လူ့အဆင့်အတန်းနှင့်လူ့တန်ဖိုး

etoneSeptember 20, 20101min753

လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။ လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်းကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။
များသောအားဖြင့်လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှု၊ ရာထူးဂုဏ်ရှိန် တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါသည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာလေ့ရှိကြပါသည်။

သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်….

ချမ်းသာကြွယ်ဝမှုနဲ့ မိ်မိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟုသတ်မှတ်လေ့ရှိသော လူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရောပြုလုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏ နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည်ခိုးယူ နှိုက်ယူ နေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။
ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ အရှိန်အဝါ ကြီးမားမှုနဲ့ အစဉ်အမြဲ ဂုဏ်ယူလေ့ရှိသော လူကုံထံ လူပေါ်လူဇော် တို့သည် အမြဲတစေ ပွဲလမ်းသဘင် ပါတီ အခန်းအနားတို့တွင် ခေါင်းပေါင်းစ တလူလူ ပုဝါနှစ်စ စုံချ၍ မိန့်မိန့်ကြီး ပြုံးကာ ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါသည်။ တကယ်တမ်း လူမသိသူမသိ မိဘအရှိန်အဝါမရှိ ဝမ်းရေးအတွက် မလုပ်မဖြစ် သူတပါးအိမ်တွင်ကျွန်ခံနေရသောမျက်နှာမွဲ မိန်းမငယ်များကို အနို်င်ကျင့် စော်ကားမော်ကား လက်ရဲဇက်ရဲ လုပ်နေကြသည်မှာလည်း သူတို့ မှတ်ယူနေသော လူ့အဆင့်အတန်းထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။
ပညာအရည်အချင်း ဘွဲ့ရာထူးနဲ့ ခေါင်းမော့ ခြေဖျားထောက်လေ့ရှိသော ပညာတတ်လူတန်းစားတို့သည် မိမိတို့နဲ့သက်ဆိုင်ရာ နေရာတိုင်း ဋ္ဌာနတိုင်းတွင် မာနမျက်နှာမချိုမြသောမျက်နှာတို့ဖြင့် လူအများကို ဆက်ဆံလေ့ရှိပြီး ၎င်းတို့အကျိုးရှိမည့် မည်သည့်ကိစ္စအတွက်မဆိုလူမှုရေးဖောက် ပြန်မှုပြုလုပ်ရန် ဝန်မလေးကြပေ။ ဤသည်မှာလည်း ထိုသူတို့၏ လူ့အဆင့်အတန်းတခု ဖြစ်ပေသည်။

မြင့်မြတ်သော လူ့အဆင့်အတန်း

သေချာသည်မှာ လူတယောက်၏ အဆင့်အတန်းကို ထိုလူကိုယ်တိုင် ပြသနေခြင်းပင်ဖြစ်ပါသည်။ လူတစ်ယောက်၏ အပြုအမူ အပြောအဆို အနေအထိုင်သာမက အရေးကြီးဆုံးဖြစ်သော စိတ်နေစိတ်ထား မြင့်မြတ်မှု၊ စိတ်ထားတတ်မှု စိတ်ကောင်းရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ မည်သို့သော အခြေအနေအချိန်အခါတွင်မဆိုမပြောင်းမလဲမဖောက်မပြန်သော စိတ်ဓာတ်ခွန်အားရှိမှုတို့သည်မြင့်မြတ်သော လူ့အဆင့်အတန်းကို ပြသနေသော အဓိက အကြောင်းများ ဖြစ်ပေသည်။

ခိုင်မာသောစိတ်ဓာတ်ရှိမှသာလျှင် ဆောင်ရွက်ချက် လုပ်ဆောင်ချက် နှင့် ရပ်တည်ချက်တို့သည် မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ အမြဲတည်တံ့နေပေမည်။ ထိုသို့မဟုတ်ပါက သူတပါး၏ သွေးထိုးမှု မြှောက်ပင့်ပေးမှု သွေးဆောင်မှု ဖြားယောင်းမှု ကြောင့်လေယူရာယိမ်းတတ်သောအရောင်ပြောင်းတတ်သောသူအဖြစ် အလွယ်တကူ အရေခွံ လဲတတ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆိုပြုလုပ်ရာတွင် အစမှ အဆုံးတိုင်အောင် မိမိ၏ ရပ်တည်ချက် ခံယူချက် ယုံကြည်ချက်ကို မပြိုလဲအောင်ထိန်းသိမ်းနိုင်ပြီး ပန်းတိုင်ကို ရယူရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အခြေအနေ အချိန်အခါပြောင်းလဲမှု နှင့် ဖြစ်နို်င်ခြေရှိသော အကြောင်းအချက်များပေါ် မူတည်၍ သင့်တော်သလို လိုအပ်သလို ပြုပြင်ဆောင်ရွက်သင့်ပေသည်။ ထိုကဲ့သို့သော လူတို့၏ နောက်ဆုံးခရီးနေဝင်ချိန်သည်ကား လှပစည်ကားသိုက်မြိုက်မှာ သေချာလှပေသည်။
မိမိတို့ အားသန်ရာကို မိမိတု့ိသဘောကျသလိုမည်သို့ပင်သတ်မှတ်စေကာမူပတ်ဝန်းကျင်၏ချစ်ခင်မှု တန်ဖိုးထားမှု လေးစားမှု ယုံကြည်မှု အားကိုးမှု သာမက စံပြလူသားအဖြစ် သဘောထားမှတ်ယူမှုများကို မိမိ၏ လုပ်ဆောင်ချက်များဖြင့်သာ ရယူနိုင်ပေမည်။

