“မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်း ငါး)

လွမ်းတယ်ဆိုတဲ့အကြောင်းပြောရရင်
မန်းလေးတောင်အတက်လမ်းက စကားဖြူပန်းနံ့လေးတွေကိုလည်းလွမ်းပါတယ်။
ကုသိုလ်တော်ဘုရားထဲက ခရေပန်းတွေကိုလည်းလွမ်းပါတယ်။
အောင်ပင်လယ်ကန်ဘောင်ရိုးကနေမြင်ရတဲ့ မူံပြပြရှမ်းရိုးမကိုလည်းလွမ်းပါတယ်။
ရန်ကင်းတောင်သွားတဲ့လမ်းက ကြာပင်အိုင်ကြီး ကိုလည်းလွမ်းပါတယ်။
လူငယ်လူကြီးအလယ်ရောက်ဘူးတဲ့ “မန်းသီတာဥယျာဉ်”ကိုလည်းလွမ်းပါတယ်။
တက္ကသိုလ်ထဲက တမာနံ့သင်းသင်းလေးကိုလည်းလွမ်းပါတယ်။
ချစ်သူနဲ့အတူထိုင်စကားပြောဘူးတဲ့ ရေနီမြောင်းထဲက ရေနီကျင်ကျင်တွေကိုလည်းလွမ်းပါတယ်။
ပေတရာလမ်းမပေါ်မှာ တခွပ်ခွပ်နဲ့ အသံပေးတဲ့မြင်းလှည်းလေးရယ် လှည်းဘီးကို ကြိမ်တုတ်နဲ့ထောက်လိုက်လို့ထွက်လာတဲ့ တတောက်တောက်အသံလေးကိုလည်းလွမ်းပါတယ်။
ကျုံးနံဘေးက အေးမြတဲ့အရိပ်တွေကိုပေးတဲ့ ကုက္ကိုပင် ကြီးတွေကိုလည်းလွမ်းပါတယ်။
လွမ်းမယ်ဆိုရင်တော့ လွမ်းစရာတွေချည်းပါဘဲ။
****************** ***************************** *************************************
ကျောက်တော်ကြီးဘုရား ကတော့ မန်းလေးမှာရှိတဲ့ကြည်ညိုဘွယ်ရာ ဘုရားများထဲမှာ ထုထည်အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်ပါတယ်။
ရွှေကျင်ကျောက်စခန်းကနေထွက်ပေါ်လာတဲ့ ထုထည်ကြီးမားလှသောသောစကျင်ကျောက်တုံးကြီးတစ်တုံးကနေ ပြီး ကိုးကွယ်စရာ ဘုရားတစ်ဆူဖြစ်အောင်ထုလုပ်ထားတာပါ။
အင်မတန်မှ သပ္ပါယ်လှသော မျက်နှာတော်ရှိပြီးအချိုးအစားကျနလှသော ကျောက်ဆင်းတုတော်ကြီးဖြစ်ပါတယ်။
မြန်မာလူမျိုးတို့ အင်္ဂျင်နီယာအတတ်ပညာ ကျောက်ဆစ်အတတ်ပညာမှာ မညံ့ဘူးလို့ မြန်မာ့ဂုဏ်ရည်ကို ပြထားတဲ့ ပြယုဂ်တစ်ခုလို့လဲဆိုနိုင်ပါတယ်။
ကျောက်တော်ကြီးဘုရားအရှေ့ဘက်စောင်းတန်းဘက်က ဝင်လာရင် စောင်းတန်းအဆုံး မှာ ရှေးရှေးတုံးကတည်းက ကြိုတင်နိမိတ်ဖတ်ထားတာ ယနေ့အထိခေတ်မီနေသေးတဲ့
ပန်းချီကားချပ်များဖြင့် သရုပ်ဖော်ရေးဆွဲထားတဲ့ “ကောသလမင်းကြီးရဲ့အိမ်မက်( 16)ချက် “ကိုတွေ့ရမှာဖြစ်ပါတယ်။
အဲဒီကနေရှေ့ဆက်သွားရင်တော့ အလွန်ကြီးမားလှတဲ့ ကျောက်သပိတ်ကြီးကို မြင်ရမှာပါ။
