ကောင်းတာကိုယူပြီး ကလေးတွေကို လက်ဆင့်ကမ်း – လူထုစိန်ဝင်း

thura.ng2September 23, 20101min971

ဒီခေတ်မှာ လူငယ်တွေ နိုင်ငံရပ်ခြားကို အရောက်အပေါက် များတယ်။ မျက်စိပွင့်၊ နားပွင့် ဖြစ်စေနိုင်လို့ ကောင်းတယ်။ အားပေးရမယ်။ ဒီ အခွင့်အရေးမျိုးရတဲ့ လူငယ်များ အင်မတန် ကုသိုလ်ကောင်းကြတယ်ဆိုတာကို မမေ့သင့်ကြဘူး။

အသက်ကို ဖက်နဲ့ထုပ်သွားရ
ဒိလို သွားလာနိုင်တဲ့လူဟာ တကယ်တော့ လက်တစ်ဆုပ်စာလေးလောက်ပဲ ရှိတယ်။ လူဦးရေ အများစုကြီးဟာ ဒီလို အခွင့်အရေးမျိုး မရကြဘူး။ တချို့ဆို အခြေအနေအရ ပတ်စ်ပို့လေးကိုင်ပြီး ကြော့ကြော့ကလေး မသွားနိုင်ရှာကြဘူး။ အသက်ကို ဖက်နဲ့ထုပ်ပြီး တောင်တွေကျော်၊ တောတွေဖြတ် သွားကြရတယ်။ နယ်စပ်ကို နောက်ဖေးပေါက်က ခိုးဝင်ဖြတ်ကျော်ပြီး အထဲရောက်သွားပေမယ့်လည်း စိတ်ချလက်ချ မနေနိုင်ဘူး။ အလုပ်ရှင်မျက်နှာ ကြည့်ရ၊ ပုလိပ်ကြောက်ရနဲ့ အမြဲတမ်း ရင်တမမ နေကြရတာ။ အချုပ်ခန်းထဲရောက်ပြီး ဒုက္ခခံရတာတွေလည်း အကြိမ်ကြိမ်။ တချို့ဆို ညစ်ပတ်တဲ့ အလုပ်ရှင်က လုပ်ခမပေးချင်လို့ လူမိုက်ငှားပြီး အသတ်ခိုင်းတာတောင် ခံကြရရှာတယ်။ မြန်မာနိုင်ငံမှာ ကျန်ရစ်တဲ့ မိသားစုများကတော့ စာမလာ၊ သတင်းမကြားနဲ့ တစ်မျှော်တည်း မျှော်နေကြရတယ်။ လုံးဝ အဆက်အသွယ်ပြတ်ပြီး ဘာဖြစ်လို့ဖြစ်မှန်း မသိတဲ့သူတွေ ဘယ်လောက်များ ရှိနေသလဲဆိုတာ မခန့်မှန်းနိုင်ဘူး။

ပတ်ပုန်းပဲ သွားမနေနဲ့
အင်မတန့် အင်မတန်ကို ဘဝပေးကုသိုလ် ကောင်းကြသူများသာ ဈေးဝယ်ထွက်ကြ၊ အလည်ထွက်ကြ လုပ်နိုင်ကြတာ။ ဒီလို အခွင့်ထူး ခံစားရရှိကြတာကို ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချတတ်ကြစေချင်တယ်။ ပတ်ပုန်းနဲ့ အခြောက်ကပွဲတွေသွား၊ နိုက်ကလပ်တွေသွားချည်း လုပ်မနေဘဲ နာမည်ကြီး ချူလာလွန်ကွန်၊ တပ္မာဆတ်၊ မဟီဒေါ၊ အေအိုင်တီ၊ အေဘက် စတဲ့ တက္ကသိုလ်ကြီးတွေ သွားရောက်လေ့လာ သင့်ကြတယ်။ မော်ဒယ်တို့၊ ဘာတို့ဆိုတာက ငယ်တုန်းရွယ်တုန်းသာ ရုပ်ကလေး ပြစားလို့ရတာ။ ကိုယ့်ဘဝတစ်သက်တာအတွက် ပညာပြည့်စုံနေမှ စိတ်ချရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှာလို့ရတဲ့ပိုက်ဆံတွေကို ပညာရှာတဲ့နေရာမှာ သုံးကြစေချင်တယ်။

