၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာလွန်ဆွဲပွဲများ Coup

junta crisis

VOA Burmese မှကူးယူဖော်ပြပါသည်။

By ရော်နီညိမ်း တနင်္ဂနွေ, 12 စက်တင်ဘာ 2010
တပ်မှူးတပ်သား ပြောစကား (၀၂၅)

လာမဲ့ စက်တင်ဘာ (၁၈)ရက်နေ့ဟာ၊ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ (၂၂)နှစ် မြောက်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ (၁၈)ရက်နေ့က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရဲ့ ခေါင်းဆောင်ပိုင်းကနေ တပ်မတော်ကို အာဏာ သိမ်းခိုင်းခဲ့ပုံနဲ့၊ အာဏာသိမ်းပြီး နဝတအချိန်အခါမှာ အာဏာသိမ်းစစ်ခေါင်းဆောင်သုံးဦးကြားက အာဏာလွန်ဆွဲမှုတွေ အကြောင်းကို ဒီ သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်က သုံးသပ်တင်ပြထားပြီး၊ ဦးရော်နီညိမ်း က တင်ဆက်ထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ရယ်လို့ ပေါ်ပေါက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ အဲဒီ နဝတ ထိပ် သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အဲဒီအချိန်က အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်ခင်ညွှန့်တို့ကြားမှာ ဖြစ်ပေါ် ခဲ့တဲ့ အတွင်းရေးပြဿနာတွေကို မပြောပြခင်မှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ပုံကို စပြီး ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကနေမှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) (National Defence College) အပတ်စဉ်(၁)သင်တန်း (၁၉၈၈ နောက်ပိုင်း၊ ဗိုလ်မှူးချုပ်အဆင့်သို့ တိုးပေးရန် လျာထားခြင်းခံရသူ တက္ကသိုလ်ဘွဲ့ရ ဗိုလ်မှူးကြီးနှင့် အထက် အဆင့်ရှိသူများသာ တက်ရောက်ခွင့်ရှိပြီး၊ သင်တန်းကာလ (၁)နှစ် အပါအဝင် (၂)နှစ်အတွင်း သက်ဆိုင်ရာစာတမ်းပြုစုတင်သွင်းစေသည့် မဟာဝိဇ္ဇာဘွဲ့ပေးအပ်သော တပ်မတော်အတွင်း အဆင့်အမြင့်ဆုံး စစ်သင်တန်းကျောင်း) မှာ lecture ပေးတာရှိပါတယ် ခင်ဗျ။ အပတ်စဉ် (၁)ဆိုတာ ဗိုလ်ချုပ်ကြီးရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးတို့ တက်ခဲ့တဲ့ သင်တန်းပါ။ သူတို့ သင်တန်းတက်တဲ့ အချိန်အခါမှာ ကျနော်တို့လည်း နားထောင်ရပါတယ်။ အဲဒီ lecture မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ပြောတာပါပဲ ခင်ဗျ။ စက်တင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်း မှာ အေဒီလမ်း ဦးနေဝင်းအိမ်မှာပဲ အစည်းအဝေးလုပ်တယ်။ အဲဒီ အချိန်တုန်းက မဆလ (ယခု “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ” ဟု အမည်ပြောင်းထားသော ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) လူကြီးတွေဖြစ်ခဲ့တဲ့ ဦးစန်းယု ပါတယ်။ ဗိုလ်ချုပ်ကြီး ကျော်ထင်၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်တို့အပါအဝင် ကျန်တဲ့မဆလခေါင်းဆောင်တွေ ရှိပါတယ်ခင်ဗျ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ကြီးစောမောင် နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကနေမှ ဦးနေဝင်းအပါအဝင် ဒီအဖွဲ့တွေအားလုံးကို မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းခဲ့ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်အာဏာသိမ်းမှု ဘယ်လို ဖြစ်လာလဲ၊ ဘယ်သူ့အစီအမံနဲ့ ဘယ်သူက တကယ်တမ်း စစ်အာဏာသိမ်းဖို့ လိုအပ်ပြီ လို့ ဆုံးဖြတ်ချက်ချပြီးတော့ လုပ်ခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အာဏာသိမ်းဖို့ကတော့ အဲဒီနေ့ အစည်းအဝေးမှာ ဦးနေဝင်းကနေပြီးတော့မှ “စောမောင်တို့ ခင်ညွှန့်တို့ ကို မင်းတို့ လွှဲပေးလိုက်တော့” ဆိုပြီးတော့မှ အာဏာလွှဲခိုင်းလိုက်ပါတယ်။ စက်တင်ဘာ (၁၈)ရက်နေ့ ညနေ (၄)နာရီမှာ အဲဒီအချိန်တုန်းက (တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး – ကကဆက်) ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးမျိုးသန့် (နောင် ပြန်ကြားရေးဝန် ကြီး ဖြစ်ခဲ့သူ)၊ တပ်မတော်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်သန်းထွန်း) ပေါ့လေ။ ဒီနှစ်ယောက်က နေပြီးတော့မှ ဒေါက်တာမောင်မောင်က ရေးပေးတဲ့ လက်ရေးမူ ၊ type နဲ့ ရိုက်တာတောင် မဟုတ်ဘူး၊ လက်ရေးမူကို ကိုင်ပြီးတော့ မြန်မာ့အသံကို သွားပါတယ်။ မြန်မာ့အသံမှာ အဲ့ဒီ အချိန်တုန်းက တပ်က ပဲ ဗိုလ်ကြီးဘိုနီရဲ့ မိန်းမ ဒေါ်ခင်မလေးက ဖတ်ပါတယ်ခင်ဗျ၊ စက်တင်ဘာ (၁၈)ရက်နေ့မှာ အဲ့ဒီ ကြေညာချက်ကို ဖတ်ပါတယ်။ အဲဒီ ကြေ ညာချက်ကိုဖတ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့သဘောမျိုး သူတို့ လုပ်လိုက်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကြေညာချက် မထုတ်ခင် ဗိုလ်ချုပ်ကြီးနေဝင်း မှာတာကတော့ “စောမောင်၊ မင်းက ဥက္ကဌ လုပ်၊ ခင်ညွှန့် အတွင်းရေးမှူး လုပ်ပေါ့ကွာ” တဲ့၊ “ကျန်တဲ့ မင်းတို့ Colonel G.S (စစ်ဦးစီးဗိုလ်မှူးကြီး – ကြည်း) တို့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ စစ် ထောက်ချုပ်တို့ စစ်ရေးချုပ်တို့ ကတော့ အဖွဲ့ဝင် လုပ်ပေ့ါကွာ၊ ကျန်တဲ့ တိုင်းမှူးတွေထည့်ပြီး ဖွဲ့ပြီးတော့မှ အစိုးရအဖွဲ့ SLORC (State Law & Order Restoration Council) နဝတ အဖွဲ့ကို ဖွဲ့ပြီး လုပ်” ဆိုပြီးတော့မှ လမ်းညွှန်ချက် ပေးပါတယ်။ NDC က lecture မှာ ဗိုလ် ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်ပြောတာကို ကျနော်တို့ နားထောင်ခဲ့ရတာပါ။ တဆင့်စကား မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေက အမှန်ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အပိုင်း ပါလာပြီပေါ့နော်၊ တပ်မတော်က ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ စစ်အာဏာသိမ်းတုန်းကတော့ သူဟာ အဖွဲ့ဝင်ပဲ။ အဖွဲ့ဝင်ဆိုတော့ ကျန်တဲ့ စစ်တိုင်းမှူးတွေနဲ့ အတူတူပဲ။ စစ်ရေးချုပ်၊ စစ် ထောက်ချုပ်၊ (စစ်တိုင်းများနှင့် တိုင်းမှူးများအား ကွပ်ကဲသည့် “ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့”) ကစထ (၁)၊(၂)၊ အဲဒီ ကစထမှူးတွေနဲ့လည်း သူက အတူတူပဲဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ ဘယ်လောက်ထိ သူ လုပ်နိုင်သလဲ ခင်ဗျ။ ဒီအဖွဲ့ထဲမှာ ကျန်တဲ့ စစ်တိုင်းမှူးတွေထက်ကော သူ ပိုပြီးတော့ ဩဇာပိုရှိသလား၊ နောက် အတွင်းရေးမှူး (၁)၊ (၂) အဖြစ် ထားတဲ့ ဗိုလ်မှူးကြီးခင်ညွှန့်၊ ဗိုလ်မှူးကြီးတင်ဦး (စစ်အာဏာသိမ်းစဉ်က အဆင့်များ) တို့ထက်ကော ပိုပြီး သူ့မှာ လုပ်ပိုင်ခွင့် ပိုရှိသလား။ ပြောနိုင်ဆိုနိုင် လက်အောက် ကို ညွှန်ကြားနိုင်တဲ့ အနေအထားရှိသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ အပိုင်းပြောရရင် ဒီဘက် နောက်ပိုင်း တိုင်းမှူးဖြစ်တယ်၊ နောက် ဒုချုပ် (ဒုတိယ ကာကွယ်ရေးဦးစီးချုပ် – ကြည်း) ဖြစ်တဲ့ အချိန်အခါမှာ၊ ဒီလူကြီးကတော့ လူရိုးကြီးပဲ၊ အညာသားကြီးပဲ၊ ဘာမှ အစွယ်မရှိဘူးပေါ့လေ၊ အဲဒီလိုမျိုး အဲဒီအချိန် အဲဒီအခါက ကျနော်တို့ တွက်ခဲ့ကြတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွှန့်က သူ ဂျူနီယာ ဖြစ်တာလည်း ပါတယ်။ နောက် စစ်ရေးစစ်ရာမှာလည်း သူက စွမ်းစွမ်းတမံ တိုက်ခဲ့ခိုက်ခဲ့တဲ့လူ မဟုတ်ဘူး။ တောက်လျှောက် သူဟာ P.A လုပ်လိုုက် Staff Officer လုပ်လိုက် အနေအထားမျိုး ရှိတဲ့အခါကျတော၊့ တကယ့် fighter လို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ကြီးမြင့်အောင် (အနောက်တောင်တိုင်း) တို့ ဗိုလ်ချုပ်ကြီးထွန်းကြည် (အနောက်မြောက်တိုင်း၊ နောင် အလယ်ပိုင်းတိုင်း) တို့ ဗိုလ်ချုပ်ကျော်ဘ (မြောက်ပိုင်းတိုင်း) (၁၉၈၈ စစ်အာ ဏာသိမ်းချိန်က နဝတအဖွဲ့ဝင် စစ်တိုင်းမှူးများ) တို့နဲ့ ယှဉ်တဲ့အခါမှာ စစ်ရေးစစ်ရာအပိုင်းမှာ သူ့ကို ကျန်တဲ့လူတွေက အထင်မကြီးတာ လည်း ပါတယ်။ နံပတ် One နံပါတ် Two ပေးတယ်ဆိုပေမယ့်၊ သူ့မှာ ကြားထဲက ဒုချုပ်လုပ်တဲ့သူက အဖွဲ့ဝင်ဖြစ်နေတော့ ကိုးလိုးကန့်လန့် ဖြစ်ပါတယ်။ political role မှာကျတော့ နဝတ အဖွဲ့ဝင် အနေနဲ့ပဲ ဗိုလ်ချုပ်ကြီးသန်းရွှေက ပါတယ်။ အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂) တွေက ပိုပြီး powerful ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာမှာ ကျတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော် ထောက်လှမ်းရေးညွှန်ကြား ရေးမှူးဆိုတာ အများကြီး ကွာသွားပြန်ရော ဗျ၊ အဲဒီတော့ ကျနော်တို့ သိသလောက်ကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ကို ၁၉၈၈ ပြီးတော့ ၁၉၈၉၊ ၁၉၉ဝ လောက်ကျတော့ ဒုတိယဥက္ကဌပေါ့လေ၊ Vice Chairman ဆိုပြီးတော့မှ ထားဖို့ တင်ပြတာရှိပါတယ်။ ကျနော့်အယူအဆကတော့ နိုင်ငံရေးအကွက်လို့ပဲပြောရမယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်ဟာ အဲဒီအချိန်အခါမှာ တပ်ထဲမှာတော့ အားလုံးသိကြပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကို “အထူးစီမံကိန်းကြီးများရဲ့ဥက္ကဌ” (ယနေ့အထိ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ဆုပ်ကိုင်ထားသော ရာထူး) ဆိုတဲ့ ရာထူးပေးပြီးတော့မှ ဆည်နဲ့၊ တံတားနဲ့ကို သူ့ကိုတာဝန်ပေးတာပဲ ရှိပါတယ်။ ရှင်းရှင်း ပြောရရင်တော့ ဗျာ၊ “မင်း political role တို့ ဘာတို့ မလုပ်နဲ့ ။ ဆည်ဆောက်၊ တံတားဆောက် မင်းလုပ်” ဆိုပြီးတော့မှ ကျန်တဲ့ နိုင်ငံခြား ရေးကိစ္စတွေ ကျန်တဲ့ကိစ္စတွေမှာ သူ ဘာမှ ဝင်ရောက် စွက်ဖက်ခွင့်မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကို အခု ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါမှာ နံ ပါတ်(၂)နေရာမှာ ရှိတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ရှိနေသော်ငြားလည်းပဲ၊ ဗိုလ်မှူးကြီးခင်ညွန့် ကျတော့ ဒါဟာ ဦးနေဝင်းရဲ့ ကိုယ်ပွား ဦးနေဝင်း ကနေပြီးတော့မှ သူ့ ကိုယ်စားထားထားတာဆိုတဲ့ အနေအထားမျိုး သူ့ခေါင်းထဲမှာ ဝင်ပြီးတော့၊ ငါပြီးရင် နံပါတ်(၂)ဟာ ဗိုလ်မှူးကြီးခင်ညွန့် ပဲလို့ တွက်ပြီးတော့ အလုပ်လုပ်နေတဲ့ အပေါ်မှာ၊ သူနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ရဲ့ ဆက်ဆံရေး အဲဒီအချိန်မှာ ဘယ်လိုများရှိပါသလဲ ခင်ဗျ။ သူတို့ ဒီ တပ်ရေးတပ်ရာတွေမှာ ရော၊ နိုင်ငံရေးအရ ရောပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးစောမောင်အပိုင်းမှာ ကျနော်သတိထားမိသလောက် နီးနီးစပ်စပ်နဲ့ ရင်းရင်းနှီးနှီး ခင်တဲ့မင်တဲ့ မိတ်ဆွေတွေတော့ မဟုတ်ကြဘူး ခင်ဗျ၊ တစ်ယောက်နဲ့ တစ်ယောက် သဘောသဘာဝအရတော့ ရင်းနှီးမှုမရှိ တာ ကျနော် သွားပြီးတော့ မြင်တယ်။ တပ်မတော်မှာတော့ ရာထူးကြီးတဲ့လူကို ရာထူးရှိနေတဲ့အချိန်မှာတော့ အားလုံးက respect ပေးကြရ တာပါပဲ။ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်တော့မှသာ ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်စောမောင် တရုတ်ပြည်က US$ 2 billions ဘိုး လက် နက်တွေဝယ်တာ အလကားပဲ ဆိုပြီး အပုပ်ချတာတွေ အများကြီး ရှိတယ်။ ဦးနေဝင်းကိုလည်း ဒီလိုပဲ သူအပုပ်ချတာ ရှိတယ်။ ဦးနေဝင်း လုပ်သွားလို့ တိုင်းပြည်ပျက်တယ်ဆိုတာမျိုးဟာ သူစပြီးတော့ အာဏာယူကာစမှာ ပြောတာတွေရှိတယ်။ အဲဒီကျမှ ကျနော်တို့က ဗိုလ်ချုပ် သန်းရွှေဟာ ဒီလိုလူမျိုးပါလား ဆိုတာ……။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျနော်တို့ ခုနက ဒုဥက္ကဌ ဆိုတဲ့နေရာကို၊ နဝတခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာပဲ ညှိနှိုင်း ပြီးတော့ ဘယ်သူက initiate လုပ်တာပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော်သိတာက ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဌပေးဖို့နဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်၊ နှစ်ခါ ပေါ့ဗျာ၊ ပထမတခါ ဗိုလ်ချုပ်ကြီးစောမောင်ကို တင်ပြတယ်၊ ဘာမှ အဖြေထွက် မလာဘူး၊ ဒုတိယ တခါ တင်ပြတယ်၊ တတိယတခါလောက်မှ သဘောတူလိုက်တဲ့ အနေအထားမျိုးရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီကိစ္စအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့ တိုင်ပင်ဆွေးနွေးမှုရှိပါသလား၊ ဒါမှမဟုတ် ဗိုလ်မှူးကြီး ခင်ညွှန့် ကိုယ်တိုင်ပဲ၊ ဗိုလ်မှူး ပြောသလိုပေါ့နော်၊ သူ့မှာလုပ်ငန်းကိုင်ငန်း အခက်အခဲတွေ ရှိနေတဲ့အတွက် သူနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ကြားမှာ တစ်ယောက်တော့ ရှိဖို့သင့်တယ် ဆိုတဲ့ အနေအထားမျိုးနဲ့၊ ဘယ်သူ့မှ မတိုင်ပင်ပဲ သွားပြီး ပြောတာလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဒါကတော့ နိုင်ငံရေးအကွက်လို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အတွင်းရေးမှူး(၁) ပေးပြီးတဲ့ နောက်ပိုင်းမှာ၊ တပ်မတော်(လေ)က ဗိုလ်မှူးကြီးသိန်းဝင်း (နောင် ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် ပို့ဆောင်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉ရခု နှစ်တွင် ဖြုတ်ချခံရသူ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဝင်း) ပေါ့ ဗျာ။ အလားတူပဲ ရေတပ်က ဗိုလ်မှူးကြီးသန်းညွှန့် (နောင် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉ရခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယဗိုလ်ချုပ်ကြီးသန်းညွန့်) ။ သူတို့ကို စစ်ဦးစီး ဗိုလ်မှူးကြီး(ရေ၊ လေ)၊ နောက် စစ်ဦးစီးဗိုလ်မှူးချုပ် (ရေ၊ လေ)၊ နောင်မှာ ဦးစီးချုပ်အထိကို ဖြစ်အောင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဆွဲတင်လိုက်တာ ပါပါတယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ) ပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ)က ပြောရရင်တော့ဗျာ၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ ထောက်ခံမှုနဲ့ ဗိုလ်ချုပ်ကြီးစောမောင်က ပေးထားတဲ့ သဘောရှိပါတယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အပိုင်းမှာကျတော့ ရှိပြီး သား ဗိုလ်ချုပ်ကြီးသန်းရွှေကို လဲဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက်တစ်ခုက အဲဒီအချိန်အဲဒီကာလမှာ၊ ဗိုလ်ချုပ်ကြီးမြင့်အောင် တို့ ဗိုလ်ချုပ်ကြီးထွန်းကြည်တို့ ဗိုလ်ချုပ်ကြီးကျော်ဘ တို့က တန်ခိုးထွားတဲ့အချိန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်အောင် နဲ့ ဗိုလ်ချုပ်ကြီးထွန်း ကြည် နှစ်ယောက်လုံးက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ (တပ်မ ၈၈) ဒုတပ်မမှူးတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေပါ။ ဗိုလ်ချုပ်ကြီးကျော်ဘ တို့ဆိုလည်း တော်တော်လေး နီးနီးစပ်စပ် လုပ်ခဲ့တဲ့ လူတွေပါ။ ဘယ်လောက်ထိ နီးစပ်သလဲ ဆို သူတို့အချင်းချင်း ခေါ်ရင်တောင် “ကိုသန်းရွှေ” ပဲ ခေါ် တာပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီအနေအထားမှာ အဲလိုအခင်းအကျင်းထဲမှာ ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ အနေအထားဟာ ဘယ်လိုဖြစ်နေ သလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကက(ကြည်း) (ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး) အပိုင်းကို ဗိုလ်ချုပ်ကြီးခင် ညွှန့်အနေနဲ့ တိုးဖို့ဆိုတာ နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဌ ပေးဖို့အတွက်ကို အကြောင်းဖန်လာပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကလည်း ဗိုလ်ချုပ်တွေနဲ့ သင့်တင့်လျှောက်ပတ်အောင်ရယ် ဗိုလ်ချုပ်တွေကို ဩဇာလွှမ်းမိုးနိုင်ဖို့အတွက်က၊ ဗိုလ်ချုပ်သန်းရွှေကို ချဉ်းကပ်မှ။ ဗိုလ်ချုပ် သန်းရွွှေကနေပြီးတော့မှ ပြောရင် နားထောင်မယ်ဆိုတဲ့ အနေအထားမျိုးကို ဗိုလ်ချုပ်ခင်ညွှန့် တွက်ပါတယ်။ ကျနော်ဆိုလိုချင်တာကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုယ်တိုင် ဗိုလ်ချုပ်ကြီးသန်းရွှေကို ရှင်းရှင်းပြောရရင်တော့ အိပ်ထဲထည့်တဲ့ သဘောပါပဲ။ ဗိုလ်ချုပ်ကြီးသန်းရွှေက ဒုတိယဥက္ကဌ တောင်းဆိုချင်မှ တောင်းဆိုမယ်၊ စိတ်ထဲကတော့ တောင်းဆိုမှာပေါ့ ဗျာ။ စိတ်ထဲကတော့ သူ မကျေနပ်ပါဘူး။ ကျနော်သိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဆည်မြောင်းတွေ လမ်းတံတားတည်ဆောက်ရေးတွေရဲ့ ဥက္ကဌပဲ ထားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆိုရင် အခု ကျနော်တို့ ပြန်ကြည့်တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ အကွက်တွေပေါ့။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က သူ့ရဲ့ နိုင်ငံရေးတက်လမ်းအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေကို အသုံးချမယ်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဆက်ဆံရေးကိစ္စမှာ ကြား မှာ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူလိုတယ်။ တခြား တိုင်းမှူးတွေနဲ့လည်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်အောင်လို့ ကြားထဲမှာ buffer ပေါ့ဗျာ။ buffer အနေနဲ့ သူ ရှာတာပေါ့။ သူ့အတွက် သူ့ ရှေ့တက်လမ်းအတွက် လုပ်တာလို့ မြင်ကြည့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အကွက်ကတော့ ဒီတိုင်းပါပဲ။ သူ တစ်ခုပဲရှိတယ်၊ သူ့ကို နံပါတ်two လို့ထားပေမယ့် ဗိုလ်ချုပ်ကြီးသန်းရွှေ ကို သူ မကျော်ချင်ဘူး။ သူက ဗိုလ်ချုပ်စောမောင်ပြီးရင် ဗိုလ်ချုပ်သန်းရွှေ၊ ပြီးရင် သူပေါ့ဗျာ၊ ဒါကို သူ့ခေါင်းထဲမှာထားတဲ့ အနေအထားမျိုး ပါ။

