျိုးသားရဲ့ အပြုအမူတွေ ပြောင်းလာတာ သတိထားမိလာသလို၊ သူ့ရဲ့ ဆက်ဆံရေးတွေကလည်း အရင်ကလို နွေးထွေးမှုမရှိတော့ပဲ သူမအပေါ်မှာရှိတဲ့ သူ့ရဲ့ ခံစားချက်တွေကလည်း အေးတိအေးစက် နိုင်လာတာကို ဝမ် တယောက် ထူးထူးခြားခြား ခံစားလာခဲ့ရပါတယ်။ ဒီလိုနဲ့ တရက်မှာ သူမရဲ့ ခင်ပွန်းသည်ဆီကို အခြားအမျိုးသားတယောက်က ပေးပို့ထားတဲ့ ရည်းစားစာကို ရှာတွေ့မိလို့ ဖတ်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ရဲ့ ဘဝအသစ်ကို ပြန်စကြဖို့အတွက် ရေးထားတဲ့ စာလေးဖြစ်လို့ နေပါတယ်။ ဒါနဲ့ ဝမ် တယောက် သူမခင်ပွန်းကို ပွင့်ပွင့်လင်းလင်း မေးတော့မှပဲ သူ့ခင်ပွန်းသည်က သူဟာ လိင်တူချင်းချစ်တဲ့ သူတယောက်ပါလို့ ဝန်ခံလိုက်ပါတယ်။

အဲဒီလို လိင်တူချစ်သူ အမျိုးသားတွေနဲ့ အိမ်ထောင်ကျပြီး ခက်ခဲရှုပ်ထွေးပွေလီတဲ့ အိမ်ထောင်မှုဒုက္ခကို ခံစားနေရတဲ့ တရုတ်ပြည်က အမျိုးသမီးတွေထဲ ဝမ် တယောက်ထဲ မဟုတ်ပါဘူး။ သူမလိုပဲ အခြားအမျိုးသမီးတွေလည်း အများအပြားရှိကျတယ်လို့ ဆိုပါတယ်။ တချို့လေ့လာသူတွေ ခန့်မှန်းရသလောက်ဆိုရင် လိင်သူချစ်သူဖြစ်ပါလျှက်နဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားကို မခံနိုင်တဲ့အတွက် စိတ်ဆန္ဒမပါပဲ အိမ်ထောင်ပြုလိုက်တဲ့ လိင်တူချစ်သူ အမျိုးသားတွေရဲ့ အရေအတွက်ဟာ တရုတ်နိုင်ငံရဲ့ ခန့်မှန်းခြေ လိင်တူချစ်သူ အမျိုးသားဦးရေ ၁ဝဝ မှာ ၉ဝ ရာခိုင်နှုန်းလောက် ရှိတယ်လို ဆိုပါတယ်။

