ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့ အလုပ်ပါ

Yin Nyine NwaySeptember 13, 20101min773

တနေ့က ကျွန်တော့် ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး ယူလီယာ ဗာဆီယက်ဗနာ့ကို
ကျွန်တော့် စာကြည့်ခန်းအတွင်းသို့ အခေါ်ခိုင်းလိုက်တယ်။

ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းလင်းပေးရန်ဖြစ်သည်။
“ထိုင်ပါ၊ ဆရာမ” .. ဟုပြောရင်း
“ပေးစရာရှိတာလေးတွေကို ပေးမလို့
အခေါ်ခိုင်းလိုက်တာပါ။ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး၊
ကောင်းပြီလေ။ အခုပေးတာပေါ့၊ ကလေးတွေကို စာသင်ပေးဖို့ ဆရာမကို တစ်လ ရူဘယ် ၃ဝ နဲ့
သဘောတူခဲ့တယ်နော်”
“တစ်လ ၄ဝ ပါ”
“မဟုတ်ဘူး သုံးဆယ်။ ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ်။ အိမ်မှာ ကလေးတွေကို
စာလာပြပေးတဲ့ ဆရာမ မှန်သမျှ တစ်လ ရူဘယ် ၃ဝ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ
စာသင်ပေးနေတာ
အခုဆိုရင် ၂ လ ရှိသွားပြီနော်”

“နှစ်လနဲ့ ငါးရက်ပါ”

“မဟုတ်ပါဘူး၊ ဒီနေ့ပါနဲ့ ပေါင်းမှ နှစ်လ တိတိ၊ အားလုံး ဒီမှာ စာနဲ့
ရေးမှတ်ထားတယ်။ အခု ဆရာမကို ပေးရမှာက နှစ်လစာဆိုတော့ ရူဘယ် ၆၀။ အဲဒီ အထဲက
တနင်္ဂနွေ
၉ ရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေတွေမှာ ဆရာမဟာ ကိုလျာကို စာမသင်ပေးခဲ့ဘူး။
ပြီးတော့
အားလပ်ရက်နဲ့ ပိတ်ရင် ၃ ရက်ပါသေးတယ်။”

ဆရာမလေး ယူလီဗာ့ ဆီလီယက်ဗနာသည် မျက်နှာကြီး နီရဲလာကာ စကတ်
အနားစွန်းလေးများကို လက်ဖျားနှင့် စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ
မပြော။

“အားလပ်ရက် သုံးရက်၊ သုံးရက်အတွက်
တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ်။ ကိုလျာလေး နေမကောင်းဖြစ်ပြီး စာမသင်ခဲ့ရဘူး။ ဆရာမဟာ
ဗာယာနဲ့ပဲ နေခဲ့ရတယ်။ အိမ်ရှင်မက ဆရာမကို ညစာ စားပြီးချိန်ဆိုရင် အနားပေးတယ်။
တစ်လ
၁၂ ရူဘယ်နဲ့ ခုနစ် ရူဘယ်ပေါင်းတော့ တစ်ဆယ့်ကိုး ရူဘယ်၊ လစာထဲက တစ်ဆယ့်ကိုး
ရူဘယ်ကို နှုတ်တော့ လေးဆယ့်တစ်ရူဘယ်ပဲ ကျန်တော့တယ်။ မှန်တယ်နော်။”

ဆရာမလေး ယူလီယာဗာဆီလီယက် ဗနာ၏ ဘယ်ဘက်မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ
ဝိုင်းစို့လာသည်။ မေးလည်း တဆက်ဆက် တုန်လာသည်။ ဆရာမလေးသည်
ချောင်းတချက်ဆိုးလိုက်ကာ
နှာခေါင်းကို ပွတ်သည်။ သို့သော် စကားတစ်ခွန်းမှ မပြော။

“နှစ်သစ်ကူးပွဲ မတိုင်မီက လက္ဘရည် အချိုခွက်နဲ့
ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ရူဘယ်၊ လက္ဘရည်ခွက်က
အတော်
တန်ဖိုးကြီးပါတယ်။ မိသားစု အစဉ်အဆက် ထိမ်းသိမ်းဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်လေး
စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ထားပါတော့လေ။ ပိုပြီး ဆိုးဆိုးဝါးဝါး
ဖြစ်ခဲ့တာရှိသေးတယ်။
ဆရာမရဲ့ ပေါ့လျော့မှုကြောင့် ကိုလျာဟာ သစ်ပင်ပေါ်တတ်လို့ အကျီစုတ်ပြဲသွားခဲ့တယ်။
အဲဒါအတွက် တစ်ဆယ် ရူဘယ်။ ဆရာမရဲ့ ပေါ့ဆမှုကြောင့် အိမ်ဖေါ်မလေးက ဗာယာရဲ့
ဘွတ်ဖိနပ်ကို ခိုးယူသွားခဲ့တယ်။ ဒါတွေ အားလုံးကို မျက်လုံး
ဒေါက်ထောက်ကြည့်ရမှာက
ဆရာမရဲ့ အလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီးငှားထားတာကိုး။ အဲဒီအတွက် ငါး
ရူဘယ်ဖြတ်မယ်။ ဇန်ဇဝါရီလ ၁ဝ ရက်နေ့က ဆရာမ ကျုပ်ဆီက ငွေ ဆယ်ရူဘယ် ချေးခဲ့တယ်။”

“ဟင့်အင်း၊ ကျွန်မ ရှင့်ဆီက
မချေးခဲ့ဖူးပါဘူး။” ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။

“ဒီမှာ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်။”
“ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော”
“လေးဆယ့်တစ်ရူဘယ်ထဲကနေ နှစ်ဆယ့် ခုနစ် ရူဘယ်ကို နှုတ်တော့ တစ်ဆယ့်လေး
ရူဘယ်ကျန်တယ်။”

ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်းလှပသော
နှာတံစင်းစင်းပေါ်တွင် ချွေးသီး ချွေးပေါက်များ ဝိုင်းစို့လာသည်။ သနားစရာ
အတော်ကောင်းသည့် မိန်းကလေး … ။
“ကျွန်မ တစ်ခါပဲ ပိုက်ဆံချေးခဲ့ဖူးပါတယ်။ အဲဒါ
ရှင့်ဇနီးဆီက သုံးရူဘယ်ထဲရယ်ပါ။ ဒါ့ထက် တပြားမှ မပိုခဲ့ပါဘူး။”

“အဲဒါကို ထည့်မပြောခဲ့ခဲ့ဘဲကိုး။ အဲဒါ ကျုပ်စာထဲမှာ ရေးမမှတ်ရသေးဘူး။
တစ်ဆယ့်လေး ရူဘယ်ထဲက သုံးရူဘယ် ထပ်နှုတ်တော့ တစ်ဆယ့်တစ် ရူဘယ်ပဲ ကျန်တော့တယ်။
ဒီမှာ
သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ နောက်သုံးရူဘယ်၊ တစ်ရူဘယ်၊ တစ်ရူဘယ် အားလုံး
တစ်ဆယ့်တစ် ရူဘယ်၊ အဲဒါ ဆရာမ ပိုက်ဆံ။”

ကျွန်တော်သည် ဆရာမလေးကို ငွေ တစ်ဆယ့် တစ်ရူဘယ်ကို လှမ်းပေးလိုက်သည်။ ဆရာမလေးသည်
ငွေကို တုန်တုန်ရီရီဖြင့် လှမ်းယူကာ အကျီ အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။

“ကျေးဇူးပါပဲ” ဟု ခပ်တိုးတိုးလေး
ပြောသည်။

ကျွန်တော် သည် ဝုန်းကခနဲ ထလိုက်ကာ အခန်းထဲတွင် လျောက်နေမိတော့သည်။ စိတ်လည်း
အတော်
ဆိုးသွားသည်။

