တောင်နံရံပေါ်က အံ့ဩဖွယ်ဘုရားကျောင်း

CharTooLanSeptember 13, 201012min533

ကျောက်နံရံမြင့်မြင့်မားပေါ်က အံ့ဩဖွယ်ဘုရားကျောင်း

လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။

တောင်ခြေရှိ ဘုရားကျောင်းအဝင် မုဒ်ဦး

ကျောက်သားပေါ်က ကျောင်းဆောင်များ

မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့  ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ  ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ မြောက်ဘက်အကျဆုံး တောင်တစ်ခုဖြစ်ပါတယ်.. တောင်နံရံနဲ့ ကပ်ပြီးတည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်များဟာ အဝေးကနေကြည့်မယ်ဆိုရင် တောင်နံရံမှာ ဝဲပျံနေတဲ့ ဖီးနစ်ငှက်ရဲ့ အသွင်သဏ္ဍာန်ရှိတယ်လို့ သိရပါတယ်.. ဘုရားကျောင်းရဲ့ အဆောက်အဦများ အားလုံးဟာ ဟန်စန်းတောင်ရဲ့ အချွန်အတက်ပေါများတဲ့ တောင်စောင်းတွေမှာ ချိတ်ဆွဲထားသကဲ့သို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. ဒေါင်လိုက် ရှိနေတဲ့ မတ်စောက်တဲ့ တောင်စောင်းမှာ အလွန်ခဲရာခဲဆစ် တည်ဆောက်ထားတာမို့ သဲထိတ်ရင်ဖို ရှိလှပါတယ်.. မြေပြင်မှ အမြင့်၂၄၆ ပေမှာ ထူးဆန်းအံ့ဩဖွယ် မတ်စောက်လှတဲ့ တောင်နံရံစောင်းမှာ ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်..

ဘုရားကျောင်းဟာ ကျင်းလုံတောင်ကြားက ဟန်စန်းတောင်ခြေမှာ တည်ရှိပြီး ဟန်စန်းတောင်ရဲ့ သမိုင်းနောက်ခံ အချက်အလက်များအရ ၆ရာစုနှစ်ခန့်က Liao Ran အမည်ရှိ ဘုန်းကြီး တစ်ပါးက တရုတ်ပြည် ဝေ့ မင်းဆက် လက်ထက်မှာ ပထမဦးဆုံး တည်ဆောက်ခဲ့တယ်လို့ အဆိုရှိပါတယ်.. ဒါကြောင့် ဒီဘုရားကျောင်းဟာ နှစ်ပေါင်း ၁၄၀ဝ ကျော်ခန့် သက်တမ်းကြာမြင့်ပြီဖြစ်ကြောင်း သိရပါတယ်.. အကြိမ်ပေါင်း မြောက်မြားစွာ ပြုပြင်မှုများ ပြုလုပ်ပြီးချိန်မှာ ၎င်းဘုရားကျောင်းဟာ မတ်စောက်တဲ့ ကျောက်သားနံရံ တောင်စောင်းမှာ ကျောက်နံရံကြီးကို နောက်ခံအားပြုကာ သေသပ်လှတဲ့ ဗိသုကာပညာများနဲ့ ကျွမ်းကျင်စွာ တည်ဆောက်ထားသော အလွန်ထူးခြားသည့် အံ့ဩဖွယ် ဘုရားကျောင်းအဖြစ် တရုတ်ပြည်မှာ နံမည်ကြီးလာပါတော့တယ်. ကျောက်နံရံကြီးကို အမှီပြုပြီး ခက်ခက်ခဲခဲနေရာမှာ တည်ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ၂ချက်မှာ ဘုရားကျောင်းကို မိုးဒဏ်၊ နှင်းမုန်တိုင်းဒဏ်၊ လေဒဏ်နဲ့ အခြား သဘာဝ ဘေးအန္တရာယ်တို့မှ ကျောက်ဆောင်ကြီးက အကွာအကွယ်ပေးနိုင်ခြင်း နဲ့ တာအိုဘာသာ အယူဝါဒ စည်းမျဉ်းစည်းကမ်းအရ ဆူညံသောအသံဗလံတို့မှ ကင်းဝေးစေရန်အတွက် ယခုလို ကျောက်နံရံကြီးပေါ်က မြို့ရွာ၊ လူနေအိမ်ခြေတို့နဲ့ ကင်းဝေးဆိတ်ငြိမ်ရာမှာ သီးခြား တည်ဆောက်ထားကြောင်း သိရပါတယ်။