အခုလိုမျိုး လိင်တူချစ်သူ အမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားပြီး ဒုက္ခဝေနေရတဲ့ တရုတ်အမျိုးသမီးတွေကို တရုတ်မန်ဒရင်းဘာသာလို “တောင်ကျိ”လို့ ခေါ်ကြပါတယ်။ သူတို့တွေရဲ့ဘဝဟာ ချစ်ခြင်းမေတ္တာ ကင်းမဲ့တဲ့ အိမ်ထောင်ဒုက္ခ ဝဲဂရက်ထဲမှာ နှစ်မြောနေကြ ရရုံတင်မကပါဘူး တကယ်လို့ ကွားရှင်းပြတ်စဲမယ် ဆိုရင်လည်း မိသားစု ဆွေးမျိုးအသိုင်းအဝိုင်းရဲ့ ဖိအားတွေကို ကြောက်ရွံ့တာ၊ မတော်လို့ ကွာမယ်ဆိုတာ သိသွားရင် သားသမီးအတင်း အဓမ္မယူခိုင်းတာမျိုး စတဲ့ ဒုက္ခတွေကို ရင်ဆိုင်ရမှာ စိုးရိမ်တဲ့အတွက် ဆင်းရဲဒုက္ခကို ကြိတ်မှိတ်ခံစား နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒီလို လိင်တူချင် စစုံမက်တဲ့သူတွေနဲ့ ပတ်သက်တဲ့ အိမ်ထောင်ရေး ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို ကူညီထောက်ပံ့ ပေးတဲ့အစီအစဉ်တွေနဲ့ အသိပညာပေးတဲ့ စာအုပ်စာပေဖြန့်ဝေတာ၊ အပြန်အလှန် နှီးနှောဖလှယ်ပွဲတွေကို လွန်ခဲ့တဲ့ နှစ်တွေကတည်းကနေ စတင်ပြုလုပ်ပေးခဲ့တဲ့ အချိန်ကနေစပြီး ဒီနေ့ဒီအချိန်မှာ အဲဒီလိုမျိုး ဒုက္ခရောက်နေတဲ့သူ ဦးရေ တဖြည်းဖြည်းနဲ့တော့ ကျဆင်းလို့ လာခဲ့ပြီလို့ လိင်မှုဗေဒဆိုင်ရာ အစည်းအရုံးဥက္ကဌနှင့် “မိတ်ဆွေတွေ အချင်းချင်း အပြန်အလှန်ဝေမျှခြင်း” အမည်ရတဲ့ မဂ္ဂဇင်းစာအုပ်ကို ဦးစီးထုတ်ဝေသူ ဇန်းဘေချွမ်းက ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့်လို့ လျှော့နည်းလာတဲ့ ဒီအရေအတွက်ဟာ တရုတ်ပြည် တနိုင်ငံလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ရင်တော့ အသေးအဖွဲ့ကလေးပဲ ရှိသေးတယ်လို့လည်း ဆိုပါတယ်။

“အမျိုးသမီး တော်တော်များများရဲ့ ခံစားချက်ထဲမှာ သူတို့ဘဝဟာ အသုံးချ ခံလိုက်ရတဲ့ဘဝ၊ ဒီလိင်တူချင်း ချစ်တဲ့အမျိုးသားတွေက သူတို့ဘဝ လုံခြုံဖို့အတွက် သူမတို့တတွေကို ဒိုင်းသဖွယ် အသုံးချသွားခဲ့ကြတယ်ဆိုပြီး ယူကြုံးမရ ခံစားကြရပါတယ်”လို့ ဇန်းက အိုင်ပီအက်စ် သတင်းဌာနကို ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

ဝမ် ကတော့ သူမရဲ့ အမျိုးသားနဲ့ လက်မထပ်ခင်က ဘယ်လိုဘယ်ပုံနဲ့ သာယာတဲ့ လိင်မှုဘဝကို ထူထောင်သွားကြမယ်ဆိုပြီး နှစ်ဦးသား ကောင်းကောင်းမွန်မွန် တိုင်ပင်ဆွေးနွေး ခဲ့ကြပေမယ့် သူမရဲ့ အမျိုးသားက သူ့ကိုယ်သူ လိင်တူချစ်သူပါလို့ ဝန်ခံလိုက်တဲ့ နေ့ကစပြီး သူမတို့နှစ်ယောက်ရဲ့ လိင်မှုဘဝဟာ လုံးဝကို ခြောက်သွေ့ဆိတ်သုန်း သွားခဲ့တယ်လို့ ဆိုပါတယ်။ တခါကတော့ ဝမ် တယောက် အဲဒီခါးသီးတဲ့ ခံစားချက်တွေကို မေ့ပျောက်သွားအောင်ဆိုပြီး အွန်လိုင်းပေါ်က အမျိုးသားတယောက်နဲ့ ချိန်းတွေ့ပြီး အတူချစ်ကြည်နူးဖို့ ကြိုးစားခဲ့ဖူးပေမယ့် နောက်ဆုံးတော့ သူမမှာ တညတာအတွေ့အကြုံ ဇာတ်လမ်းမျိုးကို တကယ်လုပ်ရဲတဲ့ သတ္တိမျိုး မရှိဘူးဆိုတာကို သိလိုက်ရပြီး လက်လျှော့ခဲ့ဖူးတယ်လို့လည်း ဝမ်းနည်းကြေကွဲစွာ ထုတ်ဖော်ပြောဆိုဖူးပါတယ်။

