နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်

etoneSeptember 22, 20101min82

ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ အများအပြား ဝင်ရောက်လာကြောင်း အဆိုပါကုမ္ပဏီ များထံမှ သိရှိရသည်။
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ပစ္စည်းများနှင့်တရုတ်နိုင်ငံမှ ပစ္စည်းအတုများ အများအပြား ဝင်ရောက် ရောင်းချလျက်ရှိခြင်းကြောင့် တရားဝင်တင်သွင်းရောင်းချ နေသော အီလက်ထရောနစ် ကုမ္ပဏီများမှ ရောင်းအားကျဆင်းခြင်းနှင့် အတူ ကုမ္ပဏီအပေါ်ကိုလည်း Customer ယုံကြည်မှု အနည်းငယ်ကျဆင်းလာကြောင်း သိရှိရ သည်။
“အခုပြည်တွင်းဈေးကွက် အတွင်းမှာ ယိုးဒယား၊ တရုတ် နယ်စပ်ဝင်ပေါက်ကနေ အီလက် ထရောနစ်ပစ္စည်းတွေရဲ့ လိုင်စင်မဲ့ ပစ္စည်းတွေကိုလည်း တင်သွင်းလာတယ်။ ပစ္စည်းအတုတွေကိုလည်း ပြည်တွင်းဈေးကွက်ထဲမှာနာမည်အခိုင် အမာရပြီးသားဖြစ်တဲ့ ပစ္စည်းတွေကို အတုအပလုပ်ပြီးတော့ တင်သွင်း ရောင်းချနေတာ တော်တော်များလာတယ်။ ဒါ့အပြင်အခုတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ  လမ်းပေါ်ပွဲစားတွေပိုပြီး များလာတယ်။ အဲဒီပွဲစားတွေက Electronic Show Room တွေ လူစည်ကားရာနေရာတွေမှာ စောင့်နေပြီးတော့ ပစ္စည်းဝယ်ယူမယ်လို့ ထင်ရတဲ့ Customer တွေကိုလိုက်ပြီး စည်းရုံးပြီးတော့ ကျွန်တော်တို့ဆိုင်မှာက ဈေးသက်သာတယ်။ ဈေးရောင်းပွဲတော်လည်း လုပ်နေတယ် စသည်ဖြင့် လိမ်ညာပြီးတော့ ရောင်းဝယ်မှုတွေ လုပ်နေတာလည်း အများအပြားရှိ လာပါတယ်”ဟု အီလက်ထရောနစ် ကုမ္ပဏီတစ်ခုမှ မာကတ်တင်း မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းဈေးကွက်၌ နာမည်ရပြီး အီလက်ထရောနစ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Samsung အီလက်ထရောနစ် ကုမ္ပဏီမှာ မာကတ်တင်းမန် နေဂျာဖြစ်သူ မသန္တာကလည်း “အခု ပြည်တွင်း အီလက်ထရောနစ်ဈေး ကွက်ထဲမှာ တရားမဝင်ဘဲ တံဆိပ် အတုအပပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင်တွေ တော်တော်လေး များလာပါပြီ။ သူတို့တွေအနေနဲ့က ကျွန်မတို့ လို တရားဝင်တင်သွင်းရောင်းချတဲ့ ပစ္စည်းတွေထက် ဈေးလျှော့ရောင်းတယ်။ ကျွန်မတို့အနေနဲ့က အဘက်ဘက်က ကုန်ကျစရိတ်တွေရှိတဲ့ အတွက်ကြောင့် ဈေးနှုန်းကို အသင့်အတင့်နဲ့ ရောင်းချတယ်။ ကိုယ့်ရဲ့ ပစ္စည်းအာမခံချက်ပေးတယ်။ လိမ်လည်ရောင်းနေတဲ့ ပစ္စည်းတွေကိုကျတော့ အာမခံချက်မပေးကြပါဘူး။ အတုမှန်း အစစ်မှန်း မခွဲခြားတတ်တဲ့ ဝယ်ယူသူတွေကတော့ ဈေးနှုန်းသက်သာတဲ့ အချက်တစ်ချက်ကြောင့် ဝယ်ယူလာကြပါတယ်။ ဒီလိုမျိုး ကျွန်မတို့ကုမ္ပဏီရဲ့ နာမည်ကိုအတုလုပ်ပြီး ရောင်းချနေလို့ ကျွန်မတို့ကုမ္ပဏီ အနေနဲ့ကလည်း Customer တွေရဲ့ ယုံကြည်မှုတွေ လျော့လာတယ်။ ရောင်းအားအနည်း ငယ်ကျဆင်းလာတယ်။ အတုလုပ်ပြီး ရောင်းချနေတဲ့သူတွေကိုလည်း တရားစွဲတာတွေ လုပ်ခဲ့ဖူးပါတယ်” ဟု ဈေးကွက်၏ အနေအထားအား သုံးသပ်ပြောကြားခဲ့ပါသည်။
“ကျွန်မတို့ TMW Enterprise Limited အနေနဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်လောက်က ကျွန်မတို့ ကုမ္ပဏီရဲ့တံဆိပ်ကို အတုအပလုပ် ပြီးတော့ ရောင်းချတာတွေရှိလာတဲ့ အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီက ပစ္စည်းအစစ် တွေဆိုရင် အာမခံချက်ပေးတယ်။ တချို့ဝယ်ယူသူတွေ ဆိုရင် ကျွန်မ တို့ကုမ္ပဏီကိုလာပြီးတော့ ဒီပစ္စည်းဝယ်တာ မကြာသေးဘူး။ ပျက်သွားပါတယ်။ အဲဒါကြောင့်မို့လို့ အစ်မတို့ ကုမ္ပဏီကိုလာပြတာပါ။ အဲဒီပစ္စည်းကို အစ်မတို့ကြည့်တော့ Sony TV ဖြစ်တယ်။ ဒါပေမဲ့ အစ်မတို့ကုမ္ပဏီက ပစ္စည်းမဟုတ်ဘူး။ အဲလိုမျိုးကိစ္စတွေ ခဏခဏ ဖြစ်လာပါတယ်။  တရားဝင် တင်သွင်းရောင်းချတဲ့ ကုမ္ပဏီရဲ့ဆိုင်တွေမှာပဲ ဝယ်ယူသင့်တယ်”ဟု TMW Enterprise Limited  Sale & Marketing Department မှ Deputy Manager ဖြစ်သူ မလွင်လွင်မြကဆိုသည်။
ထို့အပြင် ကုမ္ပဏီများမှာ မိမိ ၏ကုန်ပစ္စည်းအပေါ်အာမခံချက် ပေးခြင်း၊ အာမခံချက်ဆိုသည်မှာ မည်သို့အခွင့်အရေးများရှိသနည်း စသည့် ဆွေးနွေးပြောကြားခြင်း များကိုလည်း သီးသန့်ပြုလုပ်လာ ရကြောင်း ကုမ္ပဏီအချို့ထံမှသိရှိ ရသည်။
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်၌ ၂၀၁ဝ ပြည့်နှစ် ရောင်းအား အခြေအနေအား ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။

