ဖြစ်နိုင်? မဖြစ်နိုင်?

thura.ng2September 24, 20101min580

ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး
မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က
တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက
ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့
ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့
ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။

ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ
မလှုပ်မယှက် ချည်နှောင်ခံထားရဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ
အသာလေးရုန်းရုံနဲ့ သံကြိုးပြတ်နိုင်တဲ့ ခွန်အားတွေရှိခဲ့ပေမယ့်
ငယ်စဉ်တည်းက “သံကြိုး လုံးဝမပြတ်နိုင်ဘူး” ဆိုတဲ့ အချည်နှောင်ခံရတဲ့ အသိက
ဦးနှောက်ထဲ သံမှိုစွဲနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အင်အားရှိခဲ့သည့်တိုင်
ကြိုးကလွတ်ရုန်းဖို့ မကြိုးစားခဲ့ကြတော့ဘူး။

သတ္တဝါတွေမှ မဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊
အမြင်” တွေ့ကြောင့် “ငါ့မှာ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူး” ဆိုတာနဲ့
အချိန်တွေ၊ အခွင့်အရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးစေခဲ့တယ်။

ပဒူကောင် (Hornet)တွေဟာ မပျံသန်းနိုင်ဘူးလို့ သိပံ္ပပညာရှင်တွေက
လေ့လာဆန်းစစ် အဖြေထုတ်ခဲ့ကြတယ်။ ပဒူတွေရဲ့ကိုယ်ထည်ဟာ ကြီးမားပြီး
အတောင်ပံက ပါးလွှာသေးငယ်လို့ဖြစ်တယ်။ စွမ်းအားနဲ့ပတ်သက်တဲ့ ပညာအရ
(dynamics) ပဒူတွေဟာပျံသန်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။
ဒီလိုလေ့လာဆန်းစစ်ချက်ကို ပဒူတွေက မသိခဲ့ဘူး။ ဒါကြောင့်
သူတို့ပျံသန်းနိုင်ခဲ့ကြတယ်။

Ford ကားကုမ္ပဏီပိုင်ရှင် Fordဟာ အသက်(၄ဝ)ရောက်မှ
အောင်မြင်မှုရခဲ့သူဖြစ်တယ်။ သူဟာ အတန်းပညာကို ဟုတ်တိပတ်တိ
သင်ခဲ့ဖူးသူမဟုတ်ဘူး။ စီးပွါးရေးအောင်မြင်ပြီးနောက် Ford ဟာ 8-cylinder
engine ကိုလုပ်ဖို့ ကြိုးစားခဲ့တယ်။ ပညာရှင် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး
8-cylinder အင်ဂျင်တစ်ခုလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ထက်မြက်ပြီး၊
အဆင့်မြင့်ပညာတွေ၊ ကိန်းဂဏန်း သင်္ချာ၊ ရှုပဗေဒ၊ သီအိုရီ စတာတွေ
သင်ယူခဲ့ဖူးတဲ့ အင်ဂျင်နီယာတွေက ဘယ်အရာကိုဖြစ်နိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ်။ သူတို့ဟာ Ford ကို ခွင့်လွတ်နားလည်ဟန်နဲ့
“သနားစရာ ဒီအဘိုးကြီးကို ရှင်းပြရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့
သူဌေးပဲ” ဆိုပြီး အင်ဂျင်နီယာ ပညာရှင်တွေက Ford ကို စိတ်ရှည်သည်းခံစွာနဲ့
8-cylinder အင်ဂျင်ဟာ စီးပွါးရေးအရ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း
ရှင်းပြခဲ့လည်း Fordက လက်မခံခဲ့ဘူး။ သူသိတာက 8-cylinder
အင်ဂျင်ရဖို့ဆိုတာပဲဖြစ်တယ်။

အင်ဂျင်နီယာတွေက စိတ်မပါတပါနဲ့ လုပ်ငန်းစကြပြီး ရက်အတော်အသင့်မှာ Ford
ကို မဖြစ်နိုင်တဲ့အကြောင်း တင်ပြပြန်တယ်။

“လုပ်လေလေ ဒီ 8-cylinder အင်ဂျင်က မဖြစ်နိုင်လေလေဆိုတာကို
ကျွန်တော်တို့သိလိုက်ရတယ်”

Ford က ဒီလိုတော်ရုံအပြောနဲ့ လက်လျော့တတ်သူ မဟုတ်ခဲ့ဘူး။

“အင်ဂျင်နီယာများခင်ဗျား .. ဒီ 8-cylinder အင်ဂျင်ကို မဖြစ်မနေ
အမြန်ဆုံးပြုလုပ်ပေးပါ”

