NLD ရဲ့ Plan – B ကဘာတုံး ?

wunnaMarch 30, 20101min1013

၁၉၉ဝ က စခဲ့တယ်ပဲ ဆိုပါစို့။ အနှစ် ၂ဝ ရှိခဲ့ပြီ။ NLD ဖြစ်တည်ခဲ့တာ။ ၉ဝ ရွေးကောက်ပွဲမှာ လျန်းလျန်းတောက် အောင်မြင်ခဲ့တယ်။ အခုအချိန်အထိလည်း ထောက်ခံမှုရနေတုံးပဲ။ ဆယ်စုနှစ် ၂ခု ဆိုတဲ့ကာလ ဟာ မြန်မာပြည် လူ့သက်တမ်းနဲ့ ယှဉ်လျှင် ၃ဝ ရာခိုင်နှုန်းကျော်တယ်။ အဲဒါကို ပလုံ ဆိုပြီး အဆုံးအရှုံးခံသွားမှာလား?

မနေ့က ဆုံးဖြတ်ခဲ့တဲ့ NLD အစည်းအဝေးအရ ပါတီအဖြစ် စာရင်းတင်သွင်းခြင်းမပြုတော့ပါတဲ့။ ဒါဆိုရင် အခု လောလော လတ်လတ် ထွက်ထားတဲ့ ပါတီတည်ထောင်ခွင့်ဥပဒေအရ လက်ရှိ တည်ရှိနေသောပါတီသည် ဥပဒေ ထွက်သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း စာရင်းမတင်သွင်းရင် ပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်မရှိတော့ဘူး။ ဒီတော့ နောက်တစ်လ ကျော်ကျော်မှာ NLD ရုံးချုပ်ပိတ်၊ တစ်နိုင်ငံလုံးမှ ရှိတဲ့ ရုံးခွဲတွေလည်းပိတ်။ NLD အဖွဲ့ဝင်တွေ အားလုံး ငုတ်တုတ်ထိုင်နေတော့မှာလား။

ကျွန်တော်တော့ မထင်ပါဘူး။ အနှစ် ၂ဝ ရပ်တည်ခဲ့တဲ့ ရပ်တည်မှုအတွက် သူတို့ တစ်ခုခုတော့ လုပ်ပါလိမ့်မယ်။

စိတ်ထဲ ဝိုးတဝါး ပေါ်လာတာကတော့ လူငယ်တွေ စုပြီး ပါတီတစ်ခုထောင်ဖြစ်မလားပေါ့။ ဒါလည်း လွယ်တော့မလွယ်လှဘူး။ နိုင်ငံရေး အသိရှိတဲ့ ပါတီဝင်တွေ က ထောင်ထဲမှာလေ။

ဒီလိုဆို လူထုအုံကြွမှုတစ်ခုဖြစ်အောင် ဖန်တီးမလား။ ဒါလည်း အသေအချာစဉ်းစားရင် မဖြစ်နိုင်သေးဘူး။ စက်တင်ဘာက သက်သေထူနေတယ်။ ခေါင်းဆောင်ကောင်းမရှိဘဲ လူထုအုံကြွမှုကို ဖန်တီးလို့ပဲရမယ်။ အောင်မြင်မှု မရဘူး။ ပန်းတိုင်မရောက်နိုင်ဘူး။

အပေါ်က အချက် ၂ ခုလုံး မဖြစ်နိုင်သေးဘူးဆိုရင် NLD ရဲ့ Plan – B က ဘာတုံး………

3 comments

  • kai

    March 30, 2010 at 9:46 am

    ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က နိုင်ငံရေးသမိုင်းတွေ ပြန်လှန်ရင် အဖြေရှာတွေ့နိုင်မယ် ထင်ပါသလား…။

    ဒါပေမဲ့ ကြည့်ရတာ..အခုဖြစ်စဉ်က မြန်မာပြည်ပြင်ပမှာ အခြေပြု စလာပုံရတာမို ့ခေတ်မှီနေသလားပဲ။
    လူထုဦးစိန်ဝင်းကတော့ မှတ်ပုံတင်မယ်၊ ဝင်မယ် ပြောထားတာပဲ။
    ပလန်င်ဘီ၊စီ အထိရှိမယ်မျှော်လင့်မိပါတယ်။
    ဒီချုပ်ဟာ အနည်းဆုံးတော့ ငါးနှစ် အေးအေးဆေးဆေး အားမွေးနေလို့ရတယ်ထင်တာပါပဲ။
    ထုံးစံအတိုင်းဆို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆိုတာမျိုးကြီးကလာရတော့မယ်ထင်ပါတယ်။

