မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များဝင်ငွေ ကောင်းနေပြီလား

Mobile HouseSeptember 22, 20101min530

အမျိုးသမီး သရုပ်ဆောင်မော် ဒယ်လ်အချို့၏ အသုံးစရိတ်ထုတ် ဖော်ပြောဆိုမှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များဝင်ငွေ ကောင်းနေပြီလား

ဟု မေးခွန်းထုတ်ရန်ဖြစ်လာကြောင်း သိရပါသည်။
အမျိုးသမီး သရုပ်ဆောင် မော်ဒယ်လ်အချို့သည် မိမိတို့ အသုံးအဆောင်ပစ္စည်းများ၏ တန်ဖိုးများ၊ ပိုင်ဆိုင်မှုများနှင့် ဈေးဝယ်ထွက်စဉ် အသုံးပြုသော ငွေကြေးပမာဏများ ကို ဂျာနယ်၊ မဂ္ဂဇင်းစာမျက်နှာများ ထက်တွင် လူသိရှင်ကြား တရားဝင်ပြောဆိုလာခြင်းများ ရှိလာသောကြောင့် ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ပေါ်လာခြင်းဖြစ်ပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ထုတ်ဝေထားသည့်  ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်နှင့် မှုခင်းဂျာနယ်တစ်စောင်တို့တွင် ပြောဆိုထားသော မော်ဒယ်လ်တစ်ဦး ၏ ဆိုစကားများကလည်း  မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ဝင်ငွေကောင်းနေပြီလားဆိုသည့် မေးခွန်းကို ဆက်လက် ဖြစ်ပေါ်စေခဲ့ပါသည်။
“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆ဝ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေတယ်။ Branded တွေကိုပဲ setလိုက် ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါ မှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတစ်ခါ ဝယ်ရင် ဒေါ်လာ ၉၀၀၀ဝ နဲ့ တစ်သိန်းကြား သုံးဖြစ်ပါတယ်”ဟု မော်ဒယ်လ်တစ်ဦးက ပြည်တွင်းထုတ် ဈေးဝယ်လမ်းညွှန် ဂျာနယ်တစ်စောင်တွင် ဖြေဆိုထားပါသည်။
ထိုကဲ့သို့ ပြောဆိုထားသော မော်ဒယ်လ်သည် မြန်မာနိုင်ငံတွင် တက်သစ်စ မော်ဒယ်လ်တစ်ဦး ဖြစ်ပါသည်။ ထိုမော်ဒယ်လ်ကပင် သူမ၏ ပိုင်ဆိုင်မှုအချို့နှင့်ပတ်သက်ပြီး ပြည်တွင်းထုတ် မှုခင်းဂျာနယ်တစ်စောင် တွင်လည်း ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
“ဒီကိုလာစတုန်းက မာ့ခ်တူးလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူးကို ဝယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစ်စီးတည်းနဲ့အဆင်မပြေဘူး။ ဒါနဲ့နောက်တစ် စီးဝယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ဝယ်ဖြစ်သွားတယ်။ နောက်တစ်စီးက  စီလီယာ တူးဒိုးလေး။ ပြိုင်ကားဒီဇိုင်းလေးဆိုတော့ ညနေပိုင်း ပေါ့ပေါ့ပါးပါးစီးဖို့ ဝယ်လိုက်တာပါ”
“အခုစီးနေတဲ့ ကားထဲမှာဆိုရင် မာ့ခ်တူးကို သိပ်မကြိုက်တော့ဘူး။ ရှုတင်သွားရင် မာစီဒီး စီးဖြစ်တယ်။ တူးဒိုးလေးကတော့ ညနေပိုင်းအရမ်း ပင်ပန်းနေတဲ့အချိန်မှာ အမိုးလေးဖွင့် ပြီး စိတ်ပြေလက်ပျောက် မောင်းဖြစ်တယ်”ဟု အဆိုပါမော်ဒယ်လ်က ယင်းမှုခင်းဂျာနယ်သို့ ဖြေကြားထားခဲ့သည်။
ထိပ်တန်းအဆင့်သို့ မရောက်ရှိသေးသော တက်သစ်စ မော်ဒယ်တစ်ဦး၏ ငွေကြေးသုံးစွဲမှုများနှင့် ပိုင်ဆိုင်မှုများက မြန်မာနိုင်ငံမှ မော်ဒယ်လ်များ ဝင်ငွေကောင်းနေခြင်းကို ဖော်ညွှန်းလျက်ရှိနေပါသည်။ သို့သော် မော်ဒယ်လ်တစ်ဦးနှင့် တစ်ဦး ဝင်ငွေရရှိမှုနှင့် သုံးစွဲနိုင်မှုပမာဏမှာမူ ကွာဟချက်ရှိနေကြောင်း သိရပါ သည်။
“သိန်း ၃၆ဝ တန်ဖုန်းကိုင်ပြီး ဈေးတစ်ခါဝယ်ရင် ဒေါ်လာကိုးသောင်း တစ်သိန်းသုံးတယ်ဆိုတဲ့ မော်ဒယ်လ်တစ်ယောက်ရဲ့ ပြောဆိုမှုကို ဖတ်လိုက်ရတယ်။ ဒီနေ့ခေတ်လိုအချိန်မှာ အခုမှတက်လာသလိုရှိတဲ့ မော်ဒယ်လ် တစ်ဦးက ဒီလောက်သုံးနိုင်တယ်ဆိုတာ အံ့ဩမိတယ်။ ဒီလောက် သုံးနိုင်လောက်အောင်ကို ဝင်ငွေတွေ ကောင်းနေပြီလားပေါ့၊ ကြွားပြောထားတာလည်း ဖြစ်နိုင်ပေမယ့် သူပြောထားတာဖတ်ပြီးတော့ စိတ်ထဲမှာ မေးခွန်းထုတ်စရာတွေ အများကြီး ရှိသွားတယ်။ လက်ရှိကြော်ငြာလောကမှာ နာမည် အကြီးဆုံးဖြစ်နေတဲ့ ဝတ်မှုန်ရွှေရည်တောင် ဒီလောက်သုံးနိုင်မယ် မထင်ဘူး”ဟု အမျိုးသမီး စာဖတ်ပရိသတ်တစ်ဦးက ပြောပြသည်။
မည်သို့ပင်ဆိုစေကာမူ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိနေသော သရုပ်ဆောင် အနုပညာကြေးများ နှင့်မော်ဒယ်လ်အချို့၏ ငွေကြေးသုံး စွဲမှုများသည် ဝင်ငွေနှင့်ထွက်ငွေကွာဟမှုများကို ဖြစ်ပေါ်နေစေပါသည်။ အချို့သော မော်ဒယ်လ်များမှာ အမှန်တကယ်ပင် ဝင်ငွေကောင်းသည့်အတွက် မိမိတို့၏ သုံးစွဲမှုများကို အိတ်သွန်ဖာမှောက် ပြောဆိုထားခြင်း ဖြစ်နိုင်သော်လည်း ထိုကဲ့သို့ပြောဆိုထားခြင်းအချို့က မေးခွန်းထုတ်စရာများ ရှိလာနိုင်ပါသည်။ သို့တည်းမဟုတ် အမှန်တကယ်ပင် ဝင်ငွေကောင်းနေသည် ဆိုပါကလည်း ကောင်းသော လက္ခဏာတစ်ရပ်ပင် ဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုခဲ့ပါသည်။

Source : Eleven

//

//