မန ္တလေး ဆိုတဲ့ မန်းတလေး

လင်းဝေSeptember 13, 20101min772

မန်းတလေး ကို မရောက်တာ နည်းနည်းလောက်ကြာပြီးနောက် ပြီးခဲ့တဲ့အပတ်က ခဏရောက်ဖြစ်ခဲ့ပါတယ်။ ရွှေမန်းကတော့ ရွှေမန်းပါပဲ။ ( ဦးရွှေမန်းဖြစ်သွားတာလေးတစ်ခုပဲ…… ကြားဖြတ်နောက်တာပါ။ ) မန်းတလေးဆိုတာနဲ့ ကျွန်တော်ပြေးပြေးမြင်တာက ၂၆လမ်းပါ။ ဘီလမ်းလို့လည်းခေါ်ကြပါတယ်တဲ့။ ကျုံးဘေးတစ်လျှောက် အပင်ရိပ်တွေအေးမြနေတာနဲ့ ကျုံးရေပြင်ကို မျက်စိထဲအမြဲမြင်ပါတယ်။ နောက် နေ့ခင်းဘက်၊ ညနေဘက် ကျုံးအရှေ့ဘက်က အိမ်မက်လှိုင်းဆိုတဲ့ ဘီယာဆိုင်လေးမှာ သွားထိုင်သောက်ရတာလည်း သိပ်သဘောကျပါတယ်။ ကိုယ်က အလုပ်ကိစ္စနဲ့သွားတာများပေမယ့် အလုပ်က သိပ်များများမပါတော့ အလုပ်ပြီးရင် အဲဒီဆိုင်လေး သွားထိုင်ပြီး မန်းတလေး ရသ ကိုခံစားလိုက်တာပါပဲ။ ဒီတစ်ခေါက်တော့ မရောက်လိုက်ပါဘူး။ သူငယ်ချင်းက ညနေလေးနာရီကျော်မှ အားပြီး သူက လိုက်ပို့ပေးမယ့်သူ ဆိုတော့၊ သူကနေပူပါတယ်ကွာလို့ ပြောတာနဲ့ပဲ အင်းလေ ဆိုပြီးလိုက်လျောလိုက်ရတာပါ။ ကိုယ်တည်းတာကလည်း ၇၈လမ်းပေါ်က ဟိုတယ်ဆိုတော့ မန်းတလေးအတွက်တော့ နည်းနည်းလှမ်းတယ်လေ။ ဒါနဲ့ ၈၁လမ်းပေါ်က ဆိုင်လေးသွားထိုင်ဖြစ်ပါတယ်။ ဆိုင်ကတော့ ထုံးစံအတိုင်း အကင်ဆိုင်ပါပဲ။ ယူနန်အကင်ဆိုင်ပေါ့လေ။ တကယ်တော့ သိပ်မထူးဆန်းပါဘူး။ ရန်ကုန်မှာလည်း အဲသလိုဆိုင်တွေ ပေါများနေပါပြီ။ ဒါပေမယ့် စိတ်ထဲမှာ နည်းနည်း အချဉ်ပေါက်လာပြီး မန်းတလေးကို နှမြောနေမိတယ်။ နေ့လည်စာကို ယူနန်စားသောက်ဆိုင်လို့ ရှင်းရှင်းရေးထားတဲ့ တာမိုးကျော်ဆိုတဲ့ ဆိုင်မှာ စားလာခဲ့ပြီး ဆိုင်ထဲမှာလည်း စားသောက်နေတာက တရုပ်တွေပဲတွေ့။ ပြီး လမ်းတစ်လျှောက် တရုပ်တွေပဲ မြင်လာရ။ ကားကောင်းကောင်းတွေ စီးတာကြည့်လိုက်ရင်လည်း တရုပ်တွေပဲဖြစ်နေတော့တာ။ တစ်ခါ ဟိုတယ် ချက်-အင် ဝင်လိုက်တော့မှ ၇၈လမ်းပေါ်က မန်းတလေးနာမည်မှည့်ထားတဲ့ ဟိုတယ်က တရုပ်ဟိုတယ်ကြီးဖြစ်နေပြန်ရော။ တကယ့်ကို တရုပ်ပြည်က ဟိုတယ်ပုံစံမျိုးပါ။ ဟိုတယ် ဧည့်ကြိုကောင်တာဘေးမှာ ရုံးခန်းလေးတွေ ငှားပြီး ပေးဖွင့်တတ်တဲ့ တရုပ်ပြည်က ဟိုတယ်တွေပုံစံပါပဲ။ ဟိုတယ် ဓါတ်လှေကားထဲမှာလည်း တရုပ်စာတွေနဲ့ အစားအသောက် တွေရနိုင်တာကို ရေးထားပြန်သေးတော့ ကိုယ်ပဲ တိုင်းပြည်မှားပြီး ရောက်လာသလား ထင်မိတော့တယ်။ နောက် အဆောက်အဦးတွေ၊တိုက်ခန်းတွေကို ကြည့်လိုက်ရင်လည်း တရုပ်ပုံစံတွေက များနေပါတော့တယ်။  ထပ်ပြောရရင် နောက်တစ်နေ့မနက် စောစော ရေတံခွန်တောင် ဂေါက်ကွင်းသွားတော့တောင် တရုပ်မတွေ ကပြိုင်ပွဲလုပ်နေသေးတာနဲ့ သူတို့နဲ့လွတ်တဲ့ ဘက်အခြမ်းမှာ ရိုက်လိုက်ရတယ်။ တကယ်တော့ မန်းတလေး လူဦးရေက ၉၂၀,၀၀ဝ ဝန်းကျင်ရှိပါတယ်တဲ့။ တရုပ်အရေအတွက်က ၈၀,၀၀ဝလောက်ပဲရှိတာပါတဲ့။ သို့သော်လည်း လွှမ်းမိုးမှုဆိုတာ အရေအတွက်နဲ့ပဲပြောလို့ရတာမျိုးမဟုတ်ပါဘူး။ အစားအသောက်၊နေမှုထိုင်မှု၊ အဆောက်အဦးတွေ၊ ဇိမ်ခံနေကြတဲ့လူများစုတွေ၊ ကောင်းတဲ့ဝေစုကို ပိုရနေတာတွေ စတာတွေကို အကြမ်းဖျဉ်းကြည့်ပြီးပြောရမယ်ထင်ပါရဲ့။ တစ်ခုတော့ ပြောလို့ရတာကတော့ မန်းတလေး ဟာ တောင်ပေါ်က တရုပ်တွေ ဝင်လာပြီး သူတို့သယ်လာတဲ့ ငွေတွေကြောင့် ဝယ်လိုအားအသစ်တွေနဲ့ လုပ်ငန်းကိုင်ငန်းတွေ ပိုမိုကြီးထွားလာတာတော့မှန်ပါတယ်။ စီးပွါးရေး အကွက်အကွင်း အသစ်တွေလည်း သူတို့က သယ်လာတာလည်း ဟုတ်ပါတယ်။ သူတို့သယ်လာတဲ့ စီးပွါးရေး အခွင့်အလမ်းသစ်တွေကို သူတို့အများစုကပဲ ခံစားနေကြ ရယူနေကြတာလည်း ဟုတ်ပါတယ်။ တကယ်တော့ အားနည်းသူနဲ့ အားကြီးသူ၊ အဝန်းအဝိုင်း ကျယ်ပြန့်တာနဲ့ အတွေ့အကြုံပိုစုံတာတွေက သူတို့အတွက် အထောက်အပံ့ဖြစ်စေတာပါ။

