ရုပ်လှစရာမလို အနေလှဖို့သာလို

thura.ng2September 23, 20101min702

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘဝခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

မူရင်း– google search or 女人可以生得不漂亮,但是一定要活得漂亮

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

2 comments

  • search123

    September 24, 2010 at 4:11 am

    မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။
    အဲဒီစကားကို အပြည့်အဝ ထောက်ခံပါတယ်။အခုခေတ်မိန်းကလေးတွေ အားလုံး လိုက်နာမယ်ဆိုရင်တော်တော်ကောင်းမှာပါ။
    တွေ့နေရတာတော့ ရုပ်ကလေးတွေလှပြီး ..ငွေနောက်လိုက်ရင်းကနေ…ဘဝတွေ မလှပကြတာများနေတယ်။ငွေက အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်ပေမဲ့
    ကိုယ်တိုင်ရော စိတ်ချမ်းသာရဲ့လားဆိုတာသေချာတွေးကြပါ။ ကိုယ့်ဘဝကို ကိုယ် တန်ဖိုးထား စဉ်းစားစေချင်ပါတယ်။

  • Gong Zhu

    September 24, 2010 at 8:09 pm

    search123 ပြောတာကို Gong Zhu ထောက်ခံပါတယ် . . . စိတ် လှရင် လူလည်း သူ့အလိုလို လှသွားပါလိမ့်မယ် . . .

Leave a Reply