“ကကြီး ၊ ခကွေး”လို့ ဘာကြောင့်ခေါ်သလဲ သင်သိပါသလား။

Good IdeaSeptember 16, 20101min992

မနေ့ညနေက ကလေးတွေကို ကွန်ပျူတာသင်တော့ မြန်မာစာ လက်ကွက်ရိုက်နည်း သင်ခန်းစာကို သင်ပါတယ်။
ဘယ်စာလုံးက ဘယ်နားမှာရှိတယ်ဆိုတာကို ကီးဘုတ်ပုံ အကွက်လေးတွေ ရေးဆွဲပြီး တလုံးချင်း
ပြောပြနေရင်းနဲ့ “ဌ” ကို ပြောတော့ ကျွန်မက “ဌ” နဲ့ “ဋ္ဌ” မတူကြောင်း ရှင်းပြ
ဖြစ်တယ်။ ရှင်းနေတုန်း ကလေးတယောက်က ခုလို ထမေးပါတယ်။

“ဌဝင်ဘဲ လို့ ဘာလို့ခေါ်ရတာလဲ” တဲ့။ ဒီတော့ ကျွန်မက …
ဌဝင်ဘဲ မဟုတ်ကြောင်း၊ ဌဝမ်းဘဲ ဖြစ်ကြောင်း၊ ဝမ်းဘဲ နဲ့ တူတဲ့ ဌ လို့ ဆိုလိုတာ
ဖြစ်ကြောင်း စသဖြင့် ပြောပြတော့ သူတို့တွေ တယောက်ပြီး တယောက်
ဆက်မေးကြပါလေရော။
ထဆင်ထူး ကရော .. ဍ ရင်ကောက်ကရော … ဆိုပြီး မေးလိုက်ကြတာ … တယောက် တပေါက်ပါပဲ။ ကျွန်မလည်း ဒီအကြောင်း ဖတ်ထားတာ
မကြာသေးတော့ သူတို့မေးသမျှ ဖြေနိုင်ခဲ့လို့ တော်ပါသေးရဲ့ လို့ ကျိတ်ပြီး
သက်ပြင်းချမိတယ်။

ခုခေတ် ကလေးတွေမှ မဟုတ်ပါဘူး။ လူကြီးတချို့လည်း ကကြီး ခကွေး ဘာကြောင့်ခေါ်သလဲ သိပ်မသိကြပါဘူး။ တချို့ဆို ခုနကလေးတွေလိုပါပဲ၊
ကကြီး ခကွေးကို ပီပီသသတောင် မခေါ်တတ်ကြဘူး။
ဋတလင်းဂျိတ်၊ ဌဝင်ဘဲ၊ ဓအုတ်ချိုက်၊ ဗလက်ချိုက် စသဖြင့် ခေါ်နေကြ ရေးနေကြပါတယ်။
ကျွန်မတို့ စာရေးကြတဲ့ နေရာမှာ ကကြီး ခကွေးတွေနဲ့ စီကုံးရေးသားရတာ ဖြစ်တဲ့အတွက် ကကြီး ခကွေး အကြောင်းကိုတော့ သိဖို့လိုတယ်လို့ ထင်ပါတယ်။

မြန်မာစာကို သေချာဂဏ သိချင်တဲ့အတွက် ဟိုးတလောက ကျွန်မ မြန်မာစာ သင်ပုန်းကြီးစာအုပ်
လေ့လာခဲ့ပါတယ်။ ခုနောက်ပိုင်း သူငယ်တန်း ဖတ်စာထဲက စာသားလေးတွေ ကျွန်မ
လေ့လာဖြစ်ခဲ့တယ်။ ဒီစာသားလေးတွေကို အပြင်လောက နဲ့ စပ်ဟပ်ပြီး တွေးကြည့်ရတာ
သဘောကျမိတာနဲ့ “ညအခါ-လသာသာ” တို့ “ရာသီဥတုပူသည်” တို့ ကျွန်မ ရေးဖြစ်ခဲ့ပါတယ်။
ကျွန်မရဲ့ ဘလော့ နာမည်ကိုက “တွေးမိတွေးရာ ရေးမိရေးရာ” ဆိုတော့လည်း
ကျွန်မတွေးမိသမျှတွေ လျှောက်ရေးနေမိတာပါ။ ကျွန်မ ထူးထူးဆန်းဆန်းတွေတော့
မတွေးတတ်ပါဘူး။ ကျွန်မရဲ့ ပတ်ဝန်းကျင်၊ ကျွန်မလေ့လာထားတဲ့ ပညာရပ်အချို့နဲ့
ကျွန်မခံစားမိတဲ့ ခံစားချက်တွေ ပေါင်းစပ်ပြီးတော့သာ ရိုးရိုးရှင်းရှင်း
တွေးမိခြင်းကို ရေးမိခြင်းမျှပါပဲ။