အိမ်ဦးနဲ့ ကြမ်းပြင်
မြန်မာနိုင်ငံ ဖျော်ဖြေရေးနယ်ပယ်က ယောက်ျားလေး၊ မိန်းကလေး အတော်များများဟာ တက္ကသိုလ်က ပထမဘွဲ့တစ်ခုခုတော့ ရထားကြတယ်။ ဘန်ကောက်တို့၊ စင်ကာပူတို့ကို အိမ်ဦးနဲ့ကြမ်းပြင် ကူးလူးသွားလာနေကြတာတွေလည်း တွေ့မြင်ကြားသိနေရတယ်။ ဒါပေမယ့် ဘယ်မင်းသားလေးက NTU မှာ မဟာဘွဲ့တက်နေတယ်၊ ဘယ်မင်းသမီးလေးက NUS မှာ ဘွဲ့လွန်တက်နေတယ်။ ဘယ်အဆိုတော်မလေးက ချူလာမှာ၊ ဘယ်အဆိုတော် ကောင်းလေးက တပ္မာဆတ်မှာ တက်နေကြတယ်ဆိုတာမျိုးတော့ တစ်ခါမှ မကြားမိဘူး။

အကျိုးရှိအောင် မလုပ်တတ်
ကြားမိ၊ ဖတ်မိတာတွေကတော့ ဖူးခက်သွားလည်ကြတာ၊ စင်ကာပူသွား အိတ်ဝယ်တာ၊ ဘန်ကောက်သွား ဖိနပ်ဝယ်တာ စတဲ့ သတင်းမျိုးတွေချည်းပဲ။ တိုင်းပြည်အတွက်တို့၊ ဘာတို့ဆိုတာထား၊ သူတို့အတွက်တောင် အကျိုးရှိအောင် အသုံးမချတတ်ဘူးဆိုတာ တွေ့ရတယ်။ အခုဆို မျက်စိပွင့် နားပွင့်ကြအောင်ဆိုပြီး တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ အနောက်တိုင်းက ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီဇာတ်လမ်းတွဲတွေ နေ့စဉ်နေ့တိုင်း ပြသပေးနေတယ်။ ဒါတွေကြည့်ပြီး အတုယူကြမယ်ဆိုရင် မြန်မာဖျော်ဖြေရေးလောကလည်း အများကြီး တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ကောင်းတာတွေတော့ အတုမယူကြဘဲ မကောင်းတာတွေပဲ အတုယူနေကြတာပဲ မြင်တွေ့နေရတယ်။

အတုယူစရာတွေ
ကိုရီးယားကားတွေထဲမှာ အတုယူစရာကောင်းတဲ့အချက်တွေ အများကြီးတွေ့နိုင်တယ်။ ရုပ်ရှင်သရုပ်ဆောင်ပညာဆိုတာ ဇာတ်သဘင်တို့၊ ပြဇာတ်တို့မှာ သရုပ်ဆောင်တဲ့ပညာနဲ့ မတူတာကို ကိုရီးယားမင်းသား မင်းသမီးငယ်လေးတွေတောင် ကောင်းကောင်းနားလည်ပြီး ရုပ်ရှင်ပီသအောင် သရုပ်ဆောင်နိုင်ကြတယ်။ ရုပ်ရှင်ဓာတ်ပုံပညာကို အနောက်တိုင်းကားတွေလို စက်မှုအတတ်ပညာ သက်သက်မဖြစ်စေဘဲ အနုပညာဖြစ်အောင် ဖန်တီးတတ်တယ်။ ကိုရီးယားကားတွေရဲ့ ရိုက်ချက်တွေဟာ ဓာတ်ပုံကြည့်ရတာနဲ့ မတူဘဲ ပန်းချီးကားတစ်ချပ် ကြည့်ရသလို ရင်ထဲမှာ ခံစားရစေတယ်။ နောက်ခံဂီတကလည်း ဇာတ်ဆိုင်းဝိုင်းနဲ့ မတူဘဲ ရုပ်ရှင်နောက်ခံဂီတ ပီသအောင် ဖန်တီးထည့်သွင်းတတ်တယ်။