“နေပါဦး၊ ဆရာမက ကျွန်တော့်ကို ဘာအတွက်
ကျေးဇူးတင်ရတာလဲ။” ဟု ခပ်ဆက်ဆက် မေးလိုက်သည်။
“ပိုက်ဆံ ပေးတဲ့ အတွက်ပါ။”
“ကျုပ် ခင်ဗျားကို ငွေလိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး
အေးဓားပြတိုက်နေတာ၊ ဘာပြုလို့ ကျုပ်ကို ကျေးဇူးတင်တာလဲ။”
“တခြားမှာဆို တပြားမှတောင် မရလို့ပါ။”
“တပြားမှ မရဘူး ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ .. ၊ အံ့ဩစရာတော့ မရှိပါဘူး။
ကျုပ်ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာတစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ
နှစ်လအတွက် ရူဘယ်ရှစ်ဆယ်လုံးလုံး၊
အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်ထဲမှာ အပြည့်ထည့်ထားပါတယ်။ ဆရာမ … ဘာပြုလို့
ခင်ဗျား ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာ ဘာပြုလို့ ပြန်မပြောရဲရတာလဲ။
မဟုတ်တာကို
ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘဝမှာ ဘယ်လိုလုပ်ပြီး နေလို့
ရတော့မှာလဲ။
ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ။

ဆရာမလေး မျက်နှာပြုံးယောင်သန်းလာသည်။

ကျွန်တော်သည် ဆရာမလေးအား ဘဝနေနည်း သင်ခန်းစာတစ်ရပ်ကို ရက်ရက်စက်စက်
ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း သူမ၏ လစာ ရူဘယ် ၈ဝ ကို
ပေးလိုက်ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။

“ကျေးဇူးတင်ပါတယ်။”
ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။
သူထွက်သွားလေမှပင်
သူ၏ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့
အလုပ်ပါလားဟု တွေးနေမိလိုက်တော့၏။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ်၉၊ ၁၉၉၅ အောက်တိုဘာလ။

ရုရှားစာရေးဆရာကြီး Anton Chekhoy ၏ ဝတ္ထုတို Softy ကို ဆရာလင်းဝေမြိုင်က ဘာသာ
ပြန်ထားတာ ဖြစ်ပါသည်။

3 comments

  • char too lan

    September 13, 2010 at 10:10 am

    တကယ်ကောင်းတဲ့ post လေးပါ
    ထိထိရောက်ရောက်ကိုသင်ခန်းစာရသွားပါတယ်
    ကိုယ်ချင်းစာတတ်တဲ့၊ အားနာတတ်တဲ့၊ ရိုးသားတဲ့
    လူမျိုးတွေအပေါ်အနိုင်ယူဗိုလ်ကျချင်တဲ့သူတွေအများကြီးပဲ
    ကျနော်ဒီလိုမျိုးကိုယ်တိုင်ကြုံခဲ့ဖူးတယ်…………

  • michaelaungpu

    September 13, 2010 at 10:42 am

    တော်တော်ကောင်းပါတယ်
    မူရင်းစာရေးဆရာကြီးရဲ ့ပို ့ကိုပြောတာပါ
    အတုမြင်အတတ်သင်ဆိုလား
    ပို ့တင်တဲ့စာရေးဆရာတွေဘဲဖြစ်ဖြစ် ဆရာမတွေဘဲဖြစ်ဖြစ်
    အဲ့သည်လို ပို ့များကို ကြိုးစားပြီးရေးပါကြ
    အားမငယ်ပါနဲ ့
    မီးမှန်နေပါတယ်
    တစ်နာရီ လေးရာနှုန်းနဲ အားပေးနေပါတယ်

  • Yin Nint

    September 13, 2010 at 3:15 pm

    ဆရာမလေးကိုပဲသနားတယ်…အပြင်မှာအဲ့လိုစိတ်ရင်းကောင်းတဲ့မိန်းကလေးနဲ့သူငယ်ချင်းဖစ်ရင်ကောင်းမယ်

Leave a Reply