ကြုံလို့ ပြောရမယ်ဆိုရင် …. ကျွန်မရဲ့ ဖခင်ကြီးဟာ ဘာသာရေး သင်တန်းနည်းပြ ဆရာဖြစ်သလို ဘာသာရေးနဲ့
သက်ဆိုင်တဲ့ စာပေတွေ ရေးသားထုတ်ဝေသူ တဦးဖြစ်တာမို့ ကျွန်မဟာ နေ့စဉ်နဲ့အမျှ
ဘာသာရေးနဲ့ ဆိုင်တဲ့စာတွေ, စကားတွေနဲ့သာ ထိတွေ့နေရပါတယ်။ ဒါကြောင့်မို့
ကျွန်မရဲ့ အတွေးအခေါ် အရေးအသားတွေဟာ ဘာသာရေးနဲ့ မကင်းနိုင်ပါဘူး။ ဒါဟာ
ကျွန်မအနေနဲ့ ရှက်စရာမဟုတ်သလို၊ တပါးသူအနေနဲ့လည်း လှောင်ပြောင်စရာလည်း
မဟုတ်ဘူးလို့ ကျွန်မကတော့ မြင်မိပါတယ်။

အခု ကျွန်မ ကကြီး ခကွေး အကြောင်း ရေးချင်ပါတယ်။ ကကြီး ခကွေး ဘာကြောင့်ခေါ်သလဲ ဆိုတဲ့ အကြောင်းအရာကို ကျွန်မ
လေ့လာမိသလောက် ပြန်လည် ဝေမျှချင်တဲ့သဘောပါပဲ။ ဒါလေးများ လာရေးနေရသေးတယ်လို့
အထင်သေးလိုက သေးနိုင်ပါတယ်။ မသိသေးသူများနဲ့ သိလိုသူများကိုသာ
ရည်ရွယ်ပါတယ်။ အင်တာနက်ပေါ်က တတ်သိ ပညာရှင် ပုဂ္ဂိုလ်ကြီးများကို
မရည်ရွယ်ပါဘူးရှင်။
***

“ကကြီး – ခကွေး စစ်တမ်း”

ကကြီး – ဗျည်း ၃၃-လုံးတို့ရဲ့ ခေါင်းဆောင်သဖွယ် အဦးအစမှာ ရှိခြင်းကြောင့် “ကြီး” ဆိုတဲ့ ဝိသေသနနဲ့ “ကကြီး” လို့ ခေါ်ပါတယ်။

ခကွေး – (ပုံသဏ္ဌာန်အားဖြင့်)ကွေးသော ခ

ဂငယ်၊ ဃကြီး – ငယ်သော ဂ၊ – ကြီးသော ဃ

* င၊ ဉ၊ မ၊ ဝ၊ သ၊ ဟ တို့မှာ ဝိသေသနမတွဲရပါ၊ ပကတိအသံသာ ထွက်ကြပါတယ်။*

စလုံး၊ ဆလိမ် – လုံးသော စ၊ အလိမ်ပုံသဏ္ဌာန်ရှိသော စ

ဇကွဲ၊ ဈမျဉ်းဆွဲ – ကွဲသော စ၊ မျဉ်းဆွဲလျက်ရှိသော စ
(စလုံး၊ ဆလိမ်၊ ဇကွဲ၊ ဈမျဉ်းဆွဲ ဆိုတဲ့ စာလုံးတွေမှာ လုံး၊ လိမ်၊ ကွဲ၊ မျဉ်းဆွဲ
စတဲ့ ဝိသေသနတို့ရဲ့ မှီရာက ‘စ’ ပင် ဖြစ်တယ်လို့ ဆိုပါတယ်)

