ပဲခူးမြို့ နာရီစင်အနီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကြော်ငြာကပ်

CharTooLanSeptember 17, 20101min590

ပဲခူးမြို့မှာ အရပ်သားလူငယ် ၂ ဦးကို ပစ်သတ်မှု ဖြစ်အပြီး တပတ်ကျော် အချိန်မှာပဲ ပဲခူးမြို့က လူစည်ကားရာ နာရီစင် ပန်းခြံမှာ ၂၀၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ပလတ်စတစ် ဗွီနိုင်းဆိုင်းဘုတ်ကြီး တခုကို လုံခြုံရေး တင်းကျပ်တဲ့ ကြားကပဲ ချိတ်ဆွဲသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတဲ့ အရပ်သားလူငယ် ၂ ဦးရဲ့ ဈာပနအပြီး လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတဲ့ ပဲခူးမြို့မှာ မနေ့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲမပေးဘဲနေဖို့ ဆန့်ကျင်စာများ ထွက်လာခဲ့သလို ဒီနေ့မှာတော့ ၅ ပေ x ၆ ပေ ပတ်လည်လောက်ရှိတဲ့ ၂၀၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုထားတဲ့ ပလတ်စတစ် ဗွီနိုင်းစ ဆိုင်းဘုတ်ကြီးတခုကို လုံခြုံရေး တင်းကျပ်တဲ့ ကြားကပဲ ချိတ်ဆွဲသွားကြောင်း မြို့ခံတဦးက အခုလို ပြောပါတယ်။
“ဟုတ်တယ်၊ ပဲခူးမြို့ နာရီစင်မှာ ဗွီနိုင်းပေါ်မှာ ရေးထားတဲ့ဟာ ကပ်သွားလို့၊ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ဟာကို ကပ်သွားလို့။ အဲဒါကို ရဲတွေက ခွာပြီး အခု ဘယ်သူ့လက်ချက်လဲဆိုတာ လိုက်နေတယ်။ ဗွီနိုင်းဆိုတာ ဆိုင်းဘုတ်သဘောမျိုးပေါ့၊ ဆိုင်းဘုတ်တွေ လုပ်တဲ့အခါ ပလတ်စတစ် အသားလိုမျိုး။ အဲဒီအပေါ်မှာ ကွန်ပျူတာနဲ့ချဲ့ပြီး စာကို ကပ်သွားတာလို့ ပြောတယ်။ အာဏာပိုင်တွေက သိသွားတော့ ခွာလိုက်တာ။ မနက် ၁ဝ နာရီခွဲလောက်က။ ဘယ်အချိန်က ကပ်သွားလဲ မသိဘူး။ ရဲတွေက စတွေ့တဲ့အချိန်မှာ ၁ဝ နာရီခွဲလောက် ဖြစ်နေပြီ။”
ပဲခူးမြို့မှာ နာရီစင်ဆိုတာဟာ လူစည်ကားတဲ့ နေရာဖြစ်ပြီး ဆိုင်းဘုတ်များ အများအပြား ချိတ်ဆွဲထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ မြို့ခံတဦး ဆက်ပြောတာက…
“ဒီမှာက ဆိုင်းဘုတ်တွေကလည်း အများကြီး၊ ဆိုင်တွေကလည်း အများကြီးဆိုတော့ အမှုမဲ့၊ အမှတ်မဲ့ နေမှာပေါ့။ တယောက်ယောက်က မြင်သွားလို့ နေမှာပေါ့။ အလစ်ကပ်သွားတဲ့ သဘောပေါ့။ ဒီမှာ နာရီစင်ဆိုတာက အဲဒီနားမှာ ဒန်ပေါက်ဆိုင်တွေရှိတယ်၊ စက်ဘီးပစ္စည်း ရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ ဓာတ်ပုံဆိုင်တွေ ရှိတယ်။ ဝန်းထဲမှာ ဆိုင်းဘုတ်တွေက အများကြီး။ အကုန်လုံးက ဗွီနိုင်းတွေချည်းပဲ။ အမှုမဲ့ အမှတ်မဲ့ဆိုတော့ မသိသာဘူးလေ။ ဒီမနက် ၁ဝ နာရီခွဲလောက်မှ အာဏာပိုင်တွေ စတွေ့တာ။”
မျက်မြင်သက်သေ တဦးကတော့ ရဲများက ဆိုင်းဘုတ်ကို မဖြုတ်သေးဘဲ ဝိုင်းအုံကြည့်နေပြီး အရပ်သားများကလည်း စိတ်ဝင်စားစွာ ကြည့်နေတာကြောင့် သူလည်း ကြည့်မိရင်း မြင်ခဲ့ရကြောင်း ဆက်ပြောပြပါတယ်။
“ကျနော်က မြို့ထဲကို ပြန်လာတာ၊ အဲဒီမှာ အုပ်စုလိုက်ကြီးတွေ့တော့ ဆိုင်ကယ်တိုက်တာ မှတ်လို့ ဝင်ကြည့်တာ။ နောက်မှ ရဲတွေ ဖြစ်နေတယ်၊ ဘာရှာနေတာလဲ မသိဘူး။ အဲဒါနဲ့ ဝင်ကြည့်လိုက်တော့ အဲဒီမှာ ရုံးစုရုံးစု ဖြစ်နေကြတယ်။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုတာ နာရီစင် လူမြင်ကွင်းကြီးမှာ။ မြို့လယ်ခေါင်ပေါ့။ ၁၁ နာရီခွဲလောက်က။”
မြို့ခံတွေကတော့ ဒီနေရာဟာ လူတွေ အများဆုံး သွားလာနေတဲ့ နေရာ ဖြစ်ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။ နောက်ထပ် မျက်မြင်တဦးကတော့ ရဲတွေရဲ့ ပြောကြားချက်အရ ဆိုင်းဘုတ်မှာ ဗုံးပါတယ်ဆိုတာ သိခဲ့ရကြောင်း ပြောပြပါတယ်။
“အဲဒီ ပိုစတာနောက်မှာ ကပ်ခွာဗုံးလေး ရှိတယ်လို့ ရဲတွေက ပြောတာပဲ။ အဲဒါ သွားခွာလိုက်ရင် ပေါက်နိုင်တယ်လို့ ပြောတယ်။ သူတို့ ရှင်းလင်းလိုက်ပြီလို့ ပြောတာပဲ၊ ရဲတွေက။”
ဒီသတင်းနဲ့ ပတ်သက်ပြီး ပဲခူးမြို့ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာစစ်အစိုးရ သတင်းစာမှာတော့ ချိန်ကိုက်ဗုံးများ တွေ့ရကြောင်း၊ ၂၀၁ဝ ရွေးကောက်ပွဲ ပျက်ပြားအောင် ပဲခူးမြို့က လူသတ်မှုနဲ့ အချိန်ကိုက် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်ဆောင်နေကြောင်း ရေးသားထားသလို မနေ့ကလည်း ပဲခူးမြို့က ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာများ ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး သင်္ကာမကင်းသူများကို ဖမ်းဆီးပြီး စစ်ဆေးမှုများ လုပ်ခဲ့ပါတယ်။
အခုချိန်မှာတော့ ပဲခူးမြို့မှာ လုံခြုံရေးကို တင်းကျပ်စွာ ချထားပြီး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်နေဆဲလည်း ဖြစ်ပါတယ်။
(VOA)