အင်ဂျင်နီယာတွေ လုပ်ငန်းစကြပြန်တယ်။ ပထမတစ်ခေါက်ထက်
သူတို့ပိုကြိုးစားလာကြတယ်။ အချိန်တွေကုန်ခဲ့သလို
ရင်းနှီးမှုတွေလည်းများလာခဲ့တယ်။ ဒါပေမယ့် Ford ကို အရင်တစ်ခေါက်လိုပဲ
မဖြစ်နိုင်ဘူးလို့ သူတို့တင်ပြပြန်တယ်။ ဒါပေမယ့် အောက်ခြေသိမ်းအလုပ်က
စခဲ့ပြီး၊ အဆင့်မြင့် အတန်းပညာတွေ မတင်ခဲ့ဖူးတဲ့ Fordရဲ့ ဦးနှောက်ထဲမှာ
မဖြစ်နိုင်ဆိုတဲ့စကားက ရှိမနေခဲ့ဘူး။ အင်ဂျင်နီယာတွေကို
သူခိုင်းစေခဲ့ပြန်တယ်။

“အင်ဂျင်နီယာများခင်ဗျား.. ဒီ 8-cylinder အင်ဂျင်က ကျွန်တော့်ဆီမှာ
ရှိကိုရှိမှဖြစ်မယ်။ ဒါကြောင့် ကျွန်တော့်အတွက် လုပ်ပေးကြပါ”

ဒီလိုနဲ့နောက်ဆုံးမှာ 8-cylinder အင်ဂျင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
ဘယ်လိုအရာမျိုးက မဖြစ်နိုင်ဘူးဆိုတာကို မသိတဲ့လူတစ်ယောက်ကြောင့်
လုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
နေ့စဉ်မြင်တွေ့နိုင်တယ်။ မဖြစ်နိုင်ဘူးလို့ ထင်တဲ့လူတစ်ယောက်က
အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ဖြစ်နိုင်တယ်လို့ ထင်တဲ့လူတစ်ယောက်က
အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။

Wright ညီအစ်ကိုနှစ်ဦး စက်ဘီးအရောင်းအဝယ် ပြုလုပ်ရင်း
မိုးပေါ်မှာပျံသန်းနိုင်မယ့် လေယာဉ်ပျံကို ထီထွင်ခဲ့တုန်းက
“မဖြစ်နိုင်ဘူး” လို့ လူတွေဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ
သူတို့ရဲ့ကြိုးစားမှုကြောင့် အမြင့်မှာပျံသန်းနိုင်ပြီး
ပို့ဆောင်သယ်ယူရမှာ အမြန်ဆုံးဖြစ်တဲ့ လေယာဉ်ပျံကို
အောင်မြင်စွာထီထွင်နိုင်ခဲ့တယ်။ “မဖြစ်နိုင်” ဆိုတာကို Wrightတို့
ညီအစ်ကိုနှစ်ဦးက “ဖြစ်အောင်” လုပ်နိုင်ခဲ့တယ်။

တကယ်တော့ တစ်ချို့ကိစ္စတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့်
ကိုယ့်ရဲ့ပုံသေအတွေး၊ တစ်သတ်မှတ်အမြင်တွေကို ဖယ်ရှားပြီး
ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ရင် “မဖြစ်နိုင်” က “ဖြစ်နိုင်” သွားပါတယ်။

၁၉၂၁ ခုနှစ် ဇွန်လ ၂ရက်နေ့မှာ (နယူးယောက် တိုင်း(မ်)) ၂၅ နှစ်ပြည့်
အထိမ်းအမှတ်လုပ်ခဲ့ပြီး ကြေညာစာတစ်စောင် ထုတ်ဝေခဲ့တယ်။ ကြေညာစာစောင်မှာ
ယနေ့သတင်းဖတ်နှုန်းသည် ယခင် ၂၅နှစ်ထက် ၂၅ဆ ပိုခဲ့သည်ဆိုတဲ့
သတင်းတစ်ခုပါခဲ့တယ်။

စာဖတ်သူအများရဲ့အမြင်မှာ ဒါဟာ သာမန်သတင်းတစ်ခုလို့ မှတ်ယူခဲ့ကြတယ်။
သာမန်လွန်းလို့ တစ်ချို့က ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြတယ်။
ဒါပေမယ့် တွေးတောတတ်ပြီး သာမန်အမြင်နဲ့ မမြင်တဲ့လူတစ်ချို့ရဲ့ အကြည့်မှာ
ဒါဟာ အရမ်းအဖိုးတန်တဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်မှာရှိတဲ့ လူ
(၁၆)ဦးက ဒီသတင်းကြောင့် ဂျာနယ်တစ်စောင်ထုတ်ဝေနိုင်ဖို့
အမြန်လှုပ်ရှားခဲ့ကြတယ်။ (၃)လ အတောအတွင်းမှာ ရင်းနှီးမတည်ငွေ
ဒေါ်လာ(၅ဝဝ)ကို ဘဏ်မှာ သူ့ထက်ငါ အလုအယုက် သွားရောက်သွင်းခဲ့ကြပြီး
လုပ်ငန်းလိုင်စင်တွေ လျှောက်ခဲ့ကြတယ်။

