သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရ

littlekaungMarch 31, 20101min780

အဆိုတော် သားစိုး၏ လက်ညှိုး ပြတ်ရှ ဒဏ်ရာအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါကူ အထူးကု ဆေးခန်းသို့ သွားရောက် ကုသမှုခံခဲ့ရာ အထိအတွေ့ မသိရတော့သဖြင့် တခြား အထူးကု ဆရာဝန်ထံတွင် ကုသခဲ့ရကြောင်း သိရသည်။

သားစိုးဘယ်ဘက် လက်ညှိုးကို ကတ်ကြေးဖြင့် ညှပ်မိခဲ့သဖြင့် အဆိုပါ ဒဏ်ရာကို သျှင်ပါဂူ ဆေးခန်းက  ပြန်လည် ချုပ်ပေးသည့် ချုပ်ရိုးကြောင့် လက်ချောင်း အာရုံကြောများ ထိခိုက်ကာ ဘယ်ဘက် လက်တဘက်လုံး ထိတွေ့မှု မသိဘဲ ထုံကျင်ခဲ့ခြင်း ဖြစ်ကြောင်း သားစိုးက ဆိုသည်။

“ဒီလက်အတွက် ဘယ်လို လုပ်သင့်လဲလို့ ဆရာဝန်ကို ဖြစ်ကတည်းက ပြောပါတယ်။ သူက ရတယ်၊ ဘာမှ မဖြစ်ဘူး ချုပ်လိုက်ပါ ဆိုပြီး ချုပ်လိုက်တယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပထမဆုံး အနေဖြင့် ဒဏ်ရာကို ၃ ချက်ချုပ်ခဲ့ပြီး ဆရာဝန် အပြင် ထွက်သွားချိန် ပတ်တီး စည်းခါနီး၌ သူနာပြုဆရာမက သွေးအလွန် ထွက်နေ သောကြောင့် နောက်ထပ် ၁ ချက် ထပ်ချုပ်လိုက်ရာ စုစုပေါင်း ၄ ချက်ချုပ်လိုက် ရသည်ဟု သားစိုးက ရှင်းပြသည်။

ချုပ်ရိုးဖြည်သည့်နေ့၌ ချုပ်ရိုး ၂ ချက်ကို ဖြည်လိုက်ချိန်တွင် သွေးများ အလွန်အကျွံ ထွက်လာသောကြောင့် အနာမကျက်သေး ဟုဆိုကာ ဆရာဝန်က ကျန်ရှိသည့် ချုပ်ရိုး ၂ ချက်အား မဖြည်တော့ကြောင်း သူကဆိုသည်။

“နောက်တော့မှ လက်ကိုထိကြည့်တော့ လက်က ထိလို့ထိမှန်း လုံးဝမသိတော့ဘူး။ အရမ်းကိုလန့်သွားပြီး အဲ့ဒီဆရာဝန်နဲ့ ဆက်မပြရဲတော့ဘူး။ အဲဒါနဲ့ ကျနော့် အသိ ဆရာဝန်ဆီ ထပ်သွားပြတော့ သူက လက် အကြောလေးတွေပြတ်သွားတာလို့ ပြောပါတယ်။ လက် အထူးကုနဲ့ ပြလိုက်ပါဆိုတာနဲ့ သွားပြလိုက်တာ အခုတော့ သက်သာလာပါပြီ” ဟု သားစိုးက ပြောသည်။

လက်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်က ၎င်း ဒဏ်ရာကို ပြန်လည် ခွဲစိတ်ပေးကြောင်း၊ အဆိုပါ လက်ဒဏ်ရာကို ကုသစရိတ် များစွာ ကုန်ကျခဲ့သည့်အပြင် အထိအတွေ့မသိ၊ ထုံကျင်သည့် ဝေဒနာကိုလည်း နှစ်ပတ်ကျော်ခန့် ခံစားခဲ့ရကြောင်း သူက ဆိုသည်။

သျှင်ပါကူ အထူးကုဆေးခန်းမှ ၎င်း၏ ဒဏ်ရာကို ချုပ်ပေးခဲ့သည့် ဒေါက်တာကျော်ဆွေနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်လှဝင်းတို့ သားစိုးအိမ်သို့ လာရောက်ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

“သူတို့က ဆောရီးပါပဲလို့ လာပြောတာပါ။ ဝမ်းနည်းပါတယ်တဲ့။ ငါလည်း ခြေထောက် ဖြစ်ဖူးတာပဲ၊ အဲဒီတုန်းကလည်း ဒီလိုပဲ ထုံသွားတာပဲလို့ ဒေါက်တာ မောင်မောင်လှဝင်းက ပြောတယ်” ဟု သားစိုးကဆိုသည်။

၎င်းအနေဖြင့် ငွေရေးကြေးရေးအရ လိုချင်သောကြောင့်မဟုတ်ဘဲ အဆိုပါလက်ဒဏ်ရာကို မည်သို့မည်ပုံ တာဝန်ယူမည်၊ ပြန်လည် ကောင်းမွန်လာစေရန် အကြံဉာဏ်ပေးမည်ဟု ထင်မိကြောင်း၊ တောင်းပန်သည် ဆိုရာတွင်လည်း တာဝန်သိတတ်မှု တခုအနေဖြင့် တောင်းပန်သည့် သဘောမျိုးမဟုတ်ဘဲ “ဆောရီးပဲ” ဟူသော စကားကြောင့် စိတ်မကောင်းဖြစ်ရကြောင်း သားစိုးက ပြောသည်။

အဆိုုပါ ကိစ္စနှင့်ပတ်သက်၍ သျှင်ပါကူ အထူးကုဆေးခန်းသို့ ဧရာဝတီမဂ္ဂဇင်းမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

အဆိုတော် သားစိုးက ၎င်းကိစ္စရပ်ကို ပြည်တွင်း မီဒီယာတချို့အား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

“လျှပ်တပြက် ကတော့ထွက်တာ စောတော့ လွတ်သွားတယ်။ ကျန်တဲ့ ဂျာနယ်တွေတော့ စိစစ်ရေးမလွတ်ဘူးလို့ ကြားတယ်။ ဘာကြောင့် ပိတ်လဲဆိုတာတော့ ကျနော်မပြောတတ်ဘူး။ ကျနော့်အထင်ကတော့ ဆေးရုံက လိုက်ပိတ်တယ်လို့ ယူဆတယ်” ဟု သားစိုးကပြောသည်။

အဆိုတော်သားစိုး၏ သတင်းများကို ပြည်တွင်းမီဒီယာများတွင် ဖော်ပြခွင့် မကြာခဏ အပိတ်ခံနေရကြောင်းလည်း သူကဆိုသည်။

“ကျနော့် သီချင်းတွေက ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးတယ် ဆိုပြီးတော့ပေါ့”ဟု အဆိုတော်သားစိုးက ပြောသည်။

ယမန်နေ့က ကျင်းပခဲ့သော အဆိုတော်သားစိုး၏ “ရောတယ်၊ မွှေတယ်” စီးရီးထွက်ရှိသည့် အခမ်းအနားတွင် ပြည်တွင်း ပေါ့ပ် ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်က မခိုင်ရွှန်းလဲ့ရည် သေဆုံးသည့် ကိစ္စရပ်မှာ ပြည်တွင်းမီဒီယာများကြောင့် ဆေးလောက အပြောင်းအလဲတခု ဖြစ်လာခဲ့ကြောင်း၊ အဆိုပါ ဆေးလောက အပြောင်းအလဲမှာ ယနေ့မှ စတင်ပြီး သက်တမ်း ကုန်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ref;forward mail