လူ့စရိုက်နဲ့ ပတ်ဝန်းကျင်

လူ့စရိုက်ဆိုသည်မှာ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ဟု အပေါ်ယံအားဖြင့် ထင်မြင်စရာရှိသော်လည်း ပတ်ဝန်းကျင်ထက် အရေးကြီးသည်မှာ လူ၏ မွေးရာပါ ပင်ကိုယ်စရိုက်ဖြစ်ပါသည်။ ပတ်ဝန်းကျင် မည်မျှပင်ကောင်းစေကာမူ ပင်ကိုယ်စရိုက် မကောင်းမှုကို ဆုံးမပဲ့ပြင် လမ်းညွှန်ပြသထိန်းကျောင်းမည့်သူ မရှိလျှင်သော်လည်းကောင်း၊ ရှိသော်ငြားလည်း ဆိုဆုံးမလွယ်သူ မဟုတ်လျှင် သော်လည်းကောင်း၊ မွေးရာပါ ပင်ကိုယ်စရိုက်တွင် ဝါသနာပါ ပူးတွဲနေပါက မည်သို့ဆုံးမစေကာမူတသက်လုံး မပြင်တော့ဘဲ သေသည်အထိ မိုက်တွင်းနက်ကြပေလိမ့်မည်။
ပင်ကိုယ်စရိုက်ကောင်းမွန်သောလူတစ်ယောက်သည်မည်သည့်ဘဝ၊မည်သည့်နေရာမဆို၊ မည်သည့်အချိန်ဖြစ်ဖြစ် မည်သို့သောအပေါင်းအသင်းနဲ့ တွေ့စေကာမူ ပတ်ဝန်းကျင် မကောင်းသည့်တိုင်အောင် လမ်းမှားပေါ်ရောက်ရန် အင်မတန်ခက်ခဲလှပါသည်။ ထိုသူ၏ ပင်ကိုယ်စရိုက်ကောင်းသည် မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည်သာမက ပတ်ဝန်းကျင်ကိုပါတည့်မတ် ကောင်းမွန်စေတတ်ပါသည်။ ပတ်ဝန်းကျင်၏ကောင်းခြင်းဆိုးခြင်းသည်ထိုသူအပေါ်မလွှမ်းမိုး နိုင်ဘဲထိုသူ၏ကောင်းမြတ်တဲ့ ပင်ကိုယ်စရိုက်အကျင့်သီလ နှင့်တကွ သင့်မြတ်မှန်ကန်တဲ့ အနေအထိုင်သည်သာ ပတ်ဝန်းကျင်ကို ဩဇာသက်ရောက်မှု ရှိစေမည်ဖြစ်သည်။
အမှန်စင်စစ် အရေးကြီးဆုံးမှာ ပင်ကိုယ်စရိုက်နှင့် အသိဉာဏ်ပေါ် မူတည်ပြိး ဖြစ်ပေါ်လာသော အပြုအမူအပြောအဆို အနေအထိုင်သာမက အကျင့်သီလ သိက္ခာ သမာဓိသာလျှင် အဓိကဖြစ်ပေသည်။ အကယ်၍ လူတစ်ယောက်သည် ငယ်ရွယ်စဉ်ကလေးဘဝက ဆိုးဝါးလှတဲ့ ပတ်ဝန်းကျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကာ စိတ်ဒဏ်ရာ နာကျည်းမှု စိတ်မလုံခြုံမှု ရခဲ့သည့်တိုင် ၎င်း၏ ပင်ကိုယ်စရိုက်နှင့် အသိဉာဏ်သာကောင်းမွန်မြင့်မြတ်မည် ဆိုပါက ကြီးပြင်းလာသောအချိန်တွင် ရောက်ရှိနေသော ပတ်ဝန်းကျင်နဲ့ လျော်ညီစွာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်လျော်သော အေးချမ်းသော မြင့်မြတ်သာလွန်သော ကိုယ် စိတ် နှလုံး သုံးပါးလုံးကို ပိုင်ဆိုင်နိုင်သောသူဖြစ်ပေမည်။ ပတ်ဝန်းကျင်ကို အပြစ်တင် ဝေဖန် လက်ညှိုးထိုး နေမည့် အစား မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ပြီး ပြုပြင်ယူသင့်ပေသည်။