တကယ်တန်း ကွာရှင်းပြတ်စဲကျဖို့အတွက် ပြင်ဆင်ကြပြန်တော့လည်း ဝမ် တယောက်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချနိုင်ခဲ့ဘူးလို့ ဆိုပြန်ပါတယ်။ ဒါပေမယ် နောက်ဆုံးတော့ တခြားမြို့တမြို့မှာ သူမအတွက် အလုပ်သစ် ရလာတဲ့အခါ ကျတော့မှပဲ လင်မယားနှစ်ယောက် အတူကွဲပြီး နေထိုင်ဖြစ်ကြတော့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားဝင်ကွာရှင်း ထားတာမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။

ကျိန်းဒေါင်ပြည်နယ်က အသက် ၄၂ နှစ်အရွယ် အဒေါ်ကြီး ဝင်ရှောင်ရဲ့ အတွေ့အကြုံကတော့ ဒီလိုပါ “ကျမက ယောက်ျားနဲ့ လက်ထပ်ခဲ့တဲ့ ကိုးနှစ်တာကာလ တခုလုံးမှာ တခါမှာ ဖက်ပွေ့နမ်းရှုပ်တာမျိုးကို မခံရဖူးဘူး၊ ကျမသူ့ကို ကြည့်လိုက်တိုင်း ကျမကိုသူက ကျမ တခုခုလုပ်မှားထားသလိုမျိုး အပြစ်တင်တဲ့ အကြည့်တွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်” လို့ ညာဉ်းတွားရင်း ပြောရှာပါတယ်။ နောက်ဆုံးတော့ ဝင် တယောက် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေနဲ့ပြပြီး သူမရဲ့ စိတ်ကျရောဂါကို ကုသရတဲ့အဆင့်အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝင် တယောက် ဘာမှန်းအမျိုးမည်မသိတဲ့ သူမယောက်ကျ်ားရဲ့ မသိကျိုးကျွံပြုမှုကို နောက်ထပ် ခုနှစ်နှစ်တိုင်တိုင် ဆက်ပြီး လည်စီးခံ ဖြတ်သန်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။ သူမနဲ့ စ လက်ထပ်ကတည်းက သူမ သံသယရှိခဲ့တဲ့ သူမယောက်ျားရဲ့ အဖြစ်မှန်ကို ၁၈ နှစ်ကျော်ကျော် ပေါင်းသင်းခဲ့တော့မှပဲ သိရတော့တယ်လို့ ဆိုပါတယ်။ အဲဒါ တခြားမဟုတ်ပဲ သူမယောက်ျားဟာ လိင်တူချင်းသာ စုံမက်တဲ့သူဆိုတာကို ပါပဲ။ “ကျမ အဲဒါသိသိချင်း ကျမဘယ်လိုမှ မခံစားနိုင်ဘူး၊ အရမ်းနာကျင်တာပဲ”လို့ သူမက ငိုညဉ်းရင်း ထုတ်ဖော်ပြောဆို သွားခဲ့ရှာပါတယ်။

ခုခါမှာတော့ တရုတ်နိုင်ငံတဝှမ်းမှာ အဲဒီလိုခါးသီးတဲ့ အတွေ့အကြုံတွေကို ခံစားဖြတ်သန်းလာခဲ့ရတဲ့ အမျိုးသမီးတွေအတွက် သီးသန့် အင်တာနက်ဝက်ဆိုက်တွေကို တည်ထောင်ဖြန့်ချီထားကြပြီ ဖြစ်သလို၊ တချို့ ပီကင်းလို မြို့ကြီး ပြကြီးတွေမှာဆိုရင် အဲဒီလို ဘဝတူ အမျိုးသမီးတွေ အချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးတာမျိုးတွေလည်း ရှိလာခဲ့ပြီလို့ သိရပါတယ်။

“ဒီအမျိုးသမီးတွေရဲ့ အခြေအနေ အဖြစ်အပျက်တွေက အလွန့်အလွန်ကို ဆိုးဝါးလှတဲ့ ဘဝအတွေ့အကြုံတွေပါ။ အများသောအားဖြင့် နေ့ရက်တွေ အတော်များများကို ဒူးနဲ့မျက်ရည်သုတ်ပြီး ဖြတ်သန်းကြရတာပါ”လို့ အဲဒီလို ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် လိုက်လံဆော်ဩမှုတွေကို ပြုလုပ်ပေးနေတဲ့ တရုတ်ပြည်ရဲ့ လူမှုဗေဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ပရောဖက်ဆာ လိရင်ဟေးက အဲဒီ အမျိုးသမီးတွေကို ကူညီထောက်ပံ့ဖို့ ထူထောင်ထားတဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။

