ယှဉ်ရဲပါ့မလား(ဒေါက်တာဦးရဲမြင့်ကျော်)

thura.ng2September 25, 20101min821

ယှဉ်ရဲပါ့မလား

အခန်း ၁
၁၉၈ဝပြည့်လွန်နှစ်တစ်နှစ်၏ တစ်ခုသောဆောင်းဦးကာလ။

အင်းလျားကန်ဘောင်ရိုးပေါ်တွင် ဆေးကျောင်းသားကလေး မောင် က နှင့် မောင် ခ တို့ ရောက်နေကြသည်။ ချိန်းဆိုထားသည်လည်းမဟုတ်။ ထူးခြားသောအကြောင်းကိစ္စလည်းမရှိ။ သည်လိုပဲ အမှတ်တမဲ့ရောက်လာကြခြင်းဖြစ်သည်။
စကားတွေ ဟိုရောက်သည်ရောက်ပြောဖြစ်ကြသည်။ တကယ်တော့ မောင် က နှင့် မောင် ခ တို့မှာ အလွန်ရင်းနှီးသောသူငယ်ချင်းများ ဟုတ်သည်ဟုလည်းပြော၍ မရ။ မဟုတ်ဘူးဟူ၍လည်း မပြောနိုင်။ မောင် က မှာ လူလတ်တန်းစားမိဘများမှ ပေါက်ဖွားလာသည့် အားလျော်စွာ ဆေးတက္ကသိုလ် စရိတ်ကို ပညာထူးချွန်စရိတ်ကလေးအားကိုး၍ တက်နေရသူဖြစ်သည်။ တစ်တန်းတည်းသား ပညာတတ်လူကုံထံ သားသမီး အသိုင်းအဝိုင်းတွင်လည်း မဝင်ဆံ့။ မောင် ခ ကတော့ ဆရာဝန်ကြီးတစ်ဦး၏သား ဘိုးဘွားစဉ်ဆက် ကတည်းက ချမ်းသာလာခဲ့ပြီး ပညာရော အားကစားပါထူးချွန်သူတစ်ဦးဖြစ်၍ ဆရာများအကြားတွင်ရော ကျောင်းသူများ အကြားတွင်ရော ပါ ရေပန်းစားသူတစ်ဦးဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မောင် က ၏ ဆေးတက္ကသိုလ် မတက်ခင်ကတည်းက အလွန်ရင်းနှီးခဲ့သော ငယ်သူငယ်ချင်း မိန်းကလေး နှင့် မောင် ခ တို့ ချစ်သူ ဖြစ်သွားကြသည်။ ထိုချစ်သူမိန်းကလေးကို အကြောင်းပြု၍ မောင် က နှင့် မောင် ခ တို့နည်းနည်းရင်းနှီးသွားကြခြင်းဖြစ်သည်။
“ကျောင်းလည်း ပြီးတော့မယ်ကွ၊ အတန်းထဲက တော်တော်များများ အတွဲတွေလည်း လက်ထပ်ဘို့ တာစူနေကြပြီ၊ မင်းတို့ရော ဘယ်တော့လဲ”
မောင် က ၏ အမေးစကားကို မောင် ခ က သွားကြားကတိုးထွက်သော လေသံသဲ့သဲံ့ဖြင့် ချုပ်တည်းစွာရယ်သည်။
“ ငါ MRCP ရပြီးမှ ယူမှာကွ”
မောင် က ကြီး စကားမပြန်နိုင်။ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ နောက်မှ
“ မင်းဟာကွာ MRCP က လွယ်တာမှ မဟုတ်တာ”
“လွယ်ပါတယ် သူ့လမ်းနဲ့သူခွင်ကျအောင် သွားရင် နိုင်ငံခြားမှာ တော့ လူတွေအများကြီး ရနေတဲ့ဘွဲ့ပါကွာ၊ PLAB ဖြေမယ်၊ အောင်ရင် အလုပ်ဝင်လုပ်မယ်၊ ပြီးတော့ MRCP ဝင်ဖြေမယ်၊ ရပြီးမှပဲ ယူမယ်”
မောင် က တော်တော်ဦးနှောက်ခြောက်သွားသည်။ ပတ်ဝန်းကျင်ဆွေမျိုးအသိုင်းအဝိုင်းထဲတွင် ဆရာဝန်တစ်ယောက်မှ မရှိပဲ ဆေးတက္ကသိုလ်ကြီးကို ယောင်ဝါးဝါးတက်ခဲ့ရသော မောင် က အဖို့ မောင်ခ ၏ အနာဂါတ်စီမံကိန်းများကို ဉာဏ်မမှီနီုင်ခဲ့။
“အေးကွာ၊ မင်တို့ကတော့ အဆက်အသွယ်များတာကိုး ၊ ငါ့မှာကတော့ လက်ထောက်ဆရာဝန်ပဲလုပ်ရမှာ ၊ ဆရာဝန်ဖြစ်ပြီးဆေးကုရရင်တော်ပါပြီ၊ ဘွဲ့လွန်ရဘို့ မရဘို့ဆိုတာက ကံတရားပဲ၊ စိတ်ကူးမယဉ်ရဲသေးပါဘူး”
ထိုအချိန်တွင်မျှော်လင့်မထားမိလောက်အောင် ရက်စက်သောစကားကို မောင်ခ နှုတ်ဖျားမှ ထွက်ကျလာလေသည်။ ရယ်ကျဲကျဲနှင့်ပါ။
“ယှဉ်မပြောနဲ့လေကွာ၊ မင်းနဲ့ငါက တူလို့လား မင်းငါ့ကိုဘယ်တုန်းက ယှဉ်နိုင်ခဲ့ဘူးလို့လဲ”
မောင် က တစ်ယောက် အာစေးမိသွားခဲ့ပါသည်။

