ပွဲဦးထွက် ကုသို်လ်

ဆူးSeptember 22, 20101min540

လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ (၈) လွှာနေ ကွယ်လွန်သူ ဒေါ်မီမီအောင် အသက် (၃၉) နှစ်၏ ရုပ်အလောင်းအား ယနေ့ ၂၁.၉.၂၀၁ဝ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သွားရောက် သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီ ပေးခဲ့ ပါသည်။

ကွယ်လွန်သူ ဒေါ်မီမီအောင်၏ ရုပ်အလောင်းအား သယ်ဆောင်ရာတွင် အထပ်မြင့် (၈) လွှာ အဆောက်အဦးမှ သယ်ယူရမည် ဖြစ်သည့်အတွက် ခန္ဓာကိုယ်အား ရေလုံဇစ်အိတ်ဖြင့် ထည့်ကာ ၂၀.၉.၂၀၁ဝ (တနင်္လာ) နေ့တွင် စင်ကာပူနိုင်ငံရောက် မြန်မာအလှူရှင်များမှ လှူဒါန်းပို့ဆောင်ခဲ့သော ရုပ်အလောင်းသယ်ဆောင်သည့် Body တင်ကဒ် (ထမ်းစဉ်)ဖြင့် ပွဲဦးထွက် စမ်းသပ် သယ်ဆောင် ခဲ့သည်။ ထိုသို့ Body တင်ကဒ် (ထမ်းစဉ်)ဖြင့် သယ်ဆောင်ရာတွင် အထပ်မြင့်မှ ချရခြင်း၊ လှေကား မတ်စောက်ခြင်း၊ လှေကား ကျဉ်းမြောင်းခြင်း တို့ကို ယခင်ကထက် များစွာအဆင်ပြေ ချောမွတ် ကြောင်း လက်တွေ့ သိရှိခဲ့ရ ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အထပ်မြင့် တိုက်များမှ ရုပ်အလောင်းများကို သယ်ဆောင်ပေးရာတွင် ယခင်ကလို အဝတ်ဖြင့် ပတ်၍ ပွေ့ချီချရခြင်း၊ ပုဆိုးဖြင့် သိုင်း၍ သယ်ဆောင် ရခြင်း … စသည်တို့ကို လုပ်ရန်မလိုတော့ချေ။ စနစ်တကျ နည်းစနစ်မှန်မှန်ဖြင့် ရုပ်အလောင်းတို့ကို စည်းကမ်းတကျ သက်သက်သာသာဖြင့် သယ်ဆောင်သင်္ဂြိုလ်ပေးခြင်းတို့ဖြင့် ပေးဆပ်နိုင်တော့မည် ဖြစ်ပါသည်။

Body တင်ကဒ် (ထမ်းစဉ်) အလှူရှင်များဖြစ်ကြသော စင်ကာပူနိုင်ငံရောက် မြန်မာ အလှူရှင် မနုနုခိုင်၊ မချိုချိုဝင်း၊ မအေးပွင့်သူ၊ မနှင်းသီတာနှင့် Peace Haven Funeral Service Pte, ltd., တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပွဲဦးထွက် ကုသိုလ်ယူမှုအတွက် အမျှ အမျှ အမျှ ပေးဝေငှ လိုက်ပါသည်။

ဦးကျော်သူ ဖေ့ဘွတ်မှ တင်ပြပါသည်။