မယားခုနှစ်မျိုး

မမေလးSeptember 23, 20101min560
ဘုရားရှင် အနာထပိဏ် – သူဌေးအိမ် ဆွမ်းစားကြွတဲ့အခါ
အနာထပိဏ် သူဌေးအိမ်တွင် ဆူညံသံကို ကြားရလို့  ‘ သူကြွယ် ၊ သင့်အိမ်မှာ တံငါသည်တွေ ငါးလုပ်တဲ့အခါ ဆူညံနေကြသလို လူတွေ ဘာ့ကြောင့် ဆူညံနေကြတာလဲ ‘ လို့ ဘုရားရှင်ကမေးတယ် ။

အဲဒီတော့ အနာထပိဏ် သူဌေးက  ” အရှင်ဘုရား ၊ သုဇာတာ – ဆိုတဲ့ အမျိုးသမီးကို ချမ်းသာကြွယ်ဝတဲ့အမျိုးမှ ချွေးမအဖြစ်ဆောင်ယူခဲ့ပါတယ် ။
အဲဒီအမျိုးသမီးဟာ ယောက္ခမတွေကိုလည်း မလေးစား ၊ လင်ကိုလည်း မလေးစား ၊ ဘုရား တရား သံဃာကိုလည်း လေးစားခြင်း မရှိပါ ၊ အဲဒါကြောင့် ဆူဆူညံညံ ဖြစ်နေတာပါ ” လို့ လျှောက်ထားတယ် ။

အဲဒီအခါ ဘုရားရှင်က သုဇာတာကို ခေါ်ပြီး ဆုံးမစကား မိန့်ကြားတယ် ။
ချစ်သမီး သုဇာတာ ၊ လောကမှာ မယား ခုနှစ်မျိုးရှိတယ် ၊ အဲဒီ ခုနှစ်မျိုးမှာ _

(၁) သူသတ်သမားနဲ့တူတဲ့မယား
(၂) ခိုးသူနဲ့တူတဲ့မယား
(၃) အရှင်သခင် နဲ့ တူတဲ့ မယား
(၄) အမိနဲ့ တူတဲ့ မယား
(၅) နှမနဲ့ တူတ ဲ့မယား
(၆) မိတ်ဆွေနဲ့ တူတဲ့ မယား
(၇) ကျွန်နဲ့ တူတဲ့ မယား တို့ဖြစ်တယ် ။
ဒီခုနှစ်မျိုးမှာ သင်ဟာ ဘယ်မယား အမျိုးအစားဖြစ်သလဲလို့ မေးတယ် ။

အဲဒီအခါ သုဇာတာက ” အရှင်ဘုရား ၊ အကျဉ်းဟောကြားတာကို တပည့်တော်မ နားမလည်ပါ တပည့်တော်မ နားလည်အောင် အကျယ်ချဲ့ပြီး ဟောတော်မူပါ ဘုရား ” လို့ လျှောက်ထားတယ်။

(၁) သူသတ်သမားနဲ့တူတဲ့မယား

လင်ယောက်ျားကို ပျက်စီးစေလိုတဲ့ စိတ်ရှိပြီး ၊ လင်ယောက်ျားကို အကျိုးစီးပွား တိုးတက်အောင် ကူညီစောင့်ရှောက်မှုမပြုဘူး ၊ တစ်ခြား ယောက်ျားကို တပ်မက်လို့ လင်သားကို မထီမဲ့မြင်ပြုတယ် ၊ တစ်ခြားသူက ငွေပေးခိုင်းရင် လင်ကိုသတ်ဖို့
လက်မနှေးဘူး ၊ ဒီလို မယားမျိုးကို  ” သူသတ်သမားနဲ့တူတဲ့ မယား ” လို့ခေါ်ရတယ်။

(၂) ခိုးသူနဲ့တူတဲ့မယား
အတတ်ပညာဖြင့်ဖြစ်စေ ၊ ကုန်သွယ် လယ်လုပ်ခြင်းဖြင့်ဖြစ်စေ ၊ မိမိလင်ယောက်ျား ရှာဖွေထားတဲ့ ငွေကြေးပစ္စည်းကို အနည်းငယ်ပဲ ဖြစ်ဖြစ် လင်သားမသိအောင် အပြင်ကို ထုတ်ယူလေ့ရှိတယ် ၊ ဒီမယားမျိုးကို ” ခိုးသူနဲ့တူတဲ့မယား ” လို့
ခေါ်ရတယ်။

(၃) အရှင်သခင်နဲ့တူတဲ့မယား
အလုပ်မလုပ် ၊ ပျင်းရိပြီး အစားကြီးတယ် ၊ ကိုယ်နှုတ်ကြမ်းပြီး မကောင်းတဲ့ စကားကိုဆိုတယ် ၊ ထကြွ လုံ့လရှိတဲ့  လင်ယောက်ျားကို လွှမ်းမိုးအနိုင်ယူတယ် ၊ ဒီမယားမျိုးကို ” အရှင်သခင်နဲ့တူတဲ့မယား ” လို့ခေါ်ရတယ်။

