အသားအရေကို အိုမင်းရင့်ရော်စေသော အလေ့အကျင့်ဆိုးများ

မမေလးSeptember 23, 20101min1050
အသားအရေကို အိုမင်းရင့်ရော်စေသော အလေ့အကျင့်ဆိုးများ

သင်ကိုယ်တိုင် သတိမထားမိတဲ့ အလေ့အကျင့်ဆိုး တွေက သင့်ရဲ့ အသားအရေကို ဒုက္ခပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်တွေကို မြန်မြန်ရပ်ဆိုင်းပြီး ပြုပြင်နိုင်မှသာ အသားအရေကို တာရှည်လှပ စိုပြေနေစေဖို့ အချိန်မှီပါ လိမ့်မယ်။ ဒါကြောင့် သင့် အသားအရေကို ဒုက္ခပေးတဲ့ အလေ့အကျင့်ဆိုး (၇) ချက်ကို လေ့လာ ကြည့်ကြ ရအောင်နော် ……

(၁)အစားအသောက်မှားယွင်းခြင်း
အသီးအနှံနဲ့ အသီးအရွက်တွေကို မစားပဲ သရေစာ မုန့် တွေစားတာက အသားအရေအတွက် လိုအပ်တဲ့ Vitamin နှင့် အာဟာရဓါတ်တွေကို ဆုံးရှုံးစေပါတယ်။ ကောက်ပဲသီးနှံ၊ နို့ထွက်ပစ္စည်းများ၊ ငါး နဲ့ အစေ့အဆန် တွေကို စားပေးသင့်ပါတယ်။ ဘယ်ရီသီး နဲ့ ဟင်းနုနွယ် တွေဟာ Antioxidant ကြွယ်ဝတဲ့ အတွက် အသားအရေ ပြဿနာ တွေကို ကုစားနိုင်ပါတယ်။ အဆီ၊ အချို နဲ့ အငန်လွန်ကဲတဲ့ အစားအသာက်တွေကို ဘယ်လောက်ပဲ စားချင် စားချင် ထိန်းထိန်းသိမ်းသိမ်း စားပါလို့ အကြံပေးချင်ပါတယ် ……….

(၂)မျက်နှာမသန့်စင်ပဲ အိပ်ယာဝင်ခြင်း
မျက်နှာပြင်မှာ ပြဿနာအမျိုးမျိုး ဖြစ်တတ်တဲ့သူတွေ အများစုဟာ မျက်နှာကို မသန့်စင်ဘဲ အိပ်ရာဝင်တဲ့ သူတွေပါတဲ့။ ဒီနေ့ခေတ်မှာ အလုပ်တွေများပြီး ပင်ပင်ပန်းပန်းနဲ့ အိပ်ရာထဲမှာ ကျရှုံးသွားတဲ့ သူတွေက များလာပါပြီ။ မျက်နှာမသန့်စင်ဘဲ အိပ်ရာဝင်တတ်တဲ့ အကျင့်က တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်သာ လုပ်မိတယ်ဆိုရင် ပြဿနာ မရှိပေမယ့် ရက်ဆက်တိုက် ဖြစ်လာတဲ့အခါ မွေးညင်းပေါက် ပိတ်တာနဲ့ အသားအရေ ပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာသစ်ဖို့ ပျင်းနေတယ်ဆိုတောင် မျက်နှာကို သန့်စင်ပေးနိုင်တဲ့ မိတ်ကပ်ဖျက်တဲ့ Cotton Pad လေးနဲ့ သန့်စင်ပေးသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ……….

(၃)အိပ်ချိန်ကို ဂရုမစိုက်ခြင်း
စိတ်ရှုပ်စရာတွေများတဲ့ ဒီခေတ်ကြီးထဲမှာ စိတ်ဖိစည်းမှုတွေကြောင့် အိပ်မပျော်တဲ့ သူတွေကလည်း အရမ်းကို များလာပါတယ်။ Beauty Sleep ဆိုတာ ဒဏ္ဍာရီ မဟုတ်ပါဘူး။ အိပ်ရေးပျက်လိုက်တာနဲ့ ခန္ဒာကိုယ်က ချက်ချင်းကို သိသာပြီး Stress Hormone ကိုထုတ်လုပ်ပါတယ်။ အသားအရေက လိုအပ်တဲ့ အိပ်စက်နားနေမှုကို မရရှိတဲ့အခါ လန်းဆန်းမှုမရှိပဲ မျက်ကွင်းညိုခြင်း နှင့် အဖုအပိန့်ထွက်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။ အိပ်စက်ချိန်ကို အနည်းဆုံး တစ်နေ့ကို (၇)နာရီလောက် ယူသင့်ပြီး နေ့ခင်းဘက်မှာလည်း ကွန်ပျူတာကို ခဏပိတ်ထားတာဟာ မျက်လုံးကို အနားပေးတာမျိုး လုပ်သင့်ပါတယ်။ အိပ်ရာဝင်တဲ့ အချိန်မှာ ဘာကိုမှ မတွေးပဲ စိတ်အေးအေးချမ်းချမ်း ထားပြီး အိပ်ပျော်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ……….