ဦးရော်နီညိမ်း။ ။ ဒါက ကျနော်တို့ ပြန်တွက်ကြည့်တော့ on paper ပေါ့၊ on paper မှာရော လက်တွေ့မှာရော ဗိုလ်ချုပ်မှူးကြီးစော မောင်ကတော့ နံပါတ် One ပဲ။ စာရွက်ပေါ်မှာတော့ ဗိုလ်ချုပ်ကြီးသန်းရွှေက နံပါတ်နှစ် ပေါ။့ ဒါပေမယ့် တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီးခင် ညွှန့်က သူ နံပါတ်နှစ် ဖြစ်နေတယ်ဆိုတာ သူ့ဘာသာ သူသိပြီးသားပဲ၊ အဲဒီအချိန်မှာပေါ့ နော်။ သူက ဒါကြောင့်မို့လို့ နံပါတ်သုံး နေရာမှာပဲ နေပြီး နံပါတ်နှစ်ကို သူ ရုပ်သေးလို ထားလို့ရမယ်လို့ ထင်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူပဲ initiate လုပ်တာပေါ့၊ နဂိုကတည်းက ဒုဥက္ကဌ မထားတဲ့ဟာကို ထားပေးအောင်လို့ ဝင်ပြောရတာဟာ၊ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့အတွက် ထွင်တဲ့ နိုင်ငံရေးအရအကွက်ပဲ လို့ သေချာ ပြောလို့ ရပါသလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ၊ နိုင်ငံရေးအရ အကွက်ပါပဲ။ အဲဒီအကွက်က ကျနော် ဘယ်အချိန်ကျမှ သွားသိလဲ ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်သွားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် ဒုတိယပေါ့ ဗျာ၊ သူ့ကို second man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဘာဖြစ်လို့ အဲဒါကို ကျနော်ပြောနိုင်သလဲဆိုရင် အဲဒီ အချိန်တုန်းက ကျနော် စစ်ရုံးကို ရောက်ပြီ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဟိုနေရာလေး ပြန်ကြည့်ရအောင်။ ခုနက ဗိုလ်ချုပ်ကြီးသန်းရွှေ နဝတ ဒုတိယဥက္ကဌ ပိုင်ပိုင် နိုင်နိုင် ဖြစ်သွားတဲ့ အနေအထားလေးကို ပြောပြပေးပါဦး ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ပြန်တမ်း ထွက်ပါတယ်။ ပြီးတော့မှ သတင်းစာတွေထဲမှာ ဒုတိယဥက္ကဌ ဆိုတာကို စပြီးတော့မှ ကြေညာ တာက ၁၉၈၉ပေါ့လေ၊ ၁၉၈၉အကုန်ပိုင်းလောက်မှာ စ ကြေညာတာ ဖြစ်ပါတယ်။ အစည်းအဝေးတွေမှာ ထိုင်ကြတဲ့အခါ စစ်ရုံးမှာ “ဝါစဉ်” ရှိပါတယ်။ နိုင်ငံရေးပိုင်းအရ လုပ်တဲ့အစည်းအဝေးတွေမှာဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဘယ် နဲ့ ညာက အတွင်းရေးမှူး (၁)၊ (၂)။ ပြီးမှ ကျန်တဲ့ member (နဝတ အဖွဲ့ဝင်) တွေက တန်းစီပြီးတော့မှ ထိုင်ရပါတယ်။ ဒါ “ဝါစဉ်” ပါပဲ။ စစ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ပြီးရင် ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ။ ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးညွှန်ကြား ရေးမှူးအနေ နဲ့ အဝေးကြီးမှာ ထိုင်ရပါတယ်။ လေးလပတ်အစည်းအဝေးတို့၊ စစ်တပ်အစည်းအဝေးတို့ ဆိုရင်၊ ဗိုလ်ချုပ်ခင်ညွှန့်ခုံက အဝေး ကြီး ရောက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ၁၉၉ဝ ရွေးကောက်ပွဲမတိုင်ခင်မှာ သူ တရားဝင် နဝတ ဒုတိယ ဥက္ကဌ ဖြစ်လာပြီ။ အဲဒီအခါကျတော့ကော ဒုတိယဥက္ကဌနဲ့ ဥက္ကဌနဲ့ ဆက်ဆံရေး ပိုပြီးတော့ တိုးတက်မှု ရှိလာပါသလား ခင်ဗျ။ ဆက်ဆံရေး ပြန်ကောင်းသွားလား ခင်ဗျ။ ပို တိုးတက်လာသလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သိပ်တော့ ထူးခြားမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့က ဗိုလ်ချုပ်ကြီး သန်းရွှေကို အဲဒီအချိန်မှာ ခုန ကျနော်ပြောခဲ့တဲ့ ဆည်မြောင်း၊ တာတမံတွေကလွဲလို့ ကျန်တဲ့ တာဝန်ပေးတာမရှိပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး သန်းရွှေမှာ power မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာတွေ ဖြစ်နေတာကို ဦးနေဝင်းက ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအချိန်နောက်ပိုင်းမှာတော့ ဦးနေဝင်းရဲ့ အခန်းကဏ္ဍက လူပုဂ္ဂိုလ်နေရာချထားမှုနဲ့ ပတ်သက်ပြီးတော့ မှ သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာ မရှိတော့ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တစ်ခု ကျနော်တို့ ပြန်တွက်ကြည့်လို့ မရဘူးလားခင်ဗျ၊ ဒီလိုလေ။ ဦးနေဝင်းသည် အောက်က တပည့်တွေ မတည့်အောင် လုပ်ထားပြီးတော့မှ သူ့အာဏာမြဲအောင် တစ်သက်လုံး လုပ်လာတာဆို တော့၊ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဒီလိုမျိုး အဆင်မပြေဖြစ်နေတာ သူ့အတွက် ပိုပြီးတော့ balance မဖြစ်ဘူးလားခင်ဗျ၊ သူ အကယ်၍ နောက်မှာ ရှိနေတယ်ဆိုလို့ရှိရင် ဒီသဘောမျိုးကော ရှိနေပါသလားခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဆင်မပြေဖြစ်နေတယ်လို့တော့ အဲဒီအချိန်အခါက ပြောလို့မရဘူးခင်ဗျ။ ဘာလို့ပြောလို့မရလဲ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအနေနဲ့ မကျေနပ်ဘူးဆိုတဲ့ အမူအရာ လုံးဝမပြခဲ့ပါဘူး။ တကယ့်တကယ် သူ အာဏာရလာတဲ့ အချိန်ကျတော့မှ၊ ဗိုလ်ချုပ်စောမောင်ရဲ့ အသုဘတောင် မသွားရဘူးဆိုပြီး ပိတ်တဲ့ သဘောမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် တနင်္ဂနွေနေ့ စက်တင်ဘာလ(၁၉)ရက်နေ့ “တပ်မှူးတပ်သား ပြော စကား” အပတ်စဉ်ကဏ္ဍမှာတော့ ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ အပိုင်းတွေထဲက နောက်ဆုံးအပိုင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖြုတ်ချခဲ့ပုံတွေ တင်ပြသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကြားက အာဏာလွန်ဆွဲမှုတွေ နဲ့၊ ၁၉၉၂ ဧပြီလမှာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျန်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေကို၊ အပိုင်းနှစ်ပိုင်းခွဲပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ၊ ဦးအောင်လင်းထွဋ်ရဲ့ပြောစကား နောက်ဆုံးအပိုင်းကို ဦးရော် နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ် ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးစောမောင် လူ လား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ) ဗိုလ်မှူးကြီးခင်မောင် သန်း (စစ်ဦးစီးမှူး – ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင် သန်း) ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ် တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံး မှာ မမြင်ချင်ဘူး” ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူးမပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ကစထမှူး= ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများအထက်မှ ကွပ်ကဲရသောစစ်ရာထူး) ဆိုပြီး တော့မှ ကရင်ပြည်နယ်ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦး%E(စစ်ဦးစီးမှူး – ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင် သန်း) ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ် တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံး မှာ မမြင်ချင်ဘူး” ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူးမပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ကစထမှူး= ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများအထက်မှ ကွပ်ကဲရသောစစ်ရာထူး) ဆိုပြီး တော့မှ ကရင်ပြည်နယ်ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း) အဖြစ် ရာထူးတက်ခဲ့ပြီးနောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅)ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်း ထုတ်လိုက်ပါတယ်။ အဲဒီအချိန်အခါတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်ကလုပ်တယ်ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ် ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသလဲဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး) နဲ့တော့ အမြဲ သွားဟယ်လာဟယ် အဆက်အသွယ်ရှိတယ်။ ဗိုလ်ချုပ်ကြီးစောမောင်အနားမှာနေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင် စိုး (ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့သူငယ်ချင်းတွေပါ။ ကျနော်တို့က အမြဲတမ်း ထိတွေ့ဆက်ဆံ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့အခါကျတော့ ပိုသိရပါတယ်။

