အောင်နိုင်သူ

thura.ng2September 24, 20101min560

ဒုတိယကမာ္ဘစစ်ပြီးစ အီတလီမှာ စီးပွါးရေးကပ်ဆိုက်ခဲ့တယ်။ ဂျော့ချ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် က အလုပ်ထွက်ရှာပြီး အိမ်ရဲ့စားဝတ်နေရေးကို ကူညီဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းစွာနဲ့ ကုန်စုံဆိုင်တစ်ဆိုင်က ဝန်ထမ်းအလိုရှိကြောင်းတွေ့တာနဲ့ ဂျော့ချ်အလုပ်သွားလျှောက်ခဲ့တယ်။ ဒါပေမယ့် သူ့လိုပဲ အလုပ်လျှောက်တဲ့လူ (၈)ဦးရှိနေခဲ့တယ်။

ကုန်စုံဆိုင်သူဌေးက အလုပ်လျှောက်သူတွေကို ကြည့်ပြီး “မင်းတို့က လိမ္မာထက်မြက်သူတွေပါ။ ဒါပေမယ့် ဆိုင်မှာ ဝန်ထမ်းတစ်ဦးပဲ အလိုရှိခဲ့တယ်။ ဒီလိုလုပ်ရအောင် မင်းတို့ကို ပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ်။ နိုင်တဲ့သူ ဒီအလုပ်ကိုရမယ်” လို့ပြောပြီး လွယ်ကူတဲ့ကစားနည်းတစ်ခု လုပ်ပေးခဲ့တယ်။

ကစားနည်းက ဆိုင်အပြင်ဘက် တိုင်တစ်တိုင်မှာ အမှတ်တစ်ခုလုပ်ပြီး အဲဒီအမှတ်ကို ပေးထားတဲ့ဂေါ်လီ (၁ဝ)လုံးနဲ့ တစ်လှည့်စီ ပစ်ခိုင်းတာဖြစ်တယ်။ “ဒီမျဉ်းပေါ်ရပ်ပြီး တိုင်ပေါ်ကအမှတ်ကို အချက်ရေများများ ထိအောင်ပစ်နိုင်တဲ့သူ အလုပ်ရမယ်” လို့ သူဌေးကဆိုတယ်။

အဲဒီလိုနဲ့ တစ်နေတာကုန်သွားတယ် တစ်ယောက်မှ ထိအောင်မပစ်နိုင်ခဲ့ကြဘူး။ ဒါနဲ့ သူဌေးက သူတို့ကို နောက်တစ်ရက်မှ ထပ်လာပြီး ပြိုင်ဖို့ပြောခဲ့တယ်။ နောက်တစ်ရက်မှာ ဂျော့ချ်အပါအဝင် ကောင်လေး(၄)ယောက်ပဲ လာခဲ့တယ်။ ဒါကိုသူဌေးတွေ့တော့ “အင်း.. မင်းတို့မဆိုးဘူး။ ပြိုက်ဖက်ငါးယောက်ကို မပြိုင်ဘဲ နိုင်လိုက်ပြီ” လို့ပြောတယ်။

(၄)ယောက်သား ဂေါ်လီနဲ့တိုင်အမှတ်ကို ပစ်ကြပြန်တယ်။ ရှေ့ကသုံးယောက်လုံး ထိအောင်မပစ်နိုင်ခဲ့ကြဘူး။ ဂျော့ချ်အလှည့်ရောက်တော့ ဂျော့ချ်ဟာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အမှတ်ကို သေချာကြည့်ပြီး ပစ်ခဲ့တယ်။ ဂေါ်လီ(၁ဝ)လုံးမှာ (၆)လုံးက အမှတ်ကိုထိအောင် ပစ်နိုင်ခဲ့လို့ အလုပ်ရသွားခဲ့တယ်။

ပြိုင်ပွဲဝင်သူတွေက ဂျော့ချ်ကို “မင်း သိပ်ကံကောင်းတယ်” လို့ဆိုတယ်။ ဒါကို ဂျော့ချ်ကအပြုံးနဲ့ “မနေ့ညတစ်ညလုံး ကျွန်တော်မအိပ်ဘဲ ဂေါ်လီပစ်ကျင့်နေခဲ့တယ်။ ဒါက ကျွန်တော် ကြိုတင်ပြင်ဆင်တဲ့ အကျိုးပဲဖြစ်မယ် ထင်ပါတယ်” လို့ ပြောလိုက်တယ်။

အောင်မြင်ခြင်းက ရုတ်တရက်ဖြစ်လာတာ မဟုတ်သလို ကံကြောင့်လည်း မဟုတ်ပါဘူး။ အခွင့်ကောင်း ရောက်မလာခင် ကြိုတင်ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။