အခန်း ၂

၁၅ နှစ်ဆိုသောအချိန်ကာလသည် လူ့ဘဝ၏ ဇာတ်လမ်းများစွာကို စာရေးဆရာများထက်ပင်လျှင် ဆန်းကြယ်စွာ စိတ်ဝင်စားဖွယ်ရာ အံ့ဩဖွယ်ရာ ဖန်တီးနိုင်စွမ်းရှိလေသည်။
မောင် က တစ်ယောက် အသက် ၃ဝ ကျော် ၄ဝ နီးပါးအရွယ် ဒေါက်တာ က ဖြစ်နေခဲ့လေပြီ။ ကျောင်းသားဘဝကတည်းက မျှော်လင့်ခဲ့သည့် အတိုင်း လက်ထောက်ဆရာဝန်ဘဝနှင့် နယ်စွန်နယ်ဖျား ရှေ့တန်းစစ်မျက်နှာစာပါ မကျန်တာဝန်ထမ်းဆောင်ဖြစ်ခဲ့၏။ မထင်မှတ်ဘဲလည်း အထူးကဆရာဝန်တစ်ဦးဖြစ်လာခဲ့သည်။ မထင်မှတ်ဘဲလည်း ပညာတော်သင်ခရီးစေလွှတ်ခံရပြီး တစ်သက်လုံးစိတ်ကူးမယဉ်ရဲခဲ့သော MRCP ဘွဲ့ကို ရခဲ့လေသည်။
မောင် ခ ကတော့ သူပြောသလိုပင် နိုင်ငံခြားကို ထွက်လာခဲ့သည်။ မျှော်လင့်ထားသော စာမေးပွဲများကိုမူ မအောင်မြင်ခဲ့။ လူမှုရေးပြဿနာတစ်ခုကြောင့် မောင် က ၏သူငယ်ချင်း မိန်းကလေးကိုရော မိဘဆွေမျိုး သူငယ်ချင်းအားလုံးနှင့်ပါ အဆက်အသွယ်ပြတ်ခဲ့သည်။ “ဆံထုံးနောက် သျှောင်ပါ” ရာမှ နိုင်ငံတစ်နိုင်ငံတွင်ထပ်ပြောင်း၍ နေထိုင်ခဲ့ပြီး ဒုတိယရောက်ရှိသော နိုင်ငံမှ စာမေးပွဲများကိုမူ အောင်မြင်ခဲ့သည်။ သူ့ဟာသူကျတော့ အခြေတကျရှိလာခဲ့သည်။
ရန်ကုန်က လူမှုရေးကိစ္စတစ်ခုကြောင့် နိုင်ငံခြားတွင်ရောက်ရှိနေသော ဒေါက်တာ က တစ်ယောက် ဒေါက်တာ ခ ဆီ မဖြစ်မနေ ဖုန်းဆက်ဘို့ လိုလာခဲ့သည်။
သက်ပြင်းအကြိမ်အကြိမ်ချပြီးနောက် ဒေါက်တာ က တစ်ယောက် ဒေါက်တာ ခ ရှိလာနိုင်ငံသို့ ဖုန်းခေါ်ခဲ့သည်။ သူငယ်ချင်း ငတ်နေသော ဒေါက်တာ ခ က ဝမ်းသာအယ်လဲပင် တုံပြန်နှုတ်ဆက်ခဲ့သည်။
သို့သော်
“ဟေ့ကောင် မင်း MRCP ကို အဒီမှာဘယ်သူမှ အသိအမှတ်မပြုကြဘူးကွ”
ငယ်ငယ်တုန်းကလို့တော့ အောင့်သက်သက် မခံစားရ၊ ရင့်ကျက်မှုကြောင့် ပြုံး၍သာ ဒီကောင်က ငယ်ငယ်က အကျင့်တွေမပျောက်သေးဟုသာ တွေးမိသည်။
“ဒါတော့ကွာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်ဘွဲ့ကိုမှ တစ်ကမ္ဘာလုံးက အသိအမှတ်မပြုကြပါဘူး”
တကယ်တော့ တစ်ကမ္ဘာလုံး ဘယ်နိုင်ငံယူသွား ယူသွား တင့်တယ်တာက ဆရာဝန်တစ်ယောက်ရဲ့ စေတနာနဲ့ မေတ္တာတရား၊ ဒါကိုမင်းယှဉ်ရဲ့ပါ့မလားဟူသော စကားလုံးတို့ကိုတော့ မလွှဲမကင်းတာ မျိုချလိုက်ရပါသည်။
တစ်ဆက်တည်းမှာပင် MRCP ဘွဲ့ရခဲ့သည့်အချိန်က ဒေါက်တာ ခ ကို မိမိလုံးဝသတိမရသည့်အကြောင်း၊ MRCP ဘွဲ့ရသည့်အတွက်ကြောင့် မိမိဒါက်တာ ခ ထက်သာသွားပြီဟု တစ်ခါမှ မတွေးမိခဲ့သည့်အကြောင်းကိုလည်း သတိထားလိုက်မိပါသည်။ တကယ်တော့လည်း လွန်ခဲ့သော ၁၅ နှစ်အတွင်းက ဒေါက်တာ က တစ်ယောက် ဒေါက်တာ ခ ကိုတစ်ကြိမ်သာ သတိရခဲ့ဖူးပါသည်။ ထိုတစ်ကြိမ်သည်လည်း “ ကြက်ဥထုပ်ကြီး” တစ်ထုပ်
အပေါ် မူတည်၍ သတိရမိခြင်းသာဖြစ်ပါသည်။