(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ” အဖွဲ့ဝင်အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉ရခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃ )၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၈ တွင် ကစထမှူး အဖြစ်မှ ဖယ်ရှားခံရပြီး “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ”ဝင် အဖြစ်မှပါ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနားပေး ဖယ်ရှားခြင်း ခံခဲ့ရသူ)

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအဝင် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဟာ၊ (၈၃) ရာခိုင်နှုန်းလောက်နဲ့ အပြတ်အသတ် အနိုင်ရ သွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူတကယ် ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစော မောင်အနေနဲ့ ကလိမ်ကကျစ်လုပ်ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေဝင်း နေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေးစခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗ မာ့သေနတ်ကိုင်တပ်ရင်း – ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင်ရဲ့သား အငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင် ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာ နှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအကာအကွယ်) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့ အ ချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင်ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေဝင်းအိမ်ကို မကြာမကြာ အဝင်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golfရိုက် တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golfရိုက်တာ ကို ရပ်ပြီးတော့၊ သူတို့ golf clubကို ပြန်ပါတယ်။ golf clubရောက်ပြီးတော့မှ ဦးနေဝင်းရဲ့ကား ယာဉ်တန်းဝင်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေဝင်းကို ရန်ကုန် မြို့မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးသန်းရွှေက ရှင်းပြခဲ့ရပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ် တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အဲဒီအချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