အတုမယူသင့်တာတွေ
ကိုရီးယားကားတွေထဲမှာ သိပ်သဘောကျတဲ့ အကွက်ကတော့ လမ်းမှာ ရဲက မော်တော်ကားတွေကို ရပ်ပြီး ရှောင်တခင်စစ်ဆေးတဲ့ အခါမှာ ကားရပ်လိုက်တာနဲ့ ရဲက အလေးပြုပြီး စစ်ဆေးမေးမြန်းစရာရှိတာကို မေးမြန်းတဲ့အကွက်ပဲ။ စစ်ဆေးပြီးတော့လည်း ထွက်သွားတဲ့ကားကို သတိဆွဲ အလေးပြုပြီး ကျန်ရစ်တယ်။ ဝါဒဖြန့်စကားလုံး တစ်လုံးမှမပါဘဲနဲ့ ဝါဒဖြန့်သွားပုံလေးက လှလိုက်တာလို့ တွေးလိုက်မိတယ်။ ဒါမျိုးတွေ အတုယူမယ့်အစား ဖင်ပေါ်ရင်ပေါ် အဝတ်ဝတ်တာ၊ မိန်းကလေးက အရက်မူးလို့ ယောက်ျားလေးက ထမ်းပြန်ပို့ရတာ၊ မိန်းမနောက်ပိုးလုပ်တာ၊ အထူးကုဆေးရုံကြီးတွေမှာ အထူးကုဆရာဝန်ကြီးတွေ အချင်းချင်း လူနာကို ဂရုမစိုက်ဘဲ ကို်ယ့်သိက္ခာအတွက် သူတစ်ပါးကို ချောက်ချတာ၊ နောက်ကျော ဓားနဲ့ထိုးတာ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်တာမျိုးတွေကိုပဲ အတုယူနေကြမှာကို စိုးရိမ်မိတယ်။

သားသမီး စွန့်ပစ်တဲ့စရိုက်
နောက်ထပ် အတုမယူသင့်တာတွေလည်း အများကြီးရှိသေးတယ်။

ကိုယ့်ရင်သွေးကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းတာမျိုးတွေလည်း ကိုရီးယားတွေ သိပ်ရိုက်လေ့ရှိတယ်။ အင်မတန် စက်ဆုပ်စရာ လုပ်ရပ်မျိုးဖြစ်တယ်။ ဘာအကြောင်းပြချက်နဲ့မှ ခွင့်မလွှတ်သင့်၊ အားမကျသင့်တဲ့ ကိစ္စဖြစ်တယ်။ နောက်တစ်ခုကတော့ တွေ့သမျှလူကို လွယ်လွယ်နဲ့ အဖေခေါ်တဲ့ စရိုက်ဖြစ်တယ်။ ပူပူနွေးနွေးဖြစ်စ ရည်းစားရဲ့အဖေကိုလည်း တွေ့တွေ့ချင်း အဖေခေါ်ပစ်လိုက်တာပဲ။ နောက်ရည်းစားတစ်ယောက် ပြောင်းသွားလည်း အဲဒီရည်းစားရဲ့ အဖေကို အဖေပဲ။ သူတို့ဓလေ့စရိုက်နဲ့ သူတို့ ရှိပါစေ။ ကျွန်တော်တို့တစ်တွေကတော့ တွေ့တဲ့လူတိုင်းကို အဖေလို့ လွယ်လွယ်မခေါ်စေချင်ဘူး။

ကောင်းတာလက်ဆင့်ကမ်း
ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော် စတဲ့ ဖျော်ဖြေရေးသမားတွေဟာ လူမြင်ကွင်းမှာ အမြဲတမ်း မြင်တွေ့နေရသူတွေ ဖြစ်တယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်လေးတွေက မင်းသား၊ မင်းသမီးနဲ့ အဆိုတော်တွေကို စွဲလမ်းကြတယ်။ အားကျအတုယူတတ်ကြတယ်။ ကလေးတွေကို နမူနာကောင်းတွေ ပြသနိုင်ဖို့အတွက် ဖျော်ဖြေရေးသမားတွေကလည်း နိုင်ငံတကာက ကောင်းတာတွေကိုယူပြီး လက်ဆင့်ကမ်းပေးကြရမှာ ဖြစ်တယ်။ မကောင်းတဲ့ နမူနာတွေ မပြမိအောင်လည်း အထူးဂရုစိုက်ကြဖို့ လိုအပ်ကြောင်း မမေ့ကြစေချင်ဘူး။