အခန်း ၃
၁၉၉ဝ ပြည့်ကာစ နှစ်များအတွင်းကဖြစ်ပါသည်။ နယ်စွန်နယ်ဖျားဒေသများသို့ တရစပ်လှည့်လည် ပြောင်းရွှေ့နေရသော ဒေါက်တာ က တစ်ယောက် ခရိုင်အဆင့် တောမကျ မြို့မကျ ဆေးရုံကလေးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ချထားခြင်း ခံခဲ့ရပါသည်။ ထိုစဉ်က ခရိုင်အဆင့်ဆေးရုံမှာ ကုတင် ၁ဝဝ အင်အားသာရှိပါသည်။ အထူးကုဆရာဝန်များ မရှိပါ။
ဒေါက်တာ က တစ်ယောက် ကိုမြို့နယ်ဆရာဝန်ကြီးက ကလေးကုသဆောင်ကို တာဝန်ယူစေခဲ့သည်။ သူပဲ တာဝန်ခံဆရာဝန်၊ သူပဲ လက်ထောက် ဆရာဝန်ပေါ့။
ထိုအချိန်မှာပင် သူ ငါးနှစ်သားအရွယ် လူုနာကလေး မောင်သုည ကို စတင်တွေ့ရှိခဲ့ပါသည်။

