ရုပ်သံအစီအစဉ်များတွင် ကြော်ငြာရရှိမှု လျော့ကျသွားခြင်းကြောင့် ကြော်ငြာဟောင်းများကို ရုပ်သံမီဒီယာအချို့မှ အခမဲ့ကြော်ငြာ ထည့်သွင်းပေးလျက်ရှိ

etoneSeptember 20, 20101min1001

မြန်မာ့ရုပ်သံနှင့် မြဝတီရုပ်သံ ဌာနများတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်သံအစီအစဉ်များတွင် ကြော်ငြာရရှိမှု လျော့ကျသွားခြင်းကြောင့် ရုပ်သံမီဒီယာလုပ်ငန်းရှင်များ က ရုပ်သံကြော်ငြာ လိုအပ်ချက် ပြည့်မီစေရန် စီးပွားရေးလုပ်ငန်းရှင်များ အား အခမဲ့ထည့်သွင်း ကြော်ငြာပေးလျက် ရှိကြောင်း သိရသည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် အခမဲ့ထည့်သွင်းပေးသော ကြော်ငြာများကို လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်က ထုတ်လွှင့်ခဲ့သည့် ကြော်ငြာဟောင်းများကို ထည့်သွင်းစေခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမီဒီယာ လုပ်ငန်းရှင်အချို့ကပြောဆိုကြသည်။
“လက်ရှိ ရုပ်သံအစီအစဉ်တွေ မှာ ကြော်ငြာရရှိမှုက လျော့သွားပါတယ်။ အဲဒီလျော့သွားတော့ ပုံမှန်ထည့်သွင်းဖို့လိုတဲ့ ကြော်ငြာပမာဏ မပြည့်မီတဲ့အခါ ရုပ်သံမီဒီယာလုပ်ငန်းတွေက ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းကြော်ငြာတွေကို အခမဲ့ထည့်သွင်းပေးကြ တာ ရှိတယ်။ အဲဒီအခါ စီးပွားရေး လုပ်ငန်းရှင်တွေက အခမဲ့ထည့်သွင်းပေးတဲ့ ကြော်ငြာတွေကို ကြော်ငြာသစ်မသုံးစေဘဲ အဟောင်းကိုပဲပြန်သုံးစေတယ်။ ဒါ့ကြောင့် လက်ရှိရုပ်သံဌာန မှာ ၁၉၉ရ ခုနှစ်လောက်ကြော်ငြာ တွေနဲ့ ၂၀၀ဝ ပြည့်နှစ်ဝန်းကျင်က ကြော်ငြာအများစုကို အခမဲ့အနေနဲ့ ပြန်ပြီးထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်” ဟု လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်က ထုတ်လွှင့်ခဲ့သည့် ကြော်ငြာဟောင်း များကို မြန်မာ့ရုပ်သံနှင့် မြဝတီရုပ်သံ ဌာနများတွင် ထုတ်လွှင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝါရင့်ရုပ်သံမီဒီယာ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
ဆက်လက်၍ ရုပ်သံအစီအစဉ်များတွင်ကြော်ငြာရရှိမှုလျော့ကျသွား ခြင်းအပေါ် မာတီမီဒီယာမှ ဦးကျော်ဆန်းက ” TV Market  မှာ ကြော်ငြာ လျော့သွားတာ အကြောင်းအရင်းနှစ် မျိုးရှိမယ်လို့ သုံးသပ်မိပါတယ်။ ပရိုဂ ရမ်တွေ အရမ်းများတဲ့အတွက် ကြော်ငြာရရှိမှု လျော့သွားတာဖြစ်နိုင်သလို မြဝတီနယ်စပ်ပိတ်နေတဲ့အတွက် ထိုင်းဘက်ကုန်ပစ္စည်းတွေ မဝင်တဲ့အတွက် ထိုင်းကုန်ပစ္စည်းကြော်ငြာ ရရှိမှုမရရှိတာလည်း ပါပါတယ်”ဟု သုံးသပ်ပြောကြားခဲ့ပါသည်။

One comment

  • ဆူး

    September 20, 2010 at 10:30 am

    ကြော်ငြာနဲသွားတော့ ရုပ်ရှင်ကြည့်ရတာ ပိုအရသာရှိတာပေါ့။ ရုပ်ရှင်လေး ၁ကားကြည့်ဖို့ မအိပ်ဘဲ စောင့်နေရတဲ့ ရက်တွေမနဲတော့ဘူး ရုပ်ရှင်က ၄၅မိနစ် ကြော်ညာက ၁.၅ဝ လောက်ကြာတာ..

Leave a Reply