(ကိုကျော်သူ = အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် (၁၃)၊ ၁၉၇၁ = လက်ရှိ ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံခြားရေး ဒု-ဝန်ကြီးဟောင်း၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး)

(ဗိုလ်မှူးအောင်နိုင် – စစ်တက္ကသိုလ် အပတ်စဉ် (၁၆)၊ ၁၉၇၆ = ဒေါက်တာမောင်မောင်၏ သားငယ်)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂) ကစထမှူး နှင့် နောက်ပိုင်း သစ်တောရေးရာဝန်ကြီးဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် နောက်ပိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် စစ်ထောက်ချုပ် နှင့် နောက်ပိုင်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် တို့အား ၁၉၉ရခုနှစ်တွင်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင်အား ၂၀၀၁ ခုနှစ်တွင်လည်းကောင်း၊ ၎င်းတို့ ၏ ဝန်ကြီးအဖွဲ့ (Cabinet) အတွင်း နောက်ဆုံးရာထူးများမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖယ်ရှားအနားပေးခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ – ၉၀၊ အဲလောက် ကာလပေါ့ လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထားပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူးသဖြင့်တော့ နဝတအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲ လေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွှဲပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော်တော် များများမှာ ဝင်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ြကြည့်လိုက်တဲ့အခါကျတော့၊ ဒီ နဝတ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာလွှဲ မပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ်ဆိုတာ ဗိုလ်ချုပ်ကြီးစောမောင် တစ် ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒီခြံထဲဝင်သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီသတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရသေးဘူး၊ အခ ုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။

(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက်၊ ပါတီဥက္ကဌတာဝန်ယူထားသည့် ကွယ် လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးကြည်မောင်က၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီဂျာမန်ခေါင်းဆောင်များအား စစ်နိုင်မဟာမိတ်နိုင်ငံများက၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့(Nuremberg) တွင် စစ်တရားခုံရုံးတင်ပြီး စစ်ဆေးအပြစ်ပေးသကဲ့သို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ အစိုးရသစ်ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မတော်မှ စစ်ခေါင်းဆောင်တချို့အား၊ “နုရင်ဘတ် ခုံရုံး”ကဲ့သို့ ခုံရုံးတင်စစ်ဆေး အပြစ်ပေးတာတွေ လုပ်ကောင်းလုပ်ဘွယ်ရှိမည် ဟု၊ လူသိရှင်ကြား ပြောဆိုခဲ့သည့်ကိစ္စ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ နဝတ အထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှတပါး ကျန်တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဩဇာ၊ အာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှမရှိဘူး။ ဗိုလ်ချုပ်ကြီးစောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည်ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ် တော့ လက်ရှိရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာဏာတည်ဆောက် လို့ရမယ်၊ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာမရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ်လိုဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့ အကြံအစည်နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီးစောမောင် မသိအောင် အရင် အင်္ဂလန်သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ အဲဒီအချိန်တုန်းက (တမ်မတော်) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ် သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့် အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင်စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့စစ်ထောက်ချုပ်တို့ အဲဒီ “ချုပ်”တွေနဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ယုံကြည်တဲ့လူ လက်တစ်ဆုတ်စာလောက် နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘောလား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေးမယ်ဆိုတာ သူ ကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစားကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ) လေယဉ်လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီ စာအိပ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀) တိုင်းရှိတယ်နော်၊ မန္တလေးကို အဲဒီအချိန်တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ။