“ငါးနှစ်ဟုတ်ရဲ့လား ဆရာမရယ် ဒီမှာ ၁၅ ပေါင်ပဲရှိတာ ရှစ်လသားလောက်ဖြစ်နေပြီ”
“ ဟုတ်ပါတယ် ဆရာရဲ့၊ ဒီမှာက တော်တော်များများ မိဘတွေက မွေးနေ့ မမှတ်မိတတ်ပေမယ့် ဒီကလေးအဖေက အတိအကျမှတ်ထားရှာပါတယ်၊ တကယ့်ကို အဟာရပြတ်လို့ သေးနေတာပါ”
ကလေး၏ ရောဂါက တီဘီ။ သာမန်အဆင့်တော့ မဟုတ်။ ဆေးပညာ အရ Miliory TB ဟုခေါ်သော သွေးကြောများတစ်လျှောက် တီဘီပိုး ပျံ့နှံခြင်းရောဂါဖြစ်သည်။ ကလေးက နာတာရှည်ဖျား၍ ရောက်လာခြင်းဖြစ်သည်။ ဆေးရုံမတက်ခင် နှစ်လက ဖျားခဲ့သည်။ ယခုဆေးရုံပေါ်မှာ နှစ်လ ရှိနေပြီ။ အဖျားက မကျသေး။
အနာလည်းသိပြီ။ ဓါတ်မှန်ကလည်း ဆေးရုံက စိုက်၍ ရိုက်ပေးထားသည်။ ဆေးလည်းရှိပြီ။ တီဘီတိုက်ဖျက်ရေးဌာနမှ လိုအပ်သောဆေးများပံ့ပိုးပေးထားသည်။ အဖျားက မကျသေး။ ကျသင့်သော အချိန်ကိုကျော်နေသည်မှာ ကြာပါပေါ့။
သာမန်အခြေခံ ဆရာဝန်ကလေးတစ်ဦးဖြစ်သော ဒေါက်တာ က ဉာဏ်မမှီရှာ။ ခေါင်းကို မသိမသာ ကုတ်ရင်းက ပိန်လှီခြောက်ကပ်လွန်း၍ မည်းကြုတ်နေသော မျက်နှာကလေးကို ငုံ့ကြည့်မိသည်။
မျက်လုံးဖြူဖြူ ပြူးပြူးကလေးတစ်စုံက ပြန်၍မော့ကြည့်သည်။
“အမေရော ဘာလို့မစောင့်တာလဲ”
“သေပြီတဲ့ ဆရာ တီဘီပဲတဲ့၊ အဖေကတော့ ကျွန်မတို့ စစ်ဆေးပြီးပြီ မရှိဘူး၊ အမေပဲ စောင့်ခွင့်ပေးရမယ်ဆိုပေမယ့် အဖေမှ ပေးမစောင့်ရင် သူတို့လည်းပြန်ရုံပဲရှိတာနဲ့ ကျွန်မတို့လည်း မျက်စိမှိတ်ပြီး စောင့်ခိုင်းထားတာ၊ နှစ်လလုံးလုံး ပြန်ချင်တယ် လို့တစ်ခွန်းမှ မပြောတာတောင် ကျေးဇူးတင်နေရတယ်၊ သူ့သားလေးတော့ တော်တော်ဂရုစိုက်ပုံ အရသား”
“အေးဗျာ ဆေးကလည်း ရှေ့က ဆရာဝန်က ပေးသင့်တာ အကုန်ပေးပြီးသား၊ အဖျားကလည်းမကျဘူး၊ အထူးကုတွေမရှိတော့ ဘယ်မေးရမှန်းလည်းမသိဘူး၊ ကျွန်တော်ဟာ ကျွန်တော် တတ်သလောက်မှတ်သလောက် စဉ်းစားကြည့်ပါအုန်းမယ်။စာလည်းဖတ်ကြည့်ပါအုန်းမယ်၊ ဟုတ်လား”