[POPULAR NEWS ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၆၊ စက်တင်ဘာ ၁၆၊ ၂၀၁၀၊ စာမျက်နှာ-၁၀]

One comment

  • unclegyi1974

    September 23, 2010 at 11:51 pm

    ဆရာ့စာတွေအမြဲဖတ်ဖြစ်ပါတယ်ဆရာ၊ အခုဒီဆောင်းပါးလေးလဲကောင်ပါတယ်၊ ကျွန်တော့်စိတ်ထဲရှိနေတာနဲ့လဲထပ်တူဖြစ်နေ
    ပါတယ်ဆရာ၊ ပထမဆုံး အောက်လမ်းကသွားပြီးသူများနိုင်ငံမှာ အနှိမ်ခံ နေရတဲ့လူတွေအကြောင်းပြောချင်ပါတယ်
    အင်ဒိုနီးရှားမှာကျွန်တော်သိရသလောက်အောက်ခြေအလုပ်ကစပြီးလုပ်ချင်တဲ့လူတွေကိုအစိုးရကိုယ်တိုင်က တရားဝင်
    ပို့ပေးတယ် တရားဝင်အခွင့်အရေးတွေစောင့်ရှောက်ပေးတယ် ကျွန်တော်တို့နိုင်ငံနဲ့မကွာဘူးလားဆရာ ဘာဖြစ်လို့ပါလဲ

    နောက်မင်းသား မင်းသမီးတွေကိုဆရာကအဆင့်မြင့်ပညာတွေဆက်တက်စေချင်တယ် ဒါရိုက်တာတွေကိုရိုက်ကူးရေး
    ဇာတ်ညွန်းဘာညာ အကုန်လေ့လာစေချင်တယ် အောင်က်ိုလတ်လိုပေါ့

    ဒါပေမဲ့ဆရာ ကျွန်တော်ဖြစ်စေချင်တာက မင်းသားမင်းသမီးတွေအဆင့်မြင့်ပညာတွေဆက်မသင်ချင်နေပါစေဆရာ
    အခုကတံခါးမဖွင့်တဖွင့်မှာတောင် ဆက်သွယ်ရေးတွေကောင်ပြီး မီဒီယာတွေ ဖျော်ဖြေရေးတွေ တထောကြီးဝင်နေတာ
    ပါ ဒီအချိန်မှာမြန်မာ့ယဉ်ကျေးမှုနဲ့ လုံးဝမသင့်တော်တဲ့အပြုအမူတွေ ဝတ်စားဆင်ယဉ်မူတွေလဲအများကြီးပါလာပါတယ်

    ကိုရီးယား video တွေထဲမှာ ခေတ်အလျှောက်ဝတ်စားကြတယ် တချိန်ထဲ ရိုးရာဝတ်စုံတွေကိုလဲဇာတ်ကွက်အရထဲ့ပြီး
    ယဉ်ကျေးမှုက်ိုထိမ်းသိမ်ပြထားတယ် မိသားစုထမင်းဝိုင်းလေးတွေပြပေးထားတယ် မိဘကိုအလေးပေးတာလေးတွေလဲ
    ထည့်ထားတယ် အဲလိုမျိုးလေးတွေဖြစ်စေချင်တာပါဆရာ

    မီဒီရာကအားကြီးပါတယ် အခုမြန်မာဗီဒီယိုတွေမှာမင်းသမီးတွေထမီမဝတ်တာအတော်ကြာပြီလို့ထင်ပါတယ်
    ရိုးရာထိမ်းဖို့ကသူတို့ဘဲလုပ်နိုင်မယ်လို့ထင်ပါတယ်ဆရာ ဆရာ့ထင်မြင်ချက်ကလေးသိချင်ပါတယ်

Leave a Reply