စောင့်ကြည့်မှု ပိုများလာ၍ အင်တာနက် သုံးစွဲသူ သားသမီးများကို မိဖများ ပိတ်ပင်လာ

Mobile HouseSeptember 22, 20101min641

စောင့်ကြည့်မှု ပိုများလာ၍ အင်တာနက် သုံးစွဲသူ သားသမီးများကို မိဖများ ပိတ်ပင်လာ Monday, 20 September 2010

မြန်မာနိုင်ငံမှ ရန်ကုန် အပါအဝင် မြို့ကြီး တချို့တွင် ရွေးကောက်ပွဲ နီးလာသဖြင့် အင်တာနက်ဆိုင်များ၌ အင်တာနက်သုံးစွဲသူများကို စောင့်ကြည်မူများ ပိုမိုများပြားလာသဖြင့် မိဖများက သားသမီးများကို အင်တာနက်ဆိုင်များသို့ သွားရောက်မူကို တားမြစ် ပိတ်ပင်မူများ ရှိလာသည်ဟု သတင်း ရရှိသည်။ အမည်မဖေါ်လိုသူ အမျိုးသမီးငယ် တစ်ဦးက “ အခုက အရင်ထက်ပိုပီး အင်တာနက်ဆိုင်တွေမှာ စောင့်ကြည့်မူတွေ များလာတော့ အဖေအမေက စိုးရိမ်ပီး အင်တာနက်ဆိုင် ထို်င်တာကို တားမြစ်လာပါတယ်။ ဆိုင်တွေမှာလည်း အရပ်ဝတ် တွေနဲ့ အမျိုးသမီးတွေက မသိမသာ လိုက်လံပြီး စောင့်ကြည့်နေတာကို တွေ့ရပါတယ်။ တခုခု မတော်တဆ ဖြစ်မှာကို စိုးရိမ်ပြီး တားမြစ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။ အင်တာနက်ဆိုင်များတွင် နအဖ အာဏာပိုင်များမှ အရပ်ဝတ်ဖြင့် အစောင့်များထားရှိပြီး မသင်္ကာသူများကို ခေါ်ယူ စစ်ဆေးမူများ ရှိကြောင်းနှင့် စစ်ဆေး၍ ကျေနပ်မူ မရှိလျှင် ရဲစခန်းသို့ ခေါ်ယူသွားပြီး အီးမဲလ် အကောင့်များကိုပါ ဖွင့်ခိုင်းကာ စစ်ဆေးမူများ ရှိကြောင်း သိရသည်။ “ အခု ပေါ့နော် – အင်တာနက် သုံးစွဲသူတွေထဲက မသင်္ကာတဲ့ သူတွေကို ရဲစခန်းထိ ခေါ်ယူ စစ်ဆေးတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတယ်ဆိုတော့ လူကြီးတွေက စိုးရိမ်တယ်လေ။ ဒီလို ခေါ်ယူ စစ်ဆေးခံရတဲ့ သူတွေ ရှိနေတာလည်း အမှန်ဘဲ ဖြစ်ပါတယ်” အဆိုပါ အမျိုးသမီးက ပြောသည်။ အင်တာနက် ဆိုင်များတွင် လုပ်ငန်းအရ အမြဲတမ်း အင်တာနက် သုံးစွဲ နေသူများမှ အပ တခြား လူငယ် အများစုမှာ ဂိန်းလာကစားကြပြီး ရဲအဖွဲ့မှ အမြဲတန်း သုံးစွဲသူများ ၏ နေရပ် လိပ်စာများကိုလည်း မကြာခဏ လာရောက်မေးမြန်း စစ်ဆေးမူများ ရှိကြောင်း သိရသည်။ အင်တာနက် ဆိုင်များတွင် ယခုကဲ့သို့ စစ်ဆေးမူများကြောင့် အင်တာနက် ဆိုုင်ပိုင်ရှင်များ အနေဖြင့် လုပ်ငန်းအတွက် စိတ်ဆင်းရဲရမူ ရှိကြောင်း ဆိုင်ပိုင်ရှင်မှ တစ်ဦးမှ ပြောသည်။ “ ရဲဝန်ထမ်း တစ်ဦး ပြောတာကတော့ အစိုးရက ပြည်သူတွေကို ခေတ်မှီ တိုးတက်စေချင်တဲ့ အတွက် အင်တာနက်တွေကို နိုင်ငံတကာ အဆင့်မှီအောင် လုပ်ဆောင် ပေးထားတယ်။ အဲဒါကို အခွင့်ကောင်း ယူချင်ကြတဲ့ လူတွေက ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးအတွက် အပြစ်ဖြစ်မဲ့ အရာတွေကို ပြုလုပ်ကြတယ်။ ဒါတွေကို မဖြစ်ရ အောင် ကြည့်ရှု စောင့်ရှောက်တာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆိုင်ပိုင်ရှင်က ပြောသည်။ ရန်ကုန်မြို့ အပါအဝင် အင်တာနက် ဆိုင်များ တည်ရှိသော မြို့တိုင်းတွင် အင်တာနက် သုံးစွဲသူများမှာ နအဖ အာဏာပိုင်များ၏ မျက်လုံး ဒေါက်ထောက် ကြည့်ရှုမူကို ခံနေရပြီး အမျိုးသမီးငယ်များကို သုံးစွဲသူများကို အနီးကပ် စောင့်ကြည့်ရန် တာဝန်ပေးထားသည်ဟု သိရသည်။ အင်တာနက်ဆိုင်များတွင် အဝင်အထွက်ကို ဝန်ထမ်း အဖြစ် ခန့်အပ်ထားသူ အမျိုးသမီးငယ်ကို ကြည့်ခိုင်းထားပြီး သံသယရှိသူဟု ယူဆသူ အနားမှ ခုံကပ်ရက် နေရာယူပြီး မသိမသာကြည့်ရှု့ကာ သံသယ ရှိပါက ချက်ချင်း ရဲစခန်းသို့ အကြောင်းကြားခိုင်းထားသဖြင့် အင်တာနက် သုံးစွဲသူများ အနေဖြင့် လွတ်လပ်စွာ အင်တာနက် သုံးစွဲခွင့် မရဘဲ ဖြစ်နေကြောင်း သိရသည်။

One comment

  • kopauk mandalay

    September 23, 2010 at 10:15 am

    မန်းလေးမြိုမှာတော့ ဒါမျိုးတွေမကြားရပေါင်ဗျာ။
    အင်တာနက်သုံးသူတွေအားလုံးအရင်အတိုင်း သုံးမြဲ သွားမြဲပါဗျာ။

Leave a Reply