(၄)မျက်နှာကို ပြင်းပြင်းထန်ထန် သန့်စင်ခြင်း
တချိူ့တွေကျပြန်တော့လည်း မျက်နှာသန့်စင်တဲ့ ပစ္စည်းတွေကို အများအပြား သုံးတတ်ကြပါတယ်။ ဥပမာ။ ။ Scrub တွေနဲ့ မျက်နှာ ဂျီးချွတ်တဲ့ ပစ္စည်းတွေပါ။ မျက်နှာကို လိုအပ်တာထက်ပိုပြီး ပြင်းပြင်းထန်ထန် သန့်စင်ရင် မျက်နှာ အသားအရေကို ထိခိုက်နိုင်ကာ ရေဓါတ်ကုန်ဆုံးပြီး Cells တွေလည်း ပျက်စီးနိုင်ပါတယ်။ သင်ဟာ ပုံမှန် အသားအရေရှိသူ ဆိုရင် မျက်နှာက Cells သေတွေ ဖယ်ရှားတာမျိုးကို တစ်ပါတ်မှာ တစ်ကြိမ်လောက် ပြုလုပ်ပေးရင် လုံလောက်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူ ဆိုရင် မျက်နှာက Cells သေတွေ ဖယ်ရှားတာမျိုးကို တစ်ပါတ်မှာ နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် လုံလောက်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေ ရှိသူနဲ့ ထိခိုက်လွယ်တဲ့ အသားအရေရှိသူ ဆိုရင် မျက်နှာက Cells သေတွေ ဖယ်ရှားတာမျိုး ကိုတော့ တစ်လမှာ နှစ်ကြိမ်လောက် ပြုလုပ်ပေးပါ။ ဘယ်လောက်တန်ဖိုးကြီးတဲ့ Product ပဲဖြစ်ဖြစ် ကိုယ်သုံးလိုက်တဲ့အခါ အသားအရေကို လောင်စေတယ်၊ ယားယံစေတယ် ဆိုရင် မြန်မြန်ရေဆေးချသင့်ပြီး သုံးစွဲဖို့ သင့်၊ မသင့် စဉ်းစားရပါမယ်လို့ အကြံပေးချင်ပါတယ် ……….
(၅)ဆေးလိပ်သောက်ခြင်း
မျက်နှာပေါ်က အရေးအကြောင်းတွေက ဆေးလိပ်သောက်လို့ ဖြစ်ပေါ်လာတာဖြစ်ပြီး ရှိရင်းစွဲ အသက်ထက် ပိုပြီးရင့်ရော်တယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်သူရဲ့ အသားအရေဟာ ညစ်နွမ်းပြီး ဝင်းပမှု မရှိတာကို တွေ့ရမှာပါ။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အဆိပ်အတောက် တွေက သွေးကြောထဲ စီးဝင်ပြီး Cells တွေဆီကို ရောက်သွားတဲ့ အတွက် အသားအရေ ပျက်စီးစေပါတယ်။ ဒါကြောင့် ဆေးလိပ်ကို စောစော ကတည်းက ဖြတ်ထားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ……….
(၆)ကိုယ်အလေးချိန် အတက်အကျမြန်ခြင်း
ခန္ဒာကိုယ်အလေးချိန် အတက်အကျ မြန်ခြင်းက အသားအရေရဲ့ ကြွက်သားမျှင်တွေကို အားနည်းစေပါတယ်။ ဝိတ်ချမယ် ဆိုရင်လည်း တစ်ပါတ်မှာ အလွန်ဆုံး (၂)ပေါင်ထက် ပိုမချသင့်ပါဘူး။ မြန်မြန်ဝိတ်ချခြင်းကြောင့် ဝိတ်ပြန်တက်တာလဲ မြန်ပြီး အသားအရေပေါ်မှာ အကြောပြတ်ရာတွေ ဖြစ်ပေါ်စေပါတယ်။ အရွယ်ကျတာမြန်ပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဖြေးဖြေးမှန်မှန် ဝိတ်ချခြင်းက အသားအရေကို ထိခိုက်မှု မရှိစေပါဘူး။ ဒါ့ပြင် အသားအရေကို တင်းရင်းစေတဲ့ Skin Firming Lotion တွေ လိမ်းသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ……….

(၇)စိတ်ပျော်ရွှင်မှု မရှိခြင်း
စိတ်ပင်ပန်းမှုတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ Stress က ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားလျော့ကျ စေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် စိတ်ကို ပေါ့ပါး ပျော်ရွှင်အောင် ထားပေးပါ။ သူငယ်ချင်းတွေနဲ့ တစ်ပါတ်မှာ တစ်ရက်လောက် အချိန်ဖြုံးပေးခြင်းက စိတ်ဖိစည်းမှုကို လျော့ကျစေပြီး လူကိုလည်း နုပျိုတက်ကြွစေပါတယ်။ ဒီလိုမျိုး အချိန်ဖြုံးခြင်းကို အခွင့်အရေးရမှ ဆိုတာမျိုးမဟုတ်ပဲ အရေးကြီးတဲ့ အလုပ်ကိစ္စ တစ်ခုလိုမျိုး အချိန် ပေးသင့်ပါတယ်။ ဒီလို ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုံးခြင်းက စိတ်ပျို ကိုယ်နု စေတဲ့ အတွက် အသားအရေကို အကျိုးသက်ရောက် စေတာက အသေအချာပါပဲလို့ အကြံပေးချင်ပါတယ် ……….