ကျောက်တော်ကြီးဘုရားက အရှေ့ဘက်ကို မျက်နှာတော်မူထားတဲ့ဘုရားပါ။
ဘုရားစောင်းတန်းကနေအရှေ့ဘက်ထွက်မယ်ဆိုရင် မြောက်ဘက်ခြမ်းမှာ မန်းလေးတောင် နဲ့ မန်းလေးဘိုးဘိုးကြီးနတ်နန်းကိုရောက်မှာပါ။
မန်းလေးဘိုးဘိုးကြီးနန်းကတော့ ရှေးပဝေသဏီကတည်းက ဘယ်သူစလိုက်တဲ့ဇာတ်လမ်းလဲ မသိပေမယ့် အခုလက်ရှိအချိန်ထိတိုင်အောင်
သားလေးတွေရှင်ပြုရင်လဲ ဘိုးဘိုးကြီးကိုလာပြပါတယ်။ ကားလေးတွေအသစ်ဝယ်ရင်လဲ လာပြပါတယ်။ဆိုင်ကယ်လေးတွေအသစ်ဝယ်ရင်လဲလာပြတယ်ဆိုတော့
နတ်နန်းကို ထိန်းသိမ်းစောင့်ရှောက်သူအစဉ်အဆက် အလုပ်မပျက်ဘူးပေါ့ဗျာ။
ကျောက်တော်ကြီးဘုရားရဲ့အရှေ့ဘက်ကလမ်းလေးကိုကျော်လိုက်တာနဲ့ မြန်မာပြည်မှာ အကြီးဆုံးသောစာအုပ်လို့ တင်စားထားတဲ့ ကျောက်စာများရှိတဲ့ စန္ဒာမုနိဘုရားကိုရောက်မှာပါ။
ဒီဘုရားမှာလွမ်းစရာကောင်းတာကတော့ မြန်မာတွေကို ခေတ်မှီအောင် ကြံဆောင်ခဲ့သူ ရှာမှရှားတဲ့ အိမ်ရှေ့စံကနောင်မင်းကို အသိဉာဏ်မဲ့သော မြန်မာမင်းသားဖြစ်တဲ့ မြင်းကွန်း-မြင်းခုန်တိုင်ညီအကိုက လုပ်ကြံခဲ့တဲ့အတွက်ကွယ်လွန်ခဲ့ရပြီး ကြွင်းကျန်ရစ်သောရုပ်ကလပ်တော်ကို မြုတ်နှံထားခဲ့သော ဘုရားလည်းဖြစ်ပါတယ်။
အခုတော့ဆွေတော်မျိုးတော်တွေက ပြန်လည်ဖော်ယူလို့ သွားပြီလို့လည်းသိရပါတယ်။
စိတ်ပျက်စရာကောင်းတဲ့အချက်ကတော့ စနစ်တကျစီတန်းတည်ဆောက်ထားတဲ့များပြားလှစွာသော ကျောက်စာချပ်များကို မပျက်စီးအောင် ဂူလေးတွေနဲ့စောင့်ရှောက်ထားတဲ့နေရာများမှာ
မသိသားဆိုးဝါးလှတဲ့ သမီးရီးစားစုံတွဲများရဲ့ ကွန်းခိုရိပ်သာလေးတွေဖြစ်နေတာရယ် ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင် မြင်နေရတဲ့ အတွဲချောင်းသူတွေရယ်ပါ။
စန္ဒာမုနိဘုရားနဲ့ကုသိုလ်တော်ဘုရားကြားမှာ ရေကန်လေးနဲ့ဇရပ်တစ်ဆောင်တည်ထားပုံက အင်မတန်မှ ပဏာရလှပါတယ်။
ကန်လယ်မှာကြာပွင့်လေးတွေပွင့်နေတာက လည်းစိတ်ကြည်နူးစရာပါ။
ကုသို်လ်တော်ဘုရားဝင်းအတွင်းမှာ ရှေးကတည်းကတည်ရှိခဲ့တဲ့ သက်တမ်းရင့်ခရေပင်ကြီးတွင်က ဘုရားပရဝုဏ် ပါတ်ပါတ်လည်မှာ စီတန်းလို့ အိန္ဒြေကြီးစွာနဲ့ ဘုရားကိုစောင့်ရှောက်ကာရံထားသလိုပါဘဲ။