မန်းတလေးရဲ့ စည်ကားပုံကလည်း ပြောင်းလဲလာနေပါပြီ။ မန်းတလေးသား လူကြီးတစ်ယောက်ကရှင်းပြတာက ဟိုတုန်းက ၇၈လမ်းဆိုတာ ချောက်ကပ်နေတာပါတဲ့။ ကားမောင်းသင်ရင် ဒီလမ်းပေါ်မှာ သင်ရတာတဲ့။ အခုတော့ တကယ့်အဓိက လမ်းမကြီးဖြစ်နေပါပြီ။ သူကပြောပြတာက ဟိုအစမှာ မန်းတလေးရဲ့ အဓိကလမ်းမကြီးက ၈၄လမ်းပါတဲ့။ ဈေးချိုက အဲဒီလမ်းပေါ်မှာ ရှိတော့ စည်ကားတယ်တဲ့။ နောက်တော့ လမ်း၈ဝ ခေတ်ကိုရောက်လာပါတယ်တဲ့။ တရုပ်တန်းဈေးခေတ်ပေါ့တဲ့။ အခုတစ်ခါ ၇၈လမ်းခေတ်ဖြစ်သွားပြီတဲ့။ သူရှင်းပြတော့မှ မန်းတလေးဟာ အနောက်က နေ အရှေ့ဘက်ခြမ်းကို စည်ကားမှုရွေ့လာတာမြင်ရတော့တယ်။ ရထားသံလမ်းရဲ့ အနောက်က နေ အရှေ့ဘက်ကို ပြောင်းပြီး စည်ကားလာတာလို့ဆိုပါတယ်။

