ကရင်ပြည်နယ် မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ ့မှူး စခန်းအား…….DKBA မှဝိုင်း….

zaw mgSeptember 23, 20101min720

DKBA နှင့် နအဖတပ် တင်းမာမှုဖြစ်

ကရင်ပြည်နယ် မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ ့မှူး စခန်းအနီးတွင် ယမန်နေ့ ညနေပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ ့ဝင်များနှင့် နအဖ စစ်သားများ ထိပ်တိုက်ရင်ဆိုင် တင်းမာမှု တရပ် ဖြစ်ပွားခဲ့ကြောင်း ပြည်ပသတင်းမီဒီယာများမှတစ်ဆင့်သတင်းရရှိသည်။

တင်းမာမှု ဖြစ်ပွားသူများမှာ ကလိုသူးဖော အခြေစိုက် DKBA(၉၀၇)မှ ဗိုလ်စောကျော်သက် ဦးဆောင်သော တပ်ဖွဲ ့ဝင် အင်အား ၂ဝ ခန့်နှင့် သင်္ဃန်းညီနောင် ဗျူဟာမှူးရုံးမှ နအဖ တပ်ဖွဲ့ဝင် အင်အား ၃ဝ ခန့်တို့ ဖြစ်ကြောင်း သိရှိရသည်။

ယင်း DKBA တပ်ဖွဲ့ဝင်များသည် လက်နက်မျိုးစုံကိုင်ဆောင်ကာ ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ခရိုင် ရဲတပ်ဖွဲ ့မှူးရုံးကို ဝိုင်းထားခဲ့ရာ နအဖ တပ်က ကား ၄ စီး ဖြင့်ရောက်ရှိလာပြီး DKBA တပ်ဖွဲ့ဝင်များကို ဝိုင်းခဲ့ခြင်းဖြစ်သည်ဟု မြဝတီမှ ရဲဝန်ထမ်း တဦးက ဧရာဝတီသို့ ပြောပြသည်။

“ဝိုင်းရတဲ့ အကြောင်းရင်းကတော့ ၂ဝ ရက်နေ့က ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနဲ့ အဖွဲ ့စုံ ဒေသခံ အာဏာပိုင် အဖွဲ့အစည်း တွေက တံတားကျိုးဂိတ်မှာ စောင့်ဖမ်းတဲ့ ကားကိစ္စပါ။ ဖမ်းထားတဲ့ ကား ၄ရ စီးထဲမှာ သူတို့ကား ရ စီးပါတယ်။ အဲဒီ ကား ရ စီးကို ပြန်လိုချင်လို့ လာတောင်းတာ”ဟု ၎င်းက ဆိုသည်။

ဗိုလ်စောကျော်သက် အဖွဲ့သည် စီးပွားရေး အဓိက လုပ်နေသော အဖွဲ ့ဖြစ်ကြောင်း နီးစပ်သူတဦးက ပြောသည်။

မြဝတီ မြို့ခံတဦးကလည်း“မနေ့ကတော့ ချကြပြီထင်တာ။ မြဝတီတမြို့လုံး ဟိုးဟိုးကျော်သွားတယ်။ တခါမှ မြို့ထဲမှာ ဒီလို ရင်ဆိုင်ပြီး တင်းမာတာကို မတွေ ့ဘူးကြတော့ အားလုံးက ထိတ်လန့် သွားကြတယ်”ဟု ပြောဆိုသည်။

နအဖ စစ်သားများ ဝိုင်းထားပြီးနောက် အခြေအနေပိုမို တင်းမာလာခဲ့ရာမှ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စဖရ)မှ ဗိုလ်ကြီးညီညီလွင်နှင့် ဗိုလ်စောကျော်သက် တို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း၊ ထို့နောက် DKBA တပ်ဖွဲ ့ဝင်များ ပြန် လည် ရုပ်သိမ်းသွားခဲ့ကြောင်း သိရသည်။ နှစ်ဘက် ညှိနှိုင်းမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရပေ။

ဗိုလ်စောကျော်သက်တို့ အဖွဲ သည် ခရိုင်ရဲတပ်ဖွဲ ့မှူး ရုံးကို မဝိုင်းမီ မြဝတီ စရဖ ရုံးကို ဝိုင်းခဲ့သေးသည်ဟု စရဖ နှင့် နီးစပ်သူတဦးက ပြောဆိုသည်။

“စရဖ ရုံးကနေ ခရိုင်ရဲရုံးကို အပ်လိုက်လို့ သူတို့ ခရိုင်ရဲရုံးကို သွားပြီး ဆက်ဝိုင်းကြတာ။ အခု ဖမ်းတာက စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) မှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး ကိုယ်တိုင်ဖမ်းတာ ဆိုတော့ စရဖ ဖြစ်ဖြစ် ရဲဖြစ်ဖြစ် ဘယ်လို ပြန်ထုတ်ပေးလို့ ရမလဲ”ဟု ၎င်းက ဆိုသည်။

ဗိုလ်စောကျော်သက်တို့ ထံမှ သိမ်းဆည်းထားသော ကားများထဲတွင် ကျပ် သိန်းထောင်ချီ တန်သော မှန်လုံကားကြီး များ ပါဝင်သည်ဟုလည်း စရဖ နှင့် နီးစပ်သူက ပြောသည်။

DKBA တပ်ဖွဲ ့ဝင်များ ပြန်လည် ဆုတ်ခွာသွားခဲ့သော်လည်း နအဖ တပ်ဖွဲ့ဝင်များက ခရိုင် ရဲတပ်ဖွဲ ့မှူး ရုံးကို လုံခြုံရေး ဆက်လက်ယူထားကြောင်း သိရသည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက လက်ခံခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA ထိန်းချုပ်ထားသော ၉၉၉ ဂိတ်ကို စစ်အစိုးရတပ်များ က ဩဂုတ်လ အစောပိုင်းတွင် ထိန်းချုပ်ခဲ့သည်။ DKBA အလံကို ဖြုတ်ကျ၍ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ ၉၉၉ ဂိတ် အမည်ကိုလည်း ဒေါနတောင်ဂိတ်ဟု ပြောင်းလဲခဲ့သည်။

နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်းအစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအစီအစဉ်ကို စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ အတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁ရ ဖွဲ့ရှိ သည်။