လူ့တန်ဖိုးကို ကြည့်တတ်ပါစေ

လူဆိုသည်မှာ အစစအရာရာ မပြည့်စုံနိုင်ပေ။ ကောင်းသောအားသာချက်ရှိနိုင်သကဲ့သိုု့ မကောင်းသော အားနည်းချက်လဲ ရှိနိုင်ပါသည်။ ကောင်းသောအချက်များကိုသာ ကြည့်ပြီး လူကောင်းဟု မသတ်မှတ်နိုင်သလို ဆိုးသောအချက်များသာ ကွက်ကြည့်ပြီး လူဆိုးဟုလဲ မခေါ်ဆိုနိုင်ပေ။ ကောင်းသော အချက်များသည် လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုနေပြီး လူ့အကျိူးဆောင်နေမည်ဆိုပါက လူ့အသိုင်းအဝိုင်းတခုလုံးကလူကောင်းဟု သတ်မှတ်ပေလိမ့်မည်။ ထို့အတူ မိမိ၏မကောင်း သောလုပ်ရပ်များက မိမိဘေးပတ်ဝန်းကျင်မှ အစပြုပြီး လူသားအားလုံးကို အန္တရာယ်ပေးနိုင်မည်ဆိုပါက လူဆိုးဟု ခေါ်ဝေါ်ပေလိမ့်မည်။
လူ့တန်ဖိုးဆိုသည်မှာ ကြည့်တတ်သောသူမှသာလျှင် မြင်နိုင်ပါသည်။ လူ့တန်ဖိုးသည် ကြည့်တတ်သောသူအပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေပါသည်။ လူများကို အပေါ်စီးမှ ကြည့်တတ်သူ တနည်းအားဖြင့် မိမိကိုယ်သာလျှင်အတော်ဆုံး အတတ်ဆုံးလို့ ထင်နေသောသူများသည် လူအချင်းချင်း အထင်သေးလွယ်ပြီး လူ့တန်ဖိုးကို အလွယ်တကူမသိနိုင်ပေ။ လူများကို အောက်မှ မော့ကြည့်တတ်သူ (သို့) မိမိကိုယ်ကို ယုံကြည်မှုမရှိသူများသည် မည်သူ့ကို မဆို အထင်ကြီးလွယ်ပြီး ယုံလွယ်တတ်ကြပါသည်။ လူများကို တန်းတူရည်တူသဘောထားပြီး လူ့အရည်အချင်းကို အထင်မသေးလွန်း အထင်မကြီးလွယ်သူများသာလျှင် လူ့တန်ဖိုးကို မှန်မှန်ကန်ကန် မြင်နိုင် ယုံယုံကြည်ကြည် အသုံးချနိုင်ပေလိမ့်မည်။ နေရာတိုင်းတွင် အယုံအကြည်မလွယ်သင့်သလို အယုံအကြည်မဲ့တာမျိုးလည်း မဖြစ်သင့်ပေ။ အစဉ်အမြဲ သံသယစိတ်နှင့် အထင်သေးမည်ဆိုပါကလည်း နောက်ဆုံးတွင် မိမိအရိပ်ကိုပင် မိမိမယုံကြည်တော့ဘဲ အထီးကျန်စိတ်နှင့် အရာရာကျဆုံးသွားနိုင်ပေ လိမ့်မည်။

3 comments

  • eros

    September 20, 2010 at 10:04 am

    အရမ်းကောင်းတဲ့ ပို့စ် ပါ။ ဒါမျိုး များများတင်ပေးပါ။

  • HayMonChan

    September 21, 2010 at 6:01 pm

    ကောင်းလိုက်တာ
    ကျေးဇူးနော်

  • thethtet87

    September 28, 2010 at 10:07 am

    ကောင်းပါတယ်။ကျွန်တော်ဖတ်ဘူးတာလေးတစ်ခုရှိ
    တယ်။လူကြီးလူကောင်းတစ်ယောက်(Gentleman)ဆို
    တာကိုဘာကိုကြည့်ပြီးဆုံးဖြတ်သလဲတဲ့။လူတစ်ယောက်
    ကကိုယ့်ထက်နှိမ့်ကျတဲ့လူတစ်ယောက်ကိုဘယ်လိုဆက်
    ဆံလဲဆိုတာကိုသတ်မှတ်တာတဲ့။ဆရာဖေမြင့်စကားပါ
    ကျွန်တော်သဘောကျလိုမှတ်ထားတာ။ကိုယ်တိုင်လည်း
    တတ်နိုင်သမျှကျင့်သုံးတယ်။အခုလည်းအလားတူပါဘဲ
    စာလေးကသဘောကျတယ်။

Leave a Reply