(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း (၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက်ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ – မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ – မန္တလေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ – မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ – တောင်ငူ) မှ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ – တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ၁၉၉ရ နောက်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ – တောင်ကြီး) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ – တောင်ကြီး) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ – ကျိုင်းတုံ) ဟူ၍ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ – မော်လမြိုင်) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ – မော်လမြိုင်) နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ – မြိတ်) ဟူ၍ ဖြစ်ပေါ်လာသည်။ ၂၀၀၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ – မန္တလေး) နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ – တောင်ငူ) တို့မှ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်းမြို့နယ်တို့ အပါအဝင် ငါးမြို့နယ်ကို ထုတ်နှုတ်ပြီး၊ အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်း နေပြည်တော်တိုင်းဟု လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်လည်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) ဟု စစ်တိုင်းအသစ် ထပ်ဖွင့်ခဲ့သည်။ ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် စုစုပေါင်း စစ်တိုင်း (၁၃)တိုင်း ရှိသည်။နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) အား ကာကွယ်ရေးဦးစီးချုပ်(ကြည်း) (ကက-ကြည်း) ရုံးမှ တိုက်ရိုက် ကွပ်ကဲပြီး၊ ကျန် စစ်တိုင်း (၁၂) အား ကစထ (၆)ခုမှ ကွပ်ကဲသည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက နဝတ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေလား။ နောက်တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက်စိန်တို့ အသုတ်လား ခင်ဗျ။

(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = နဝတအဖွဲ့ဝင်စစ်တိုင်းမှူးများ ၁၉၉၂ တွင် ဝန်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉ရ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ် ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် ယခု အကျဉ်းချခံထားရသည်။)

(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = နဝတအဖွဲ့ဝင်စစ်တိုင်းမှူးများ ၁၉၉၂ တွင် ဝန်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉ရ တွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ နဝတအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ် သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေးတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ်ဆိုရင်၊ ဟို တခါ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စတုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့်ကို လာပြီး စည်းရုံးတဲ့အခါ ဝင်ပါရမလိုလို၊ ဝင်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီ လိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံး အစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှ ဖြစ်မယ်ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှ မဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလို တော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေးလုံခြံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန်ကြံစည်မှုတွင် ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီးတချို့က ကာ ကွယ်ရေးဦးစီးချုပ်နှင့် တခြားစစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ်တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘောပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာ လိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ်တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ် ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော်တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့ တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကိုပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီး မှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ”၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထားလိုက်တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ဝင်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ် ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်းက အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေးပေါ့ဗျာ၊ ဂိတ်ထဲ ဝင်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေ များလွန်းတဲ့အတွက်ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ် လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က ကျနော်တို့ စစ်ရုံး ဝင်းထဲမှာရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီဝင်းထဲမှာ ထိန်းထားလိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထား တယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင် ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “ဝမ်း” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေးလိုက်ရင် သူလည်း နံ ပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက နဝတ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေနေရာကို ဘယ်သူများရမလဲ ဆိုတဲ့ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန် တွေကြားထဲမှာကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနနဲ့ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း (ဗိုလ်မှူးအောင်လင်းထွဋ်၏အထက် ်မှ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက်လှမ်းရေး’ ဌာနမှူး) တို့ ခရီးသွားတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသ တင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေးပေါ့၊ နိုင်ငံခြားသံရုံးတွေက လာတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး တော့ ကျနော် တခါ ဝင်သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်”ဆိုတဲ့ ကြောက်ကြောက်နဲ့ပါပဲ။ ကျနော် တို့က အဆင့်အများကြီး ကွာတဲ့အခါကျတော့ ဝင်သတင်းပို့တယ်။ ပို့တဲ့အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင် လဲ” ဆိုပြီးမေးတော့ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝမျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ် ဖြစ်မလာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ် နဲ့ ၁၉၉၂ ဧပြီလ မှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီအချိန်က “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း ဗိုလ်မှူးအောင်လင်း ထွဋ် ရဲ့ ပြောစကားတွေကို နှစ်ပိုင်းခွဲပြီး တင်ဆက်ခဲ့တာပါ ခင်ဗျာ၊ နောက်သီတင်းပတ် စက်တင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့ နံနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုဘက်ကိုကူးပြောင်းလာခဲ့တဲ့ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း တစ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ၊ စောင့်မျှော်နားဆင်ကြပါ၊ ကျနော် ရော်နီညိမ်း ပါ။

One comment

  • Thint Aye Yeik

    February 8, 2017 at 3:20 pm

    ဒို့ရွာထဲမှာ ဒို့အတိတ်သမိုင်းလည်း သေချာ ရှိခဲ့တာပဲ။
    မှတ်တမ်း ချန်ပေးခဲ့တဲ့ ဦးကြောင်ကို ကျေးဇူးပါ။

Leave a Reply