ref: Eleven News Group

One comment

  • siamonone

    May 15, 2012 at 11:05 am

    ဒါကတော့ဒါပေ့ါလေ . သူ့ဘက်ကကြည့်လည်း ဟုတ်နေတာဘဲ ..
    အဲ ဝယ်ယူသူဘက်ကလည်းကြည့်ပါဦး ..
    ကျွန်တော် အဝတ်လျှော်စက်တစ်လုံးဝယ်တယ် .LG တံဆိပ် ကို. Sony tower မှာ ၂၇၀,၀၀ဝ လောက်ကျတယ်တဲ့ အာမခံက ၁ နှစ် တဲ့ ..
    ဒါနဲ့ သူ့အောက်က ဆိုင် မှာ သွားမေးတော့ အမျိုးအစားတူ၊ တံဆိပ်တူ၊ ပြီးတော့ LG အစစ်ဖြစ်ကြောင်း အာမခံတယ် ဒါပေမယ့် ၁ နှစ်အာမခံတော့မပါဘူး .. သူက ..၁၈၀,၀၀ဝ
    ကဲ ဘာဝယ်မှာလဲ .. ?
    အောက်ကျေး နဲ့ဝင်တာနဲ့ တရားဝင်ဝင်တာ ဒီလောက်ထိတော့ ဈေးမကွာသင့်ဘူးထင်တယ် .
    ပြီးတော့ Sony Tower မှာ warranty ကာလအတွင်း ပစ္စည်းပျက်စီးလို့ သွားလဲရင်လည်း ဆိုင်မှာ ပေးထားရတဲ့ အချိန်က ၁လ ကနေ ၁ နှစ်ထိကြာတယ် .. Service ကလည်းအဲ့လိုကောင်းတာဗျ ..
    အကိုတို့ဘဲစဉ်းစားကြည့်တော့ ဘယ်မှာဝယ်ရတာ ပိုတန်လဲလို့ .. ????

Comments are closed.