ကျနော်တို့ငယ်ငယ်က ဆိုရင်အိမ်နီးနားချင်းတွေစု ထမင်းချိုင့်တွေ စားစရာတွေအပြည့်သယ် မြင်းလှည်းလေးတွေနဲ့ ဒီဘုရားကို အုပ်စုလိုက်ကြီးလာကြပါတယ်။
လူကြီးတွေက ဥပုဒ်သီတင်းဆောက်တည်နေတဲ့အချိန်မှာ ကျနော်တို့ကလေးတွေက ကျယ်ပြန့်လှတဲ့ ပရဝုဏ်ထဲမှာ အားပါးတရကစားကြပါတယ်။
မောရင်နား ဆာရင်စား ပြီးရင်ထပ်ကစား နဲ့ လူကြီးတွေကတော်တော့လို့မပြောမခြင်းကစားကြတာပါ။
ခရေပင်အောက် သန့်ရှင်းလှတဲ့မြေပြောင်ပြောင် တွေက ကျနော်တို့ကလေးများအတွက် အဘိုးတန် သဘာဝကစားကွင်းကြီးပါဘဲ။
မိုးတွင်းဆိုရင် ခရေပန်းတွေကိုတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ကောက် နှီးတံနဲ့သီလို့ ပန်းကုံးတွေလုပ်ပြီးရင် ဘုရားကိုအပြိုင်အဆိုင်ကပ်လှူကြပါတယ်။
အခုတော့ မြေပြောင်ပြောင်နေရာမှာ အင်္ဂတေအုတ်ခုံတွေဖြစ်သွားသလို အရင်က စိမ်းစို နုဖတ်ခဲ့တဲ့ ခရေပင်တွေကလဲ တစစအိုမင်းလို့လာပါပြီ။
ပိုဆိုးတာက အရှေ့ဘက်က သက်တမ်းရင့်အထီးကျန်နေတဲ့ခရေပင်ကြီးကတော့ တစ်ပိုင်းစို တစ်ပိုင်းခြောက် ပြိုလဲမသွားအောင် ဒေါက်တွေနဲ့ထောက်ထားတာကို မြင်ရတော့
မမြဲသောတရား မလွန်ဆန်နို်င်သော အိုခြင်းတရားကို အသံတိတ်တရားပြနေသလိုပါဘဲ။
ကုသို်လ်တော်ကျောက်တော်ကြီးဘုရားရဲ့တောင်ဘက်ပေါက်ကနေ တဲ့တဲ့ထွက်သွားရင်နာမယ်ကျော် “အတုမရှိကျောင်းတော် “ကိုရောက်ပါတယ်။
ကျနော်တို့ငယ်စဉ်ကတည်းကစလို့သိတတ်တဲ့အရွယ်ထိ ဒီကျောင်းတော်ကြီးက အမိုးမရှိ နံရံလေးဘက်သာရှိတဲ့ ကျောင်းကြီးပါ။
ဒီပြိုပျက်နေတဲ့ ကျောင်းပါတ်ပါတ်လည်မှာ အရင်ကအေးမြတဲ့အရိပ်ကိုပေးတဲ့ ထနောင်းပင် စိမ်းစိမ်းလေးတွေရှိပါတယ်။
တစ်ခါတစ်လေ သူငယ်ချင်းတွေစုလို့စက်ဘီးကိုယ်စီနဲ့ ဒီကျောင်းတော်ကို အကြိမ်ပေါင်းများစွာလာခဲ့ဘူးပါတယ်။
ရောက်တိုင်းလဲ ပြိုပျက်နေတဲ့ ထုထည်ကြီးမားလှတဲ့ဘုရားကို ကြည့်ရင်း ရင်ထဲမှဘာကိုလွမ်းမှန်းမသိတဲ့ လွမ်းဆွတ်တဲ့ခံစားမူ့ကိုရပါတယ်။
“သင်္ကြန်မိုး” ရုပ်ရှင်ကား ကို ပြန်ပြလို့ ကြည့်မိတိုင်း ဒီကျောင်းကြီးရဲ့ပြိုပျက်နေတဲ့ ရှေးမူမပျက်တဲ့မြင်ကွင်းကို မြင်တိုင်းကျောင်းသားဘဝကို ပြန်သတိရစေပါတယ်။
အခုလက်ရှိအချိန်မှာတော့ ရှေးမူမပျက်ခမ်းနားကြီးကျယ်စွာ ပြန်လည်တည်ဆောက်လို့ထားပါတယ်။