  • wunna

    March 30, 2010 at 9:58 am

    နောက်ထပ် ငါးနှစ် အားမွေးမယ်ဆိုတာကတော့ လက်ခံလို့ရပါတယ်။ ဒါပေမယ့်လည်း NLD ဆိုတာ ကို မပျောက်စေချင်ဘူး။ ခက်တာကလည်း နဂိုကတည်းက စွဲကိုင်လာတဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသတ်ပြင်ဆင်ရေး၊ ၉ဝ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရေး ကို မစွန့်လွှတ်လိုလေတော့ ပါတီအဖြစ် စာရင်းမတင်သွင်းခြင်းမှ တစ်ပါး အခြားမရှိဘူးလေ။ တစ်ကယ်ဆို ရွေးကောက်ပွဲဝင်။ လွှတ်တော်မှာ ရသလောက် နေရာယူ ပြီးတော့ နောင် ငါးနှစ် အတွက် ပြင်ဆင်ရင် ပိုထိရောက်လေမလား။

    အခုအထိတော့ မဲပေးရမယ့် ပါတီ မတွေ့သေးဘူး။ ပြည်သူက အားကိုးလောက်တဲ့ ပါတီတွေ ထပ်ပေါ်ပါစေ လို့ပဲ ဆုတောင်းရမှာပဲ။ အဓိကကတော့ လွှတ်တော်ထဲကို ပညာတတ်၊ လူတော်၊ လူကောင်းတွေ များများရောက်ဖို့ အရေးကြီးတယ်။ သူတို့စကားနဲ့ သူတို့ကို ပြန်ပြောရရင် သူတို့လည်း ပြည်တွင်း ပုဆိန်ရိုးများများ လွှတ်တော်မှာ နေရာ ရအောင် နည်းအမျိုးမျိုးနဲ့ လုပ်မှာပဲလေ။ နောင် ၅ နှစ်မှ ပြန်ပြင်ဖို့ဆိုတာ အခုကတည်းက လွှတ်တော်မှာ တိုင်းပြည်ကိုတစ်ကယ်ချစ်တဲ့ လူတစ်ချို့ ရောက်သွားဖို့လိုတယ်လေ။

  • kai

    March 30, 2010 at 10:10 am

    ဖတ်ဖူးသလောက် ပြောရရင် အခုဖွဲ ့စည်းပုံအခြေခံဥပဒေအရ လွတ်တော်မှာ သွားထိုင်နေရလည်း ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်ထင်မိပါတယ်။
    ဒီကြားထဲ တဖက်သတ်ရွေးကောက်ပွဲအရ လွတ်တော်မှာ ထိုင်ခုံနေရာရဖို ့လည်း မလွယ်ပါဘူး။
    ဒီချုပ်ဝင်ပြိုင်လည်း ရှုံးမယ်ထင်မိပါတယ်။
    အဲဒီတော့ ရှံးမဲ့အတူတူ ဝင်မပြိုင်တာက သိက္ခာရှိတယ်လို့တွေးကြည့်လည်းရတာပါပဲ။
    အဲဒိလိုလုပ်တော့ အနိုင်ယူမယ်ဆိုပြီး အားတွေမွေးထားတဲ့သူတွေကိုတော့ သနားရမှာပေါ့။ သူတို့ခမျာမှာ ဒီချုပ်ဝင်ပြိုင်မယ်ထင်ပြီး ပြင်ထားဆင်ထားသမျှ အတွင်းအားတွေဖြစ်ပြီး တွန်းကန်ပေါက်မထွက်လာရင် ကံကောင်းတယ် ဆိုရမယ်ဖြစ်ကုန်နိုင်ပါတယ်။
    (အက်ကြောင်းချပေးတတ်ရင်)..ကွဲအက်လွယ်ပါတယ်။

Leave a Reply