အပြိုင်အဆိုင်ဖြစ်လာတဲ့ရွေးကောက်ပွဲအမှီ…..မြန်မာ့စီးပွားရေး

zaw mgSeptember 23, 20101min540

အဲမန္တလေး လေကြောင်း လိုင်းသည် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းမှစ၍ လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းထား သော်လည်း ယခုအခါ အင်္ဂလန်နိုင်ငံမှ လေယာဉ်တစီး ထပ်မံ ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“လေယာဉ် တင်သွင်းခွင့်ရလို့ တင်သွင်း လာတယ်၊ ရန်ကုန်ကို ရောက်နေပါပြီ၊ မြန်မာပြည် မှတ်ပုံတင်ရဖို့ ကြိုးစားနေတယ်၊ လေယာဉ် လိုင်စင်ပြောင်းလို့ ရမရဆိုတာ ကိုတော့ ကျနော် မဖြေနိုင်ပါဘူး၊ ကျနော်တို့ ဘာမှ အခက်အခဲ မရှိဘူး၊ လုပ်ထုံးလုပ်နည်း အရ လုပ်စရာရှိတာ လုပ်နေတာပဲ”ဟု အဲမန္တလေး မန်နေဂျင်း ဒါရိုက်တာက ဧရာဝတီသို့ ပြောသည်။

အဲမန္တလေးက ထပ်မံဝယ်ယူခဲ့သော လေယာဉ်မှာ ထိုင်ခုံ ၆၆ ခုံပါ ATR-72 (212series) အမျိုးအစား ဖြစ်ကာ ဩဂုတ်လ ၂၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတချို့အရှုံးပေါ်နေသဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် မပေးဆောင်နိုင်ကြောင်း ဩဂုတ်လအတွင်းက သတင်းထွက်ပေါ်ခဲ့ပြီးနောက် အဲမန္တလေးမှ ထပ်မံတင်သွင်းခဲ့သည့် လေယာဉ် မြန်မာပြည် မှတ်ပုံတင်ခွင့် မရသေးသည့် သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အဲမန္တလေးတွင် မူလက ထိုင်ခုံ ၇ဝ ပါ ATR-72 (212series) လေယာဉ် ၂ စီးရှိကာ၂ စီးစလုံး အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေပြီး  မကြာမီ ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဈေးကွက်မန်နေဂျာ ဦးကိုကိုကြီးက ပြောသည်။

“ဘန်ကောက်မှာ အကြီးစားပြင်ဆင်မှုတွေလုပ်ပြီး အခု မလေးရှားမှာ ဆေးပြန်သုတ်နေပါတယ် ၊ ရှေ့တပတ်ထဲမှာ ပြန်လည်ပြေးဆွဲ နိုင်တော့မှာပါ”ဟု ဦးကိုကိုကြီးက ပြောသည်။

အဲမန္တလေး၏ လေယာဉ်ခရီးစဉ်များကို ဇူလိုင်လနှောင်းပိုင်းက စတင်ရပ်နားခဲ့ရပြီး လာမည့်ရက်ပိုင်းများအတွင်း ပြည်တွင်းခရီးစဉ် များ ဖြစ်သည့် ပုဂံ ၊ မန္တလေး ၊ ဟဲဟိုး ၊ စစ်တွေ ၊ သံတွဲ ခရီးစဉ်များကို ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဲမန္တလေးသည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံးပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်ပြီး နောက်ပိုင်းတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော အဲပုဂံ ၊ အဲကမ္ဘောဇ တို့နှင့် ပြိုင်ဆိုင် နေရ ကြောင်း ခရီးသွား အေဂျင်စီများက ပြောသည်။

“အဲမန္တလေးနဲ့ ရန်ကုန် အဲဝေး တို့က အစုရှယ်ယာတွေနဲ့ ရပ်တည်တယ် ၊ ဦးတေဇနဲ့ ဦးအောင်ကိုဝင်းတို့ပိုင်တဲ့ အဲပုဂံနဲ့ အဲကမ္ဘောဇ တို့ ပေါ်လာတော့ သူတို့ရဲ့အဓိက ပြိုင်ဖက်တွေဖြစ်လာတယ် ၊ ဒါပေမယ့် ဟိုလူတွေက အစိုးရနဲ့ အရမ်းရင်းနှီးတဲ့ လုပ်ငန်းရှင်တွေ ဆိုတော့ ပြိုင်ဆိုင်မှုအနေအထားက ညီမျှမှုတော့ သိပ်မရှိဘူးကြားတယ်”ဟု ရန်ကုန်မြို့ရှိ ခရီးသွား အေဂျင်စီ လုပ်ငန်းရှင် တဦးက ပြောသည်။

အဲမန္တလေး ဈေးကွက်မန်နေဂျာ ဦးကိုကိုကြီးကမူ ဈေးကွက်အတွင်း ပြိုင်ဆိုင်ခွင့်ရမှုမှာ ညီမျှမှုရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံနှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်းရှိကြောင်း သိရသည်။