အခုလိုမျိုး ဒုက္ခရောက်နေတဲ့ အမျိုးသမီး အများကြီးထဲက လက်တဆုတ်စာလောက်သာရှိတဲ့ အမျိုးသမီးတွေက ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ချက်ချနိုင်ကြတာ ဖြစ်တယ်လို့ ဇန်း ကပြောပါတယ်။ အဲဒီ လက်တဆုတ်စာ အမျိုးသမီးတွေထဲမှာလည်း အများစုဟာ ပညာတတ် အသိုင်းအဝိုင်းက လာတဲ့သူ၊ မိမိကိုယ်ပေါ် မိမိရပ်နိုင်တဲ့ စီးပွါးရှာနိုင်တဲ့ အမျိုးသမီးတွေနဲ့ သားသမီးမရသေးတဲ့ အမျိုးသမီးတွေသာ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ခုနကလို အောင်အောင်မြင်မြင်နဲ့ လမ်းခွဲနိုင်တဲ့ အမျိုးသမီး လက်တဆုတ်စာထဲမှာ ကံမကောင်းတဲ့ ဝမ် တယောက်ကတော့ မပါနိုင်ရှာပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဝမ် တယောက် သူမအမျိုးသားနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ပြတ်ပြတ်သားသား မချမှတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝမ် တယောက် သူမတို့နှစ်ယောက်ရထားတဲ့ သမီးလေးရဲ့ ဘဝရှေ့ရေးအတွက်ကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝမ်မှာတော့ ခုချိန်ထိ ဒွိဟဖြစ်နေဆဲပါ။ ကလေးကို ဖခင်မရှိပဲ မကြီးပြင်းလာစေချင်သလို၊ သပွတ်အူလို ရှုပ်ထွေးပွေလီတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမျိုးနဲ့လည်း ကလေးကို မဖြတ်သန်းစေချင်ဘူးလို့ ဆိုပါတယ်။

“တချို့ လိင်တူချင်းချစ်တဲ့ အမျိုးသားတွေက သူတို့ လက်ထပ်ထားတဲ့ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာအရ သာယာမှု အပြည့်အဝမပေးနိုင်ပေမယ့် သားသမီးတွေအပေါ်မှာ ဖခင်ဝတ္တရားကိုတော့ မပျက်မကွက် ကျေပွန်တဲ့ သူတွေလည်း ရှိပါတယ်။ ဥပမာ – မိသားစုရဲ့ လိုအပ်မှုတွေအားလုံးကို ဖြည့်ဆည်းပေးတာမျိုးပေါ့။ ဒါပေမယ့် ဇနီးသည်တေ ွအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုက ဘာနဲ့မှကို ဖြည်ဆယ်လို့ကို မရသလိုမျိုး ဖြစ်နေတာပေါ့”လို့ ဇန်း က ပြောဆိုသွားပါတယ်။

အဲဒီလို လိင်တူချင်းချစ်တဲ့ အမျိုးသားတွေဟာ သူတို့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေကို မချစ်မနှစ်သက်ရုံ သာမကပဲ ကိုယ်ခန္ဓာချင်း ရင်းနှီးထိစပ်တာကိုလည်း မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ ဒီထက်ဆိုးတာက တချို့ဆိုရင် မသတီသလို အပြုအမူတွေကိုပါ ပြသကြတယ်လို့လည်း သိရပါတယ်။

ဇန်း ရဲ့ ပြောပြချက်အရဆိုရင် “အမျိုးသမီးတယောက်က ကျမကိုပြောပြတယ်၊ တည သူ့အမျိုးသာနဲ့ အတူတူအိပ်နေတုန်း အိပ်ရင်းနဲ့ဆိုတော့ သူလည်း သတိမထားလိုက်မိဘူးပေါ့၊ သူလက်က ယောက်ျားရဲ့ ကိုယ်ပေါ်သွားတင်နေတာ အဲဒါဟိုက သိသိချင်း ချက်ချင်းဆိုသလို လက်ကိုယူပြီး အင်နဲ့အားနဲ့ လွဲထုတ်ပေးလိုက်တာ သူခမျာ လန့်လည်းလန့် နာလည်းနာ ရင်ထဲကလည်း နာကျဉ်းနဲ့ တော်တော်ခံစာခဲ့ရတယ်လို့ ဖွင့်ပြောခဲ့ဖူးတယ်”လို့ ဆိုပါတယ်။