တကယ်တော့ မန်းတလေး ဟာ မြန်မာပြည်ရဲ့ အလယ်ဗဟိုမှာ ရှိနေပြီး ယဉ်ကျေးမှုအရလည်း စံထားရမယ့်နေရာဖြစ်ပါတယ်။ အလယ်ဗဟိုမှာ ရှိနေတဲ့အတွက် မန်းတလေးရဲ့ ယဉ်ကျေးမှု ပျံ့နှံ့နိုင်မှုက မြန်မာပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများကို သက်ရောက်မှုရှိနေပါတယ်။ အခွင့်အလမ်းအနေနဲ့ ပြောရ ရင် တရုပ်ပြည်နဲ့ အိန္ဒိယ နှစ်ခုစလုံးကို ဆက်သွယ်ပေါက်ရောက်နိုင်တဲ့နေရာပါ။ ရှေ့မှာ လမ်းဖေါက်တာ ခေတ်မီလာရင် စစ်တွေ နဲ့ တာချီလိတ်ကို မန်းတလေးက ကားလမ်း ၊ ရထားလမ်း ပေါက်ခဲ့ရင် တကယ့်အခွင့်အလမ်းနေရာကြီးဖြစ်ပါတယ်။ ဒီတော့ ဒီ မန်းတလေး ( မန္တလေး ) မှာ ရွှေမြန်မာတွေ ကြီးစိုးပြီး မြို့ကို ပုံရိပ်ဖော်နိုင်ကြကာ အခွင့်အလမ်းတွေ ရယူခံစားနိုင်ကြတဲ့ ရွှေမန်း ဖြစ်ပါစေလို့ စိတ်ရည်သန်မိပါတယ်။

2 comments

  • Maung Dae`

    September 13, 2010 at 11:39 am

    အယ်… အခုတစ်လော မန္တလေးအကြောင်းတွေ တော်တော်ရေးနေကြပါလား… ရွှေမန်းသားတွေ အိမ်လွမ်းနေကြတယ်နဲ့တူတယ်နော်… ကောင်းပါတယ် ကျွန်တော်လဲ အလွမ်းပြေဖတ်ရတာပေါ့… လက်ရှိ အခြေအနေလေးတွေ သတင်းလေးတွေ ပြုပြင်ပြောင်းလဲမှုလေးတွေကိုရေးပေးပါလားလို့ တောင်းဆိုပါရစေခင်ဗျ..

    မောင်ဒဲ့

  • kopauk mandalay

    September 13, 2010 at 3:38 pm

    မန်းလေးသားစစ်စစ်တွေကိုကြည့်ချင်ရင် မြို့သစ်ကိုသွားလိုက်ပါ။
    အဲဒီမှာ မှ ရှေးကမန်းလေးသားတွေရဲ့ပြုမူနေထိုင်တာတွေကို ပြန်တွေ့ပါမယ်။
    အရင်နန်းမြို့ရိုးရှိတဲ့မြို့ဟောင်းကတော့ လူအသစ် ပုံစံသစ်နဲ့ရှေးမြို့ဟောင်းဖြစ်သွားပါပြီ။

Leave a Reply