အဲဒီနောက် သက်ဆိုင်ရာ စာရွက်စာတမ်းပြုလုပ်ဖို့အတွက် စာတိုက်ကို
သွားရောက်ခဲ့ကြတယ်။ စာတိုက်တာဝန်ခံတွေက ရွေးကောက်ပွဲတွေ
မကြာခင်ပြုလုပ်မှာဖြစ်တဲ့အတွက် ဒီလိုစာစောင်ရဲ့ လျှောက်လွှာနဲ့
ထုတ်ဝေမှုတွေကို လောလောဆယ် လုပ်မပေးနိုင်သေးကြောင်း၊ လုပ်ပေးနိုင်မယ့်
အချိန်အခါကိုလည်း တိတိကျကျ မသိသေးကြောင်းပြောခဲ့တယ်။

အဲဒီသတင်းကြောင့် လူ (၁၅)ဦးက အချိန်အခါနဲ့ ဂျာနယ်ထုတ်ဝေဖို့
မသင့်လျှော်ဘူးဆိုပြီး လုပ်ငန်းလိုင်စင်လျှောက်ဖို့ ရက်ကို
နောက်ရွေ့လိုက်ကြတယ်။ ဒါပေမယ့် DeWitt Wallace လို့ခေါ်သူတစ်ဦးက
ဒီသတင်းကို ဂရုမစိုက်ခဲ့ဘူး။ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားကိုလည်း
စိတ်ထဲမှာ မထည့်ခဲ့ဘူး။ စာတိုက်တာဝန်ခံရဲ့ “မဖြစ်နိုင်” ဆိုတဲ့စကားက
သူ့ပြိုင်ဖက် (၁၅)ဦးကို အလဲထိုးလိုက်တယ်လို့ပဲ မှတ်ယူခဲ့တယ်။

Wallaceက သူငှားနေတဲ့ နယူးယောက်က Greenwich Village နေအိမ်ကို
ပြန်ရောက်ပြီးနောက် စာအစောင် (၂ဝဝဝ) နဲ့အတူ Card ordersကို
သူ့ရဲ့ဇနီးမယားဖြစ်လာမယ့် ချစ်သူရဲ့ အကူအညီနဲ့ အနယ်နယ် အရပ်ရပ်ကို
ပို့ခဲ့တယ်။ ဒီလိုနဲ့ “Reader’s Digest” ဆိုတဲ့စာစောင်တစ်ခု အရှိန်အဟုန်
ပြင်းပြင်းနဲ့မွေးဖွားခဲ့တယ်။ ၂ဝ ရာစုနှောင်းပိုင်းမှာ “Reader’s Digest”
က ဘာသာ (၁၉)မျိုး၊ ဗားရှင်း (၄၈)မျိုးနဲ့ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။
နိုင်ငံပေါင်း (၁၂၇) ကို ဖြန့်ချီခဲ့ပြီး ဝယ်ယူသူပေါင်း
သန်းတစ်ရာ့တစ်ဆယ်ကျော် ရှိခဲ့တဲ့အပြင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း
(၅ဝ)ကျော်ရှိခဲ့တယ်။ အမေရိကန်စာစောင်တွေမှာ နံပါတ် (၁) နေရာအဖြစ်
ဆယ်စုနှစ်ကျော် နေရာယူထားတဲ့ စာစောင်ဖြစ်ခဲ့တယ်။ “Reader’s Digest” ရဲ့
အောင်မြင်မှုက လူတွေ “မဖြစ်နိုင်ဘူး” လို့ ထင်တဲ့အရာကို “ဖြစ်အောင်”
Wallace လုပ်ခဲ့ကြောင်း သက်သေပြနေခဲ့တယ်။

ပုံသေအတွေး၊ တစ်သတ်မှတ်တည်းသော အမြင်ကိုပြောင်းလဲပြီး
ချုံ့ချဲ့ကွေးဆန့်လို့ရတဲ့အတွေး
နဲ့ တွေးတောမယ်၊ ဇွဲလုံလမလျှော့
ကြိုးစားမယ်၊ စူးစမ်းမယ်ဆိုရင် “မဖြစ်နိုင်” တဲ့ကိစ္စက နောက်ဆုံးမှာ
“ဖြစ်နိုင်”ခဲ့ပါတယ်။

မူရင်း… 丁滿(D Man) ပြုစုတဲ့ The Secret of Success Inspiring ဆိုတဲ့
စာအုပ်ထဲကဖြစ်ပါတယ်။