နုိုင်ငံခြားသားဧည့်သည်များလာရောက်လည်ပတ်ရင် “ငါတို့မြန်မာတွေ ဘယ်လောက်ခမ်းနားကြီးကျယ်အောင်တည်လှူဒါန်းထားတယ်”ဆိုတာကို သူတို့သိအောင်ပြနိုင်ပေမယ့်
ရှေးဟောင်းအမွေအနှစ်မဟုတ်ဘူး ပြန်ဆောက်ထားတဲ့အသစ်ဆိုတာကို တွေးမိတဲ့အခါ ရင်ထဲမှာတစ်စုံတစ်ရာပျောက်ဆုံးသွားသလိုခံစားရပါတယ်။
ဒီကျောင်းတော်ကြီးရဲ့အရှေ့ဘက်မှာရှိနေတဲ့ရွှေကျောင်းကြီးကို တော့ မသိတတ်ခင်အရွယ်ကရောက်ရင် သစ်သားကျောင်းအိုကြီးဆိုတဲ့အသိဘဲရှိပါတယ်။
နောက်ကြီးလာမှ နန်းတော်အဟောင်းကိုဖျက်ပြီး ဘုန်းကြီးကျောင်းအဖြစ်ပြန်လှူဒါန်းထားတာ၊အင်မတန်မှလှပသေသပ်သော သစ်ထွင်းလက်ရာတွေရှိတာ၊
ကျွန်းအစစ်နဲ့ဆောက်လုပ်ထားတာ အစရှိတဲ့ တန်ဘိုးကြီး ရှေးဟောင်းအမွေဆိုတာကို သိလာပါတယ်။
ငယ်စဉ်ကတော့ ပဒေသရာဇ်တွေရဲ့ထီးသုံးနန်းသုံးပစ္စည်းဆိုပြီး နှာခေါင်းရှုံချင်ခဲ့ပေမယ့် ကြီးလာတဲ့အခါမှာတော့ ငါတို့ရှေးမြန်မာဘိုးဘွားတွေရဲ့အဘိုးမဖြတ်နိုင်သော
လက်မူ့အတတ်ပညာ လို့ရင်ထဲမှာတန်ဘိုးထားတတ်လာပါတယ်
အခုထိမပျက်မစီးရှိနေတဲ့နှစ်ပေါင်းရာကျော်က အမွေအနှစ်ကို ဒီထက်ဆက်ပြီးနှစ်ပေါင်းများစွာ ရှိနေစေချင်ပါသေးတယ်။
ဒီရွှေကျောင်းကြီးကနေ့ အရှေ့ဘက်ကိုထွက် 62လမ်းပေါ်ကနေတောင်တည့်တည့်သွား 19လမ်းရောက်တော့ အရှေ့ဘက်တည့်တည့်ထွက်လိုက်တာနဲ့ အောင်ပင်လယ်နဲ့ရန်ကင်းတောင်သွားတဲ့လမ်းကိုရောက်သွားမှာပါ။
အောင်ပင်လယ်ဆိုတာ ရှေးကရေတွေသွင်းထားတဲ့ကန်ကြီး ကြာမျုးိထုံထုံငှက်ပေါင်းစုံတဲ့ ရေကန်ကြီးလို့ စာထဲမှာဖတ်ဘူး သီချင်းထဲမှာကြားဘူးပေမယ့် ကျနော်တို့ခေတ်မှာတော့
အစိမ်းရောင် ကော်ဇောတစ်ချပ်ဖြန့်ခင်းထားသလိုသာယာလှတဲ့ လယ်ကွင်းကြီးပါ။
အောင်ပင်လယ်ကန်ဘောင်ရိုးကနေ အရှေ့ဘက်မျှော်ကြည့်ရင် ရှမ်းရိုးမ သူ့အောက်ဖက်မနီးမဝေးမှာ ရေတံခွန်တောင်၊တောင်ဘက်ကြည့်လိုက်တော့ ထူးဆန်းလှတဲ့ပုံစံနဲ့တည်ရှိနေတဲ့ “ကြွက်နဖားတောင်”။သိပ်အလှမ်းမဝေးတဲ့နေရာမှာက “ရန်ကင်းတောင်” ဆိုပြီး အစီအရီတည်ရှိနေပါတယ်။
ဒီအောင်ပင်လယ်ကိုရောက်ရင် “နန်းတော်ရှေ့ကဆရာတင်”ရဲ့
” စိန်မြ စိန်မြလျှံခြယ်အောင်ပင်လယ်တောနဲ့တောင်စွယ် ကိုကြီးတင်ပျော်တဲ့နယ်……………….ရွှေနန်းတော်ရှေ့ပြုဗ္ဗာဝယ်
