မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကိုရမယ်

thura.ng2September 23, 20101min742

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကို ရမှာပဲ

တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတစ်လျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အလုပ်ကြိုးစားသူနဲ့နေရင် သင်မပျင်းတတ်တော့ဘူး။
အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။
အသိပညာရှိသူနဲ့နေရင် သင်အသိပညာတိုးမယ်။
မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။

သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ “လူဆိုတာ သွယ်ဝိုက်ပြီးပြောတဲ့စကားတွေကို နားလည်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်။ အကောင်းဘက် သွယ်ဝိုက်တဲ့စကားတွေက လူတွေရဲ့ ခံစားချက်နဲ့ စိတ်အခြေအနေကို အကောင်းဘက် သက်ရောက်စေတယ်။ ကိုယ်ရေကိုယ်သွေးတွေကို လှုံဆော်ပေးတယ်။ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရှေ့သို့တက်လှမ်းစေတယ်၊ ကြိုးပမ်းအားထုတ်စေတယ်”

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ ကုန်ခမ်းလိမ့်မယ်။

အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူတယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။ အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင် မတူဘူး။

စိတ်သဘောထားက အရာရာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လိုစိတ်သဘောထားရှိရင် ဘယ်လို အနာဂတ်ကို ရစေပါတယ်။ အကျင့်စရိုက်က ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လို အကျင့်စရိုက်က ဘယ်လိုဘဝကို ရစေပါတယ်။

တချို့ကပြောတယ်။ လူ့ဘဝမှာ ကံကောင်းခြင်း သုံးကြိမ်ရှိသတဲ့။
ကျောင်းနေချိန်မှာ ဆရာကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ
အလုပ်လုပ်ချိန် ဆရာသမားကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ
အိမ်ထောင်ပြုချိန် အိမ်ထောင်ဖက်ကောင်းနဲ့တွေ့တာလည်း ကံကောင်းခြင်းပဲ။
တစ်ခါတလေ သူတို့ရဲ့ အပြုံးတစ်ပွင့်၊ နွေးထွေးတဲ့စကားတစ်ခွန်းက သင့်ဘဝကို နေရောင်ခြည်နဲ့ လင်းလက်စေနိုင်တယ်။

ဘဝမှာ ကံမကောင်းခြင်းဆိုတာက သင့်ဘေးမှာ အပြုသဘောဆောင်သူ၊ အကောင်းမြင်သူ ကင်းမဲ့လို့ဖြစ်တယ်။ ဝေးဝေးလှမ်းမြင်နိုင်သူ မရှိလို့ဖြစ်တယ်။ ဒါကြောင့် သင့်ဘဝက အမှောင်ထဲမှာ အရောင်ပျောက်နေတာဖြစ်တယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
“သင်ဘယ်သူလဲ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်သူနဲ့ အတူနေနေသလဲ” ဆိုတာဖြစ်တယ်။

ကြက်မ,ဝပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လို ပျံသန်းဦးမလဲ?

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ်ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။
မြက်ခင်းပြင်မှာ သူဘယ်လို့ ဒုန်းစိုင်းပြီး သားကောင်ရှာတော့မလဲ?

အမှန်တော့ သင်ဟာထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုးမြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓာတ်တွေ ညံ့ဖျင်းကုန်တယ်။

စာကောင်းတွေဖတ်တယ်၊ အသိပညာရှိသူဆီ ချည်းကပ်တယ်ဆိုတာ လူ့ဘဝရဲ့ အကောင်းဆုံးကံနှစ်ခုဖြစ်တယ်။ လူ့ဘဝဆန်းကြယ်ပုံကို ဒီအရာနှစ်ခုနဲ့ သင်ယူနိုင်တယ်။ လက်ထဲ ဆောင်ထားနိုင်တယ်။

ဘဝရဲ့လှပခြင်းဆိုတာ တစ်ပါးသူကို နှင်းဆီလက်ဆောင်ပေးတယ်။ ကိုယ့်လက်ထဲမှာလည်း နှင်းဆီရနံ့တွေ ကျန်ခဲ့တယ်။ ဒါဟာ လူ့ဘဝဖြစ်တယ်။

ထက်မြက်သူနဲ့နေချင်ရင် သင်ထက်မြက်ရလိမ့်မယ်။
ထူးကဲသူနဲ့နေချင်ရင် သင်ထူးကဲရလိမ့်မယ်။

သူတစ်ပါးရဲ့ကောင်းကွက်ကို အလွယ်တကူမြင်ပြီး ကိုယ့်အတွက်ခွန်အားအဖြင့်၊ သင်ယူစရာအဖြင့် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထက်မြက်သူဖြစ်ပါတယ်။ လူ့ဘဝရဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ပြုပြီး ကိုယ့်အခွင့်အရေးအဖြင့် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထူးကဲသူဖြစ်ပါတယ်။

သူတစ်ပါးရဲ့ အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုအတိုင်း ပြင်းပြမယ်။
သူတစ်ပါးရဲ့ အကောင်းဆုံးကို သင်ယူပြီး အကောင်းဆုံးကိုယ် လုပ်မယ်။
သူတစ်ပါးရဲ့ အသိပညာကို ဆည်းပူးပြီး အောင်မြင်တဲ့ကိုယ် လုပ်မယ်။

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကို ရပါတယ်။

မူရင်း–http://www.renhe.cn/team/showtopic-74973.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်

2 comments

  • Gong Zhu

    September 23, 2010 at 9:21 pm

    မှန်ပါတယ် . . . တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးပေါ့ . . .

  • kyansitthar101

    September 24, 2010 at 1:54 am

    ကျနော်တို့ တတွေက တစ်ဦးတည်းတစ်ယောက်ထဲမှနေလို့မှ မရတာ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ နေကြရတာဆိုတော့ ကိုယ့်ပေးပတ်ဝန်းကျင်က ကောင်းဖို့လိုတာပေါ့။ အောင်မြင်ဖို့ တိုးတက်ဖို့ ကြိုစားနေချိန်မှာ ကျနော်တို့ အမြင် ရှိဖို့ လိုပါတယ်။ ကိုယ့်ထက် ပိုတော်တဲ့ သူ၊ ကိုယ့်ထက်ပို တက်တဲ့သူ၊ ကိုယ့်ထက်ပိုအောင်မြင်တဲ့သူ တွေကို လေ့လာရပါတယ်။ အတုခိုးရတာပေါ့။

    ထက်မြက်သူနဲ့နေချင်ရင် သင်ထက်မြက်ရလိမ့်မယ်။
    ထူးကဲသူနဲ့နေချင်ရင် သင်ထူးကဲရလိမ့်မယ်။ ဒီစာသားလေး က အရမ်းမှန်တယ်။…..

Leave a Reply