ကျောက်ဆောင်ကြီးရဲ့ အောက်မှာ တည်ရှိနေတဲ့ ဘုရားကျောင်းဟာ အနီရောင်နံရံများနဲ့ ခဲရောင် အုတ်ကြွတ်ပြားများဖြင့် ခန့်ထည်စွာ တည်ဆောက်ထားပါတယ်.. ကျောက်သားများကို အလျားလိုက် အပေါက်များဖြစ်အောင် ထွင်းထုပြီး သံချောင်းများထိုးစိုက်သွင်းကာ သံဘောင်များဖြင့် ချိတ်ဆက်ပြီး နံရံများ အမိုးများကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။  အဆောက်အဦးများကိုတော့ မြောက်မှတောင်သို့ သွယ်တန်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်.. အဆောင်အခန်းပေါင်း ၄ဝကျော်ပါရှိပြီး ၎င်းအဆောင်များကို တစ်ခုနဲ့တစ်ခု ကျဉ်းမြောင်းခက်ခဲတဲ့ ဖြတ်လမ်းများနဲ့ ဆက်သွယ်ထားပါတယ်… တော်ရုံတန်ရုံ အသည်းငယ်သူများအတွက် မူးမေ့စေနိုင်လောက်တဲ့ လျှောက်လမ်းကလေးများ ဖြစ်ကြပါတယ်…  အဆောက်အဦးများဟာ တရုတ်ပြည်ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စုစည်းပေါင်းစပ်ထားတဲ့ သင်္ကေတသဖွယ် ခမ်းနားတင့်တယ်စွာ တည်ရှိနေပါတယ်။  ထူးဆန်းအံ့ဩဖွယ်ကောင်းအောင် မတ်စောက်နေတဲ့ တောင်စောင်းမှာ တည်ရှိနေရုံမျှမက ကဗျည်းမှတ်တမ်းစာများ၊ ကဗျာများ မြောက်မြားစွာ ရှိနေခဲ့ပါတယ်.. ကိုးကွယ်ယုံကြည်မှု အယူဝါဒ တစ်ခုတည်းအတွက် တည်ဆောက်ခဲ့တာ မဟုတ်ဘဲ တရုတ်ပြည်တွင် ထွန်းကားခဲ့တဲ့ အယူဝါဒ ၃ခုဖြစ်သော ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ ကွန်ဖြူးရှပ် ဝါဒတို့နဲ့ သက်ဆိုင်တဲ့ ကြေးနီ၊ သံ၊ ရွံ့့စေး၊ ကျောက်သားနံရံ စသည်တို့ဖြင့် ထွင်းထုထားသော ရုပ်တုပေါင်း ၇၈ခုကို ထင်ရှားစွာ တွေ့ရှိရပါတယ်.. ကိုးကွယ်ယုံကြည်မှု ဘာသာ၃ခုနဲ့ သက်ဆိုင်တဲ့ ရုပ်ထုများစွာတို့ကို တစ်ပေါင်းတစ်စည်းတည်း ထူးခြားစွာ တွေ့ရှိရတဲ့အတွက် တန်ဖိုး မဖြတ်နိုင်လောက်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အမွေအနှစ် ရှေးခေတ်လက်ရာများ ဖြစ်သောကြောင့် နံမည်ကျော် ထင်ရှားလှပါတယ်…

အဆောင်တစ်ခုနဲ့တစ်ခု ကူးဖို့ လျှောက်လှမ်းများ

သွယ်တန်းဖောက်လုပ်ထားတဲ့ အဆောင်ကူးလမ်းများ

ခပ်လှမ်းလှမ်းက မြင်ရတဲ့ ကျောက်နံရံနဲ့ ကပ်နေသောအဆောင်များ

နဂါးခံတွင်းဝသို့အဝင်

သဲထိတ်ရင်ဖို


ကားသွားနိုင်တဲ့ ကျောက်တောင်လမ်းများ

ဇစ်ဇက်ပုံ တောင်တက်လူသွားလမ်း

တောင်ခိုးများနဲ့ လွမ်းစဖွယ်

ဒီလို လှပသာယာတဲ့ စိတ်ချမ်းမြေ့ဖွယ် ရေတံခွန်အလှအပများလည်း ရှိနေပါတယ်။

စွန့်စားချင်သူများအတွက် အသည်းယားဖွယ် လူသွားလမ်း

သွားကြမလား ဒီတောင်ကြား

ကားသွားလမ်း

——————————————————————

————————————————————————–

———————————————————————-

ဘာသာရေးဆိုင်ရာ ရုပ်ထုများ

ယခုအချိန်မှာတော့ စိတ်ဝင်စားဖို့ကောင်းလှတဲ့ ဗိသုကာပညာကြောင့်ရော၊ တရုတ်ပြည်ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာရေးကို လေ့လာလိုသူများအတွက် ၊ အထူးအဆန်း နေရာဒေသများကို နှစ်ခြိုက်စိတ်ဝင်စားသူ နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိလှတဲ့ လူအများ သွားရောက်လေ့လာတဲ့ နေရာတစ်ခုအဖြစ် နံမည်ကျော်ထင်ရှားလှပြီ ဖြစ်ပါတယ်။ အခွင့်အခါများ ကြုံခဲ့ရင် ကိုယ်တိုင်လည်း သွားရောက်ခွင့် ရချင်ပါသေးကြောင်းဖြင့် ဒီပိုစ့်ကို နိဂုံးချုပ်ပါတယ်။


by forward Mail..

3 comments

  • ဆူး

    September 13, 2010 at 10:29 am

    ပုံတွေနဲ့ စာတွေကို စုစည်းရေးသားတဲ့ သူကို ကျေးဇူးတင်ပါတယ်။

  • kyansitthar101

    September 13, 2010 at 10:52 am

    တကယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနစ်တွေဘဲ

  • intro

    September 13, 2010 at 12:15 pm

    တော်တော် ကြိုးစားထားတာပဲ၊ အရမ်းကောင်းပါတယ်ဗျာ… နောက်လဲ ကြိုးစားပြီး ဒီလို post တွေကို တင်ပေးစေလိုပါတယ်

Leave a Reply