အခန်း ၄
ထိုစဉ် ဒီနိုင်ငံတွင် အေအိုင်ဒီအက်စ် ဝေဒနာရှင်ကလေးများ မတွေ့ရှိရသေး။ ဒီတော့ ဒါကို မစဉ်းစားဖြစ်တော့။ တီဘီကလည်း သေချာနေသည်။ တီဘီဆေးပေးလို့ မကျတာသာရှိသည်။ ဒီတော့ ဒါကိုပဲ ဦးတိုက်စဉ်းစားသည်။
တစ်ညနေလောက်စဉ်းစားလိုက်တော့ အဖြေတခု ရေးရေးပေါ်လာသည်။
“ ထမင်းကျွေးလား ကလေးအဖေ”
“ဟုတ်ကဲ့ သူစားနိုင်ပါတယ်”
“ဘယ်ကထမင်းရလဲ”
“ဆေးရုံကကျွေးတာပေါ့ဆရာရယ်၊ အသားဟင်းဘာညာတော့လည်း ဝယ်မကျွေးနိုင်ဘူးပေါ့”
ဟုတ်ပြီ။ ဒါပဲဖြစ်ရမယ်။ အဟာရချို့တဲ့ သဖြင့် အသက် ငါးနှစ်အရွယ်တွင် ရှစ်လသားပေါင်ချိန်အရွယ်သာရှိသော ကလေး။ တီဘီကလည်း ဖြစ်နေသည်။ အခုလည်းအသားမကျွေးနိုင်။ ဆေးရုံအနေနဲ့ကလည်း နယ်ဆေးရုံငယ်လေး။ ဆင်းရဲ့သား လူနာအများစု။ သည်ထက်တော့ ဂရုမစိုက်နိုင်တော့။
ဒီတော့ ဒီကလေးမှာ အသားဓါတ် ပရိုတိန်း လိုနေမည်။ ပရိုတိန်းမပါတော့ ကိုယ်ခံအားမရှိ။ ကိုယ်ခံအားမရှိတော့ ပဋိဇီဝဆေးဝါးများ ပေးထားပေမယ့် တီဘိပိုးဘက်ကပဲ နိုင်နေမယ်။ ဒီတော့ အဖျားမကျ။ ဒါအဖြစ်နိုင်ဆုံးအဖြေဖြစ်သည်။ ဒီတော့ ဒီကလေးကို အသားကျွေးကြည့်မည်။ ခက်တာက ဘယ်က ပိုက်ဆံနှင့်ကျွေးမှာလဲ။
ဒေါက်တာ က က အိမ်ထောင်က ကျနေပြီ။ ဇနီးက တစ်၊ သားက တစ်။ လခက ၁၂ဝဝ ကျပ်။ ယောက္ခမမြို့ဖြစ်၍ ယောက္ခမအိမ်မှာ ကပ်စားနေသည်။ ဘယ်က ငွေပိုရှိပါ့မလဲ။ ဆေးခန်းက မထိုင်ဖြစ်သေး။ နောက်ဆုံးတော့ ကိုယ်တတ်နိုင်သမျှ အထွာထဲက အကောင်းဆုံးဖြစ်အောင်ပဲ စီစဉ်နိုင်အောင် ကြိုးစားရတော့သည်။
“ကလေးအဖေ၊ ဒီမှာ ငွေနှစ်ကျပ်တွေ့လား၊ ကြက်ဥတစ်လုံး သွားဝယ်ချေ။ ဆရာမတွေကို ပြုတ်ခိုင်း။ ခင်ဗျာသားကို ကျွန်တော်တို့တစ်နေ့ကို ကြက်ဥတစ်လုံးကျွေးချင်တယ်၊ ဆေးလိုပဲသဘောထား။ သွားဝယ်ဘိ်ု့နဲ့ ကလေးတစ်လုံးလုံး အကုန်စားဖြစ်ဖို့က ခင်ဗျားတာဝန်။ ကြက်ဥဖိုး တစ်နေ့ငွေနှစ်ကျပ်က ကျွန်တော်ဆီမှန်မှန်လာယူ ဟုတ်ပြီလား”
ခံစားချက်မရှိသော မျက်နှာသေကြီးနှင့် ပြူးကြောင်ကြောင် ကြည့်ရင်းက ခေါင်းညိတ်ပြရှာလေသည်။

လူနာဆောင်အလယ်တွင် ဒေါက်တာ က ၏ စားပွဲလေးချထားသည်။ စားပွဲကလေးပေါ်တွင် ဖန်ခွက်အဟောင်းကလေးတစ်လုံးရှိသည်။ ထိုညနေက ထိုဖန်ခွက်အဟောင်းကလေးထဲတွင် သုံးမတ်ရောက်နေသည်.။
“ဆရာမ ၊ ဒါတွေက ဘာတွေလဲ”
ဟိုအဖေလေ ဆရာ၊ ကြက်ဥက ငါးမတ်ပဲ ပေးရတယ်ဆိုပြီး သုံးမတ်ပြန်လာထားသွားတာ၊ ကလေးကလည်း ဆရာ့ကြက်ဥကို စားလိုက်တာဆရာရယ်၊ သူ့ဟာသူထိုင်ပြီး ကိုက်စားတာ တစ်ထိုင်တည်းနဲ့ ကုန်ရော”
ရင်ထဲတွင် နွေးခနဲ ကြက်သီးထမိသည်။ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ အိတ်ထဲတွင် ၁၅ ကျပ်သာရှိကြောင်းသတိထားမိပြန်သည်။
“ကောင်းသားပဲ၊ ကျွန်တော်မနက်ဖြန်အတွက် ငါးမူးပဲပေးဘို့လို့တော့တာပေါ့”
ကိုယ့်အလှူ ငါးမတ်ကို ဂုဏ်ယူရမလား၊ ကို်ယ့်မှာလည်း မပို့လျှံလို့ သုံးမတ်ပါယူလိုက်တော့လို့ မပြောနိုင်တာ ရှက်ရမလား။ မဝေခွဲနိုင်သော ဒေါက်တာ က တစ်ယောက် ရယ်ကျဲကျဲလုပ်နေရသည်။