ကုမ္မာရီကောက်စိုက်မတွေအသွယ်သွယ် ဆိုတေးသံချိုလှတယ်…………” ဆိုတာရယ်
”တကယ်တောအစစ်ကဲ့သို့ အခုတော့လယ်ကောဖြစ်လို့မို့ ကောင်းဘို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ်” ဆိုတဲ့
နေရာဒေသတစ်ခုတည်းကို မတူညီသောခံစားချက်နဲ့ရေးဖွဲ့ထားတဲ့ သီချင်းစာသားများက တိုက်ခတ်နေတဲ့လေအေးအေးနဲ့အတူ နားထဲ ရင်ထဲကို တိုးဝှေ့လာစမြဲပါ။
ဒီအောင်ပင်လယ်ကနေရှေ့ဆက်သွားရင် နန်းဦးလွင်ဆိုတဲ့ရွာကလေးကိုကျော်လိုက်တာနဲ့ကန်လယ်လို့အရပ်ကခေါ်တဲ့ နေရာမှာ ဆရာတင်ရဲ့ ကြာပင်အိုင်ကြီးကိုဘွားကနဲ့တွေ့ရမှာပါ။
ကြာပန်းတွေလှိုင်လှိုင်ပွင့်တဲ့အချိန်ရောက်ရင် တောထအောင်ပွင့်နေတဲ့ ပဒုမ္မာကြာပန်းနီနီတွေကိုတွေ့ရမယ်။
လိုချင်သလား ကိုယ်တိုင်ဆင်းခူးစရာမလိုပါဘူးနော်။
ကြာပန်းလေးတွေ ကြာဖူးလေးတွေ ကြားသီးတွေကိုခူးရောင်းနေတဲ့ဆိုင်လေးတွေက လမ်းဘေးမှာအစီအရီပါ။
ဆက်သွားရင်တော့ ငရံ့မင်းနှစ်ကောင် ကိန်းအောင်းစံပယ်တဲ့ ငရံ့မင်းဂူတည်ရှိရာ ရန်ကင်းတောင်တော်ကိုရောက်မှာပါ။
ရန်ကင်းတောင်က မြင့်လဲမြင့်သလို အဆင်းလဲမတ်စောက်ပါတယ်။
တောင်မြင့်မြင့်ကိုရင်ဆို့အောင်တက်အောက်ဖက်ဆင်းလိုက်လို့ ဂူထဲကိုရောက်ရင်တော့ အမောပြေတဲ့ကျောက်စက်ရေရှိသလို အေးမြတဲ့သဘာဝအအေးဓါတ်ကိုတဝကြီးခံစားရသလို
ပင်ပန်းသမျှပြေသွားအောင်အေးချမ်းတဲ့နေရာလေးဖြစ်ပေမယ့် ရောက်ဘို့ကလဲ နည်းနည်းတော့ခက်ခဲပါတယ်။
အခုအချိန်မှာ မန်းလေးတောင်လို ကားလမ်းဖောက်ထားပေမယ့် မတ်စောက်တဲ့အတွက်တက်သူနည်းပါတယ်။
ဒီတောင်တော်ကိုု သမီးရီးစားစုံတွဲတွေလာခဲပါတယ်။
သမီးရီးစားကွဲတတ်တယ်လို့ အယူရှိကြလို့ပါ။
မန်းလေးမှာ မိုးခေါင်တယ်ဆိုရင် တောင်တော်မှာစံပါယ်တဲ့ ငရံ့မင်းနှစ်ကောင်ကို ပင့်ဖိတ်လို့ အပူဇော်ခံရင်မိုးရွာတယ်လို့ ယူဆတဲ့အတွက်
မိုးမရွာရင် မိုးလာအောင် လှည့်လည်လို့ အပူဇော်ခံစေတာ ယနေ့ထိတိုင်ပါဘဲ။
တိုက်ဆိုင်တယ်ပြောပြော ဘာပြောပြော မိုးရွာတာကတော့အမှန်ပါဘဲ၊
ရန်ကင်းတောင်ကနေ လှမ်းကြည့်မယ်ဆိုရင် …………………………………………….
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