အခုဆိုရင် ဝင် တယောက် သူမအမျိုးသားနဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်ပေမယ့် အဲဒီအကြောင်းကို မိဘတွေကို အသိမပေးရဲသေးဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့မိဘတွေက လိင်တူချင်းချစ်တဲ့ သူတွေအကြောင်းကို လက်မခံနိုင်တဲ့ သူတွေဆိုတော့ အဲဒီအကြောင်းသွားပြောရင် ဘယ်လိုမှ လက်ခံနိုင်ကြမှာ မဟုတ်သလို တော်ကြာ သူမအပြစ်ဆိုပြီး ပုံချခံရမှာတောင် စိုးရိမ်ရတဲ့အတွက် ရေရှည်အချိန်ယူပြီး စည်းရုံးရှင်းပြရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမ ဘဝရဲ့အဖြစ်မှန်ကိုတော့ ကျမရဲ့ အသိမိတ်ဆွေတွေကိုတော့ ပြောမပြနိုင်သေးဘူး၊ ဒါပေမယ့် ကျမလို ဘဝတူအမျိုးသမီးတွေ အချင်းချင်း တွေ့ဆုံကြတဲ့နေရာကိုတော့ အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ ကျမ သွားရပါလိမ့်မယ်”လို့ ဝမ် တယောက် ဆိုပါတယ်။ ဒါပေမယ့်လို့ ဝမ်း တယောက်ကတော့ “ကျမတို့နှစ်ယောက် အရင်က နှစ်တွေ အတော်များများ ထိအောင် အိမ်ထောင်တခုကို အော်မြင်စွာထူထောင်ဖို့ အမြဲတမ်း စိတ်သဘောထား တူညီခဲ့ကြတယ်၊ ဘာဖြစ်လို့ ခုကျမ ဒီစိတ်ကူးယဉ် အိမ်မက်တွေကို ယောက်ျားတယောက်ကြောင့် (ဒါမှမဟုတ်) လိင်မှုကိစ္စ တခုအတွက်နဲ့ပဲ လွယ်လွယ်ကူကူနဲ့ ဖျက်စီးခံကြရမှာလား ကျမဘယ်လိုမှ နားမလည်းနိုင်တော့ဘူး၊ ကျမဘယ်လိုမှလည်း နားမလည်နိုင်တော့ပါဘူး”လို့ ဒီကနေ့အထိ သူမရဲ့ လက်ထပ်ထိမ်းမြားချင်းနဲ့ ပတ်သက်တဲ့ ပဟေဠိမေးခွန်းတွေနဲ့ လုံးချာလည် အတွေးနယ်ချဲ့ နေဆဲရှိနေပါသေးတယ်။

Kit Gillet  ရဲ့ Wives of Gays Struggle Alone ပြန်လည် ခံစားတင်ပြခြင်း ဖြစ်ပါသည်။

နေားနော်

http://www.coloursrainbow.com/articles/36-feature/342-2010-06-28-20-00-14.html

2 comments

  • etone

    September 13, 2010 at 7:37 am

    လိမ်ညာပြီးလက်ထပ်ခံရတဲ့မိန်းမတယောက်ဖြစ်ပေမဲ့တွေဝေမနေသင့်ဘူး။ ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချပြီး ရဲရဲအသက်ရှင်ဖို့လိုပါတယ် ။

  • michaelaungpu

    September 13, 2010 at 10:58 am

    မျိုးတူတာကိုပဲကြိုက်ကြိုက် မတူတာကိုပဲကြိုက်ကြိုက်
    တစ်ကယ်ဖြစ်သင့်တာက
    နှစ်ဦးနှစ်ဖက် ကျေနပ်နိုင်တဲ့ အခြေအနေတွေမှာရှိရမှာပေါ့ နော်

Leave a Reply