ရန်ကုန်ဆိုတဲ့ရန်ကုန်

CharTooLanSeptember 24, 20101min571

ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ မိုးရေတို့ကြောင့် ပိုမိုမဲမှောင်နေလောက်ရော့မယ် ။ ရန်ကုန်ဟာ ဒဏ်ရာတွေ ပွထနေပေမယ့် လှသွေးကြွယ်နေဆဲ စစ်ဘုရင် ရွှေနန်းကြော့ရှင် တစ်ပါးလိုပဲ .. အနောက်တောင်မုတ်သုံလေရဲ့ မိုးရေစက်တွေရဲ့အောက် လှချင်တိုင်းလှနေတော့မှာတော့ သေခြာတယ်။။။

အနီရောင်တွေနဲ့ ရန်ကုန်ရဲ့အလှကို ဆင်မြန်းနေကြတဲ့ စိန်ပန်းတွေက ကြွေကျလာတဲ့ ပွင့်ဖက်တချို့က ဝန်ကြီးများရုံးရဲ့ အနောက်ဘက် ဗိုလ်အောင်ကျော်လမ်းမ တလျှောက် အဆုတ်လိုက် ကျဲဖြန့်ထားသလိုဖြစ်နေပေလိမ့်မယ်။။။

ပင်လယ်ဝကနေ တိုးဝှေ့လာတယ်လို့ ထင်ရတဲ့ လေနုအေးလေးတွေကြောင့် ခံစားမှုတွေကို ပိုပြီး အေးဆက်သွားစေလိမ့်မယ်။ အီမိုဖက်ရှင်နဲ့ လူငယ်တစု … နောက်တကြိမ် မိုးမမိအောင်လို့ .. ဗိုလ်အောင်ကျော် တာဝါဆီကို ပြေးလွှားဝင်ရောက်သွား ကြလိမ့်မယ်။
ကားဟွန်းသံတွေ မကြားရပေမယ့် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ ကားအချို့ရဲ့ စက်သံတွေကတော့ ရန်ကုန်ရဲ့ သရုပ်ကို ဖော်ဆောင်နေတုန်းပဲ။။ ယာဉ်နောက်လိုက်အချို့ ခရီးသည်တွေကို ဟိန်းဟောက် မံမဲနေတဲ့ ဓလေ့ကလည်း ရန်ကုန်ရဲ့ သွင်ပြင်လက္ခဏာကို ပေါ်လွင်နေစေတယ်။

ဟော့ဒီလို အနောက်တောင်မုတ်သုံရဲ့ မိုးရေဆက်တွေအောက် မွေးကင်းစကလေးငယ်ကို ပွေ့ချီထားတဲ့ သားသယ်မိခင်တစ်ယောက် မီးပွိုင့်ယာဉ်တွေအရပ်မှာ ကလေးငယ်ရဲ့ ညစာအတွက် ဝဲကျနေတဲ့ မျက်ရည်တွေကြားက တောင်းရမ်းနေရတဲ့ ရန်ကုန်ရဲ့ ဒုက္ခကို မြင်တွေ့ကြရမှာပါ။ ရန်ကုန်ဟာ ရန်တွေ ကုန်ပေမယ့် . . ဒုက္ခတွေကတော့ မကုန်သေးတာ သေခြာတယ်။

ရန်ကုန်ရဲ့ ပစ္စုပ္ပန်တစ်နေ့တာ တဝမ်းတခါးကို လမ်းဘေးတလျှောက် မြင်တွေ့ရမယ့် မြင်ကွင်းတွေက ဖော်ပြနေကြလိမ်မယ်။ ဝက်သားဒုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အကြော်စုံ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွန်ဒုံးနဲ့ သန္ဓေတားဆေး ဘာကိုလိုလို လွယ်လွယ်လေးရနိုင်မယ့် နေရာပဲ။ ဒါဟာ ရန်ကုန်ရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ လမ်းဘေးယဉ်ကျေးမှုတစ်ခုလည်း ဖြစ်ပေတယ်။

နောက် .. ရန်ကုန်မှာ .. နှုတ်ပိတ်ခံထားရတဲ့ ခံစားချက်အချို့က ထွက်ကျလာတဲ့ ငတ်မွတ်နေတဲ့ ပြောရေးဆိုခွင့်တွေ ဗလောင်ဆူနေလိမ့်မယ်…
ရန်ကုန်မှာ .. အခွင့်အရေးတွေ လျှံပယ်နေတဲ့ ငမိုက်သားတို့ရဲ့ .. လူသတ်စင်တွေလည်း ပြည့်နှက်နေပေလိမ့်မယ် …

ရန်ကုန်မှာ .. မီးရောင်စုံတွေအောက်က စာဝတ်နေရေးအတွက် ဖောက်သည်ရှာနေရတဲ့ ပြည့်တန်ဆာတွေနဲ့ ပြည့်နက်နေလိမ့်မယ်…

အဲ့ဒီလို အဲ့ဒီလို .. ဟောင်းနွမ်းညစ်ပတ်နေတဲ့ ရန်ကုန်ရဲ့ ဝတ်စုံတွေကို အသစ်လဲလှယ်ပေးမယ့် မိခင်ရဲ့ လက်တွေလည်း ရိုက်နှက်ချိုးဖဲ့ ခံထားရသလိုပဲ။။

နောက်ဆုံးတော့ ရန်ကုန်ဟာ ပထွေးလက်ထဲက ပြည့်တန်ဆာတန်းကို ရောက်ရတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ လှပကြော့ရှင်းမှုမျိုးနဲ့ အခွင့်အရေး တကာ့အခွင့်အရေးတွေနဲ့ ပတ်သက်ရင် .. မရှိမဖြစ် မသိအဖြစ် အကြောင်းအရာတစ်ခုဖြစ်လာခဲ့ရတယ်။။
>>>>>>>>>>>>>>>>>>>>>>
ဆရာအံ့ဘုန်းမြတ်ရဲ ့siteထဲက ကျနော်အကြိုက်ဆုံး
ရန်ကုန်ရဲ့အကြောင်းကိုတဆင့်ဖော်ပြလိုက်ပါတယ်…
Source:http://apmyat.com

One comment

  • thethtet87

    September 25, 2010 at 8:39 am

    ဖတ်လို့ကောင်းပါတယ်။အကြောင်းအရာလည်းကောင်းပါတယ်။စကားလုံးတွေကတော့အသုံးအနှုန်းနုနေတော့အကြောင်းအရာနဲ့မလိုက်သလိုဘဲနော်။သိပံ္ပ
    မောင်ဝကမြန်မာစာကိုရိုးရိုးရှင်းရှင်းနဲ့ခေတ်စမ်းစာပေကိုရေးပြီးအကြောင်းအရာကိုစာဖတ်ပရိတ်သတ်ကိုရှင်းရှင်းလင်းလင်းတင်ပြခဲ့တော့ကိုလိုနီခေတ်လူနေ
    မှုဘဝကိုပိုပြီးသရုပ်ပေါ်ခဲ့တယ်လေ။အခုရေးထားတာလည်းဖတ်လို့တကယ်
    ကောင်းပါတယ်

Leave a Reply