အခန်း ၅
သည်လိုနှင့် ဆက်တိုက် ရက် ၂ဝ ခန့် ကြာသွားသည်။ ရက် ၂ဝ အတွင်းမှာ လူနာကလေး မောင်သုည ထူးခြားစွာပြောင်းလဲလာသည်။
အဖျားကျသွားသည်။ ပေါင်ချိန်သိသိသာသာ တိုးတက်လာသည်။ ခွေယိုင်လဲနေရာမှ ထထိုင် နောက်တော့ လမ်းပါလျှောက်လာသည်။ စကားစပြောလာသည်။ ကြက်ဥ အလုံး ၂ဝ ၏ တန်ခိုးလား။ ဆေးဝါးများ၏တန်ခိုးလား၊ စေတနာ မေတ္တာ တန်ခိုးလားမသိ။ငါးမတ်တန် ကုသိုလ်၏ အစွမ်းကို လှည့်လည်ပြောဆိုရန် ရှက်သဖြင် ့ဒေါက်တာ က တစ်ယောက် ပီတိကို ကြိတ်၍ ဖြစ်နေရသည်။
မောင်သုညလေးတစ်ယောက် မောင် ဝ လုံးဖြစ်လာသည်။ မပြောင်းလဲသူကတော့ မောင်သုည၏အဖေ။ သူသည် အမူအရာကင်းမဲ့သော မျက်နှာသေကြီးနှင့် တရက်ခြားတစ်ခါ ဖန်ခွက်ထဲသို့ ပိုက်ဆံသုံးမတ်လာလာထည့်နေမြဲ။ နောက်သုံးပတ်ခန့်အကြာတွင်တော့ မောင်သုည ဆေးရုံကပါ ဆင်းခွင့်ရခဲ့သည်။ ဆရာမကြီးကို ရယ်မောနှုတ်ဆက်နေသော မောင်သုညကလေးကို တွေတွေကြီးစိုက်ကြည့်နေသော သူ့ဖခင်၊ ဒေါက်တာ က ဘက်သို့ တချက်လှည့်ကြည့်သည်။ စကားမဆို မပြုံးပြ ငူငူငိုင်ငိုင်သာ ရှိနေသည်။ ဆို့နစ်နေရှာတယ်ထင်ပါရဲ့ဟုသာ တွေးမိသည်။
“ သေသေချာချာ ရက်ချိန်းပြန်လာပြနော် ကလေးအဖေ”
ခေါင်းတစ်ချက်သာ ညိတ်ပြ၍ မောင်သုညကလေး၏ လက်ကိုဆွဲကာ လူနာဆောင်ထဲက ထွက်ခွာသွားသည်။ နောက်တော့ တဖြည်းတဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ဒေါက်တာ က တစ်ယောက်လည်း ဆေးရုံဝင်းအတွင်း ဆရာဝန်ငယ်များစက်ဘီးအပ်နေကျ တဲလေးဆီသို့ လျှောက်လှမ်းခဲ့သည်။ သူပိုင် တစ်ပတ်ရစ် စက်ဘီးကလေးဆီ အရောက်တွင်တော့ စက်ဘီဒရှေ့ခြမ်း အတွင်းက ထူးဆန်းသော စက္ကူထုတ်ကြီးကို မြင်မိလေသည်။
“မိန်းမကြီးတစ်ယောက် လာထားသွားတာပဲဆရာ၊ ဆရာသိတယ်မှတ်လို့ ကျွန်တော်လည်း မမေးလိုက်ဘူး”
နှီးကြိုးနှင့်ချည်ထားသော အညိုရောင် စက္ကူထုတ်ကို ဖြေကြည့်လိုက်တော့ ကြက်ဥ အလုံး နှစ်ဆယ် ခန့်ထွက်လာသည်။ ဒေါက်တာ က တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