(၄) မိခင်နဲ့တူတဲ့မယား
အမြဲတမ်း လင်ယောက်ျားကို အကျိုးစီးပွားရှိအောင် စောင့်ရှောက်ကူညီတယ် ၊ မိခင်ဟာ ရင်မှဖြစ်တဲ့ တစ်ဦးတည်းသော သားကို အမြဲစောင့်ရှောက်သလို လင်ယောက်ျားကို အမြဲစောင့်ရှောက်တယ် ၊ လင်ယောက်ျား ရှာဖွေစုစောင်းပေးတဲ့
ပစ္စည်းဥစ္စာကို ထိမ်းသိမ်း စောင့်လျှောက်တယ် ၊ ဒီလိုု မယားမျိုးကို ” မိခင်နဲ့တူတဲ့မယား ” ခေါ်ရတယ်။

(၅) နှမနဲ့တူတဲ့မယား
အစ်မ ၊ နှစ်မတိုက မောင်ကို ရိုသေ လေးစားသလို ၊ မိမိလင်ယောက်ျားကို ရိုသေလေးစားတယ် ၊ ရှက်ရွံ့စိ်တ်ရှိပြီး  လင့်သားအလိုကိုလိုက်တယ် ၊ ဒီလို မယားမျိုးကို ” နှမနဲ့တူတဲ့မယား ” လို့ ခေါ်ရတယ်။

(၆) မိတ်ဆွေနဲ့တူတဲ့မယား
အလွန်ကြာမြင့်မ ှတွေ့ရတဲ့ အဆွေခင်ပွန်းကို မြင်ရတဲ့အခါ ဝမ်းသာသလို လင်သားကို မြင်ရင် ဝမ်းသာတယ် ၊ ကောင်းတဲ့ အမျိုးအနွယ်ကလာတယ် ၊ အကျင့်သီလနဲ့ ပြည့်စုံတယ် ၊ လင်ယောက်ျားကို ရိုသေတယ် ၊ ဒီလိုမယားမျိုးကို
” မိတ်ဆွေနဲ့တူတဲ့မယား ” လို့ခေါ်ရတယ်။

(၇) ကျွန်နဲ့တူတဲ့မယား
လင်ယောက်ျားက ရိုက်နှက်ခြင်း ၊ တုတ် ဓားဖြင့် ခြိမ်းခြောက်ခြင်းပြုပေမဲ့ စိတ်ဆိုးခြင်း ကြောက်ရွံ့ခြင်းမရှိ ၊ ပြစ်မှားလိုတဲ့စိတ် မရှိဘူး ၊  လင်သားကို သည်းခံတယ် ၊ လင်သားအလို လိုက်တယ် ” ဒီလိုမယားမျိုးကို ကျွန်နဲ့တူတဲ့မယား ” လို့ခေါ်ရတယ်။

အဲဒီမယား ခုနှစ်မျိုးမှာ … သူသတ်သမားနဲ့တူတဲ့မယား ၊ ခိုးသူနဲ့တူတဲ့မယား ၊ အရှင်သခင်နဲ့တူတဲ့မယားတို့ဟာ အကျင့်မကောင်းသူတွေဖြစ်ပြီး ကွယ်လွန်တဲ့အခါ အပါယ်ငရဲကို ရောက်ကြရတယ်။

အမိနဲ့တူတဲ့မယား ၊ နှမနဲ့တူတဲ့မယား ၊ ကျွန်နဲ့တူတဲ့မယားတွေဟာ အကျင့်သီလ ပြည့်စုံသူများဖြစ်လို့ သေတဲ့အခါ သုဂတိဘုံ ရောက်ကြရတယ်လို့ ဘုရားရှင်က ရှင်းလင်းပြောပြတဲ့အခါ …… သုဇာတာက ” အရှင်ဘုရား တပည့်တော်မကို ယနေ့မှစ၍ ကျွန်မနဲ့တူတဲ့ မယားအမျိုးအစားလို့ သတ်မှတ်တော်မူပါ ” လို့
လျှောက်ထားပါတယ် ။

( ဘရိယာသုတ်၊အဗျာကတဝဂ်၊သတ္တကနိပါတ်၊အင်္ဂုတ္တရနိကာယ် )

NJ , Manalapan မဟာစည်ကျောင်းဆရာတော်မှ ချီးမြှင့်ထားသော ( ဗုဓ္ဒဟောကြား သိမှတ်စရာများ ) စာအုပ်မှဖြစ်ပါတယ်ရှင်။