ဋသံလျင်းချိတ် (ဋခြေဆင်း) – သံလျင်းချိတ်နှင့် တူသော ဋ၊ ခြေဆင်းလျက်ရှိသော ဋ
(သံလျင်းချိတ် ဆိုတဲ့ ဝေါဟာရကတော့ ….ရှေးတုန်းက မင်းစိုးရာဇာတွေ စီးတဲ့
လူထမ်းရတဲ့ယာဉ်ကို “သံလျင်း” လို့ ခေါ်ပါတယ်၊ အဲဒီသံလျင်းမှာ ချိတ်တဲ့
ချိတ်နဲ့တူလို့ ဋသံလျင်းချိတ်လို့ ခေါ်တာဖြစ်ပါတယ်)

ဌဝမ်းဘဲ – ဝမ်းဘဲသတ္တဝါနဲ့ တူသော ဌ

ဍသံကောက် (ဍရင်ကောက်) – သံကောက် (ကောက်နေသော သံချောင်း) နှင့် တူသော ဍ၊ ရင်ဘတ်သဖွယ် ကောက်နေသော ဍ

ဎရေမှုတ် – ရေမှုတ်နှင့်တူသော ဎ

ဏကြီး – ကြီးသော ဏ

တဝမ်းပူ – ပူသောဝမ်းရှိသည့် တ

ထဆင်ထူး – ဆင်ကိုခတ်သော ထူးနှင့် တူသည့် ထ

ဒထွေး – ငယ်သော ဒ (ထွေး = ငယ်သည်)

ဓအောက်ခြိုက် -အောက်ဖက်၌ ခြိုက်ဝှမ်းဖြစ်နေသော ဓ
(မူလ ဓအက္ခရာဟာ ဗ ပြောင်းပြန်ပုံသဏ္ဌာန်ရှိပါတယ် အောက်က အပိတ်မပါပါဘူး။)

နငယ် – ငယ်သောန

ပစောက် – အစောက်ရှိသော ပ

ဖဦးထုပ် – ဦးထုပ်ပုံသဏ္ဌာန်ရှိသော ဖ

ဗထက်ခြိုက် – အထက်က ခြိုက်ဝှမ်းဖြစ်နေသော ဗ (ဗနှင့် ဓ အထက်ခြိုက်နှင့် အောက်ခြိုက် ကွာခြားသည်)

ဘကုန်း – ကုန်းသောပုံသဏ္ဌာန်ရှိသော ဘ

ယပက်လက် – ပက်လက်ပုံသဏ္ဌာန်ရှိသော ယ

ရကောက် -ကောက်သောပုံသဏ္ဌာန်ရှိသော ရ

လ (ငယ်)၊ ဠ ကြီး – ငယ်သော လ၊ ကြီးသောဠ
***

ကကြီး ခကွေး စစ်တမ်းကတော့ ဒီမျှပါပဲ။
မြန်မာတိုင်း မြန်မာစာပေကို ချစ်တတ် မြတ်နိုးတတ် လေးစားတတ်စေရန် ရည်သန်၍ …
***
မေတ္တာဖြင့်
မေဓာဝီ
3rd May, 2007
00:55 am
Credit: maydar-wii.blogspot.com

2 comments

  • william hoe

    September 16, 2010 at 6:19 am

    ဟုတ်တယ်ဗျို ့… ကလေးတွေ မပြောနဲ ့ကျွန်တော်တို ့တောင် ခုမှ သိရတာ…ဟီးဟီး….

  • search123

    September 16, 2010 at 8:42 am

    ကကြီး ခကွေး definition ကိုရှင်းပြပေးတာ ကျေးဇူးပါ။ငယ်ငယ်ကတည်းက အခုထိအော်တော့အော်ခဲ့တာပဲ…definition ကိုလုံးဝမသိခဲ့ဘူး။

Leave a Reply