အခန်း ၇
ဘယ်သူဘယ်ဝါပေးသွားသည်ဆိုတာကတော့ ဒေါက်တာ က တစ်ယောက် ဘယ်တော့မှ မသိခဲ့ရတော့ပါ။ သေချာသည်ကတော့ လွန်ခဲ့သည့် တစ်ပတ်နှစ်ပတ်အတွင်း သူ၏ ကြက်ဥစီမံကိန်းကို အဝေးတစ်နေရာမှ စောင့်ကြည့်နေသူသာဖြစ်ရမည်။
ကိုယ်တိုင်မပြည့်စုံသည့်ကြားက လူနာအတွက် ကို်ယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖျစ်ညှစ်၍ ဖန်တီးပေးချင်သည့် ဆရာဝန်တစ်ဦး၏ စေတနာ မေတ္တာ ကို အသိအမှတ်ပြု ကူညီစိတ်ကို ပြလိုက်ခြင်းသာဖြစ်ရပေလိမ့်မည်။
အမည်တပ်ရခက်သေည ခံစားချက်တစ်ခုဖြင့် ပီတိပြုံးမကျ၊ မချိ ပြုံးမကျ၊ ပြုံးရင်းက ကြက်ဥထုပ်ကြီးကို ပိုက်၍ ဒေါက်တာ က တစ်ယောက် လူနာဆောင်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ကလေးကုသဆောင်တွင် ရေခဲသေတ္တာ မရှိပေမယ့် ဆေးဝါးကုသဆောင်တွင် ရေခဲသေတ္တာရှိသည်။ ထိုရေခဲသေတ္တာတွင် နောက်လာလတ္တံ့သော မောင်သုညများစွာတို့ အတွက် တစ်တပ်တစ်အားဖြစ်စေမည်ဟုရည်ရွယ်လေသည်။
ထိုအချိန်မှာပင် ဖျတ်ခနဲ ဒေါက်တာ ခ ကို သတိရမိလိုက်သည်။
Material Success ဟုခေါ်သော ဘဝ၏ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှု စည်းစိမ်ကျော်ကြားမှု၊ ဘွဲ့ထူးဂုဏ်ထူး စသည်တို့အပေါ် တန်ဖိုးထားတတ်လွန်းသော ဒေါက်တာ ခ တစ်ယောက် မေတ္တာ၏ ရောင်ပြန်ဟပ်မှုကို ကြည်နူးစွာ ခံစားရဖူးမည်ဟု မထင်ပါ။
ခုနေများ ဒေါက်တာ ခ နှင့် ပက်ပင်းတိုးမိမည် ဆိုပါလျှင်။
မင်း ငါ့ကို ယှဉ်နိုင်လို့လားဆိုသည့် စကားကို သူထပ်ပြောခဲ့အုန်းမည်ဆိုပါလျှင်။
လက်ထဲက ကြက်ဥထုပ်ကြီးကို ပြ၍ “မင်းမှာ ရှိတဲ့ ဘွဲ့တွေ ငွေ တွေအာလုံးကို ဒီကြက်ဥထုပ် တစ်ထုပ်လောက်မှ မှ ငါတန်ဖိုးမထားဘူးသူငယ်ချင်း” ဟု ရင်ကော့၍ ပြောချင်လိုက်ချင်စမ်းပါဘိတော့သည်

(ကိုပြည့်ဖြိုးအောင်)

One comment

  • winkyawaung

    September 26, 2010 at 3:36 am

    ဒီပို့စ်ကို တင်ပေးတဲ့ မောင်ပြည့်ဖြိုးအောင် ကို ကျေးဇူးတင်ပါတယ်။ ဒေါက်တာရဲမြင့်ကျော်နဲ့ စာဖတ်သူက နီးနေတာ. သိနေတာကြာပေမဲ့ သူ့စာတွေကို မဖတ်ဖြစ်ခဲ့မိတာ ဝန်ခံပါရစေ.။ ဆရာဝန်တစ်ဦးရဲ့ စေတနာ၊ မေတ္တာတွေကို ဖော်ပြသွားတာ တော်တော်လေးကို ကောင်းပါတယ်..။

Leave a Reply