3 comments

  • kai

    September 29, 2010 at 8:28 am

    ကနောင်မင်းသားကြီးအကြောင်း… ရုပ်ရှင်လေးများ ရိုက်ကြတာမရှိဘူးလားသိချင်လို့ပါ။
    ရတနာနတ်မယ်ဟာ ကနောင်မင်းသားကြီးရဲ့ မြစ်ဆိုတာမို ့.. အင်မတန်ကောင်းတဲ့ ဇတ်လမ်းတပုဒ်ရယ်လို့ဖြစ်လာမှာပေါ့နော..။ သူက သက်ရှိထင်ရှားရှိနေသေးတယ်မဟုတ်လား..။
    မန္တလေးဂေဖက်က ဆက်သွယ်ထားတာ အဆက်အသွယ်တော့ ရနေပါတယ်။

    ယူအက်စ်မှာ မြင်ကွန်း-မြင်းခုံတိုင်အမျိုးနွယ်တွေလည်း ဗီယက်နမ်ကတဆင့်လာလို့ အခြေချနေကြတာလည်း တွေ့မိရဲ့..။ ကနောင်မင်းကိုလုပ်ကြံတာ သူတို့အဖိုးတွေမဟုတ်ဖူးလည်းဆိုရဲ့။ ကြားထဲ ပါးစပ်ရာဇဝင်တွေနဲ့စာရင် အင်္ဂလိပ်-ပြင်သစ်-နန်းတွင်းအားပြိုင်မှုလေးကိုတော့ … မှတ်တမ်းလေးတွေဖတ်ပြီး… လေ့လာလိုက်ကြည့်ချင်မိသား….။

    လွမ်းမိပါတယ်..ကနောင်မင်းရယ်

  • MandalayThar

    September 29, 2010 at 8:57 am

    တကယ်ဘဲလား တိုက်ဆိုင်မှု့ဘဲလားတော့ မသိဘူး။
    ကျောင်းတတ်တုန်းက ရန်ကင်းတောင်က ကျောင်းနဲ့လည်း နီးတော့ ပထမဆုံးရည်းစားနဲ့ တတ်ဖြစ်တယ်။ အယူ မရှိပါဘူး။ ဘာဘူး ဆိုပြီးတတ်တာ။ ပထမဆုံး ရည်းစားနဲ့ ကွဲတာဘဲဗျာ။

    ရန်ကင်းတောင်အောက်က သမကောလိပ်ဆိုတဲ့ မုဆိုးမကျောင်းလည်း သွားသွားကဲခဲ့တာဘဲ။ မန်းတလေးမှာ မိန်းကလေးကျောင်းတွေ အမှတ် (၈) တို့ (၂၂) တို့ကို မုဆိုးမကျောင်းလို့ ခေါ်တယ်။ မိန်းမတွေချည်းမို့လို့။ (၁) တို့ လို ယောကျားလေးကျောင်းတွေကို မုဆိုးဖိုကျောင်းလို့ ခေါ်တယ်။ သမကော်လိပ်မှာ မိန်းမတွေဘဲရှိတော့ မုဆိုးမကော်လိပ်ဆိုပြီးခေါ်တယ်။

  • kyansitthar101

    September 29, 2010 at 9:42 am

    ကျနော် ငယ်ငယ်က ရောက်ဖူးတဲ့ မန်းသီတာ ဥယာဉ်ကို ပြန်သတိရမိတယ်။ အဲဒီမှာ ကျနော်တို့ တက်စော့ ခဲ့တဲ့ လေယာဉ်ပျံ ကြီးရှိသေးလားတောင်မသိဘူး
    အရင်တုန်းက မန်းသီတာ ဥယာဉ် ဆိုတာ အရမ်းဆီတာဗျ။

Leave a Reply