ချင်းသမ္မတ ဖြစ်ချင်လို့ ကြံ့ဖွံ့က ဝင်ပြိုင်မယ့်ဒေါက်တာ

ပူတူးတူးေလးSeptember 24, 20101min811
ဆလိုင်းထွန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁ဝ ခုနှစ် ၂၃ နာရီ ဝ၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။  ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လျှင် ချင်းအမျိုးသားများ သမ္မတဖြစ်လာရန် အခွင့်သာ၍ ယင်းပါတီအမတ်လောင်းအဖြစ် အရွေးခံရကြောင်း ဒေါက်တာမှုထန်က ပြောသည်။အမတ်လောင်း ဦးရေ ၁,၁၀ဝ ကျော်ဖြင့် တနိုင်ငံလုံးပြိုင်မည့် ပါတီမှာ ကြံ့ဖွံ့ပါတီဖြစ်သောကြောင့် ချင်းအမျိုးသားအရေး ပိုလုပ်နိုင်မည့်အပြင် သမ္မတအထိ တက်လှမ်းနိုင်သဖြင့် ချင်းပြည်နယ်လွှတ်တော်အတွက် ထန်တလန်မှ  ကြံ့ဖွံ့ ကိုယ်စားပြု ဝင်ပြိုင်မည် ဆိုသည်။ဒေါက်တာမှုထန်သည် ၁၉၇၃ တွင် မန္တလေး ဆေးတက္ကသိုလ်မှ  ဘွဲ့ရကာ ၁၉၇၆-၈၆ တွင် ထန်တလန်ဆေးရုံတွင် အမှုထမ်းခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် ထန်တလန်မှပင် ရွေးကောက်ပွဲဝင်ရာ အနိုင်ရခဲ့သည်။ စစ်အစိုးရကျင်းပသည့် အမျိုးသားညီလာခံတွင် ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်

များ တင်သွင်းခဲ့သေးသည်။“ချင်းတွေအတွက် အိပ်မက်မက်ချင်လို့။ ချင်းအမျိုးသားတယောက် ပါတီကြီးမှာ နိုင်ရင် တချိန်ချိန်မှာ ပြည်ထောင်စု အစိုးရထဲ ပါနိုင်မယ်။ သမ္မတတောင်မှ ချင်းလူမျိုးတွေ တက်ဖြစ်လောက်တယ်ဆိုတဲ့ ဆန္ဒရှိတယ်။  ဒါကြောင့် နောင်လာနောက်သားတွေအတွက် အကောင်းဆုံးပါတီ ထင်လို့ ဝင်ရတာပါ” ဟု ဒေါက်တာမှုထန်က မဇ္ဈိမကို ပြောသည်။

ချင်းတိုးတက်ရေးပါတီ CPP (၃၉ နေရာ) ၊ ချင်းအမျိုးသားပါတီ CNP (အရေအတွက် မသိရသေး) စသော ချင်း  ပါတီ ၃ ခုအပြင်   နေရာ ၉၈ဝ ပြိုင်မည့်  တစညတို့လည်း ချင်းပြည်နယ်တွင် ဝင်ပြိုင်ကြမည်။CPP နှင့် CNP ပါတီ ခေါင်းဆောင်များကမူ ကြံ့ဖွံ့တွင် ပါဝင်ခြင်းထက် ချင်းပါတီ သီးသန့်ထောင်၍ ပြိုင်မှသာ သမ္မတဖြစ်နိုင်သည် ဟုဆိုသည်။“ညွန့်ပေါင်းအစိုးရမှာ ကျနော်တို့လည်း သမ္မလောင်းဝင်မယ်၊ ကြိုက်လို့ မဲပေးရင် ပိုဖြစ်နိုင်တယ်။ ကြံ့ဖွံ့မှာဆိုရင် အများစုက ဗမာတွေဖြစ်တော့ ချင်းလူမျိုး ဘယ်တော့မှ သမ္မတလောင်း ဖြစ်မှာမဟုတ်ဘူး။ ကြံ့ဖွံ့ထက်တော့ ကျနော်တို့က ချင်းသမ္မတဖြစ်ဖို့ အခွင့်အရေး ပိုရှိတယ်” ဟု CPP အထွေထွေအတွင်းရေးမှူး ဦးဇုမ်လှဲထန်း (Zung Hlei Thang) က မဇ္ဈိမကို ပြောသည်။သူကဆက်ပြီး “စစ်တပ်နဲ့ ကြံ့ဖွံ့ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ ထက်ဝက်ကျော်ရရင်တော့ သူပြောတာ မှန်နိုင်တယ်။ ဒါပေမဲ့ ကြံ့ဖွံ့က မဲရမယ် မထင်ဘူး။ ကျနော်တို့လို တခြားပါတီတွေ  မဟာမိတ်လုပ်ပြီး နိုင်ရင်တော့ သမ္မတလည်း ကျနော်တို့ပဲ ဖြစ်မယ်။ အလိုအလျောက် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်မယ်ဆိုတော့ ကိုယ်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက် ပိုလုပ်နိုင်မယ်” ဟု ပြောသည်။CNP ပါတီ ဒုဥက္ကဋ္ဌ ဦးချမ်ဟရဲ (Chen Hre) ကမူ “ကျနော်တို့ကတော့ တကယ့်ဒီမိုကရေစီစနစ်ပဲ လိုချင်တယ်။ အခွင့်အရေးသမား ဖြစ်ရင်တော့  အခွင့်အရေးရနိုင်တဲ့ အဖွဲ့မှာပဲ နေမှာပဲ။ CNP ပါတီအနေနဲ့ သမ္မတမရနိုင်ရင်လည်း ဒီမိုကရေစီအရေးတွက် ရပ်တည်တယ်။ ချင်းတိုင်းရင်းသားအနေနဲ့ သမ္မတလုပ်နိုင်ရင်တော့ သိပ်ကောင်းပါတယ်” ဟု ပြောသည်။

source – နယူးဒေလီ (မဇ္ဈိမ)

One comment

  • ပူတူးတူးလေး

    September 24, 2010 at 3:28 pm

    ဒါမျိုးတွေဖြစ်လာမယ်ဆိုတာအစောကြီးကတည်းကထင်ထားတယ်။ ထင်ထားတဲ့အတိုင်းဘဲ။ ခုကြည့် သမ္မတ နေရာကို လိုချင်တာနဲ့ ကြံဖွံ့နဲ့ပေါင်းပြီ။ ကြံဖွံ့ အင်အားကြီးမှုဟာ ဒေါက်တာမှုထန်တို့လို လူစားမျိုးတွေ အတွက် သရေယိုစရာဖြစ်လာစေတယ်။ ဒီယုန်ကို မြင်လို့ ဒီချုံကိုထွင်ထားတာကို ဒေါက်တာမှုထန် က ကြံ့ဖွံ့ အတွက်ယုန်တစ်ကောင်ဖြစ်သွားစေတယ်။ ဒါမျိုးတွေဟာနောက်ပိုင်းမှာ ပိုလို့တောင်ဖြစ်လာမယ်လို့မြင်ယောင်မိတယ်ရှင်။ ကျွန်မပြောခဲ့သလို သူတို့လက်အောက်ထဲကို တဖြည်းဖြည်းကျရောက်လာပြီ။

    မှတ်ချက် – ဗမာ့ကြောက်သွေး POST မှပြောကြားချက်။

Leave a Reply