အာဟာရလား၊ အန္တရာယ်လား …

ဆူးSeptember 25, 20101min966

နရီလင်းလက် Wednesday, September 22, 2010

အသားကင်လေး စားမိတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသရလောက်အောင် မလိုဘူး မဟုတ်လားဟု ဦးဇော်ဝင်းနိုင် တယောက် လူနာ ခုတင်ပေါ်ကနေ ဆရာဝန်မကို တတွတ်တွတ် မေးနေပါတယ်။

လွန်ခဲ့တဲ့ တလကစပြီး ဗိုက်ခဏခဏအောင့်တာကို ရက်ဆက် ခံစားနေရတာကြောင့် အစာအိမ်အထူးကု ဆရာဝန် တယောက်နဲ့ပြပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ခဲ့တယ်။ နောက်ဆုံး ဓာတ်ရောင်ခြည်နဲ့ ကုသရမယ်ဆိုပြီး သူ့ဇနီးနဲ့ သားသမီးတွေက ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနကို ခေါ်လာတာပါ။ “ဆရာဝန်က အသားကင်တွေစားလို့ ဓာတ်ရောင်ခြည်နဲ့ ကုသမှ ဗိုက်အောင့်ပျောက်မယ်ဆိုပြီး ပြောထားတာ။ အူမကြီးကင်ဆာ ဖြစ်နေတယ်ဆိုတာ လူနာကို ပေးမသိသေဘူး” လို့ ဦးဇော်ဝင်းနိုင်ရဲ့ ဇနီးက ပြောပြပါတယ်။

ဇနီးဖြစ်သူက “သူက အရက်မသောက်၊ ကွမ်းမစား။ အစားဆိုလည်း အပြင်မှာ သွားရေစာတွေ စားတဲ့အကျင့်မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ် လောက်ကစပြီး သူတို့ ရုံးအောက်မှာ လာရောင်းတဲ့ အသားကင်ကိုတော့ တော်တော်ကြိုက်တယ်။ ညနေတိုင်း ဝယ်လာတယ်။ အစ်မကတောင် ဒီလောက် အကင်အတူးတွေ စားမနေနဲ့လို့ ပြောလိုက်သေးတယ်။ ဒါပေမယ့် ကိုယ်က ဒီလောက်ဖြစ်မယ်လည်း မထင်ဘူးလေ။ ဆရာဝန်တွေ ဆေးစစ်ချက်တွေ ထွက်လာပြီးတော့ ခန့်မှန်းတာက ဒီအသားကင်တွေကို နှစ်ရှည်စွဲ စားမိတာကြောင့် ကင်ဆာရောဂါ ဖြစ်တာတဲ့” လို့ ဆက်လက်ပြောပြပါတယ်။

ဓာတ်ရောင်ခြည်ဌာနက ဒေါက်တာ သီတာက “ဓာတ်ရောင်ခြည်ဌာနကို ရောက်လာတဲ့ လူနာတွေထဲမှာ နယ်ကဆင်းလာတဲ့ လူတွေထက် မြို့ပြကလူတွေ တော်တော်များနေတယ်။ ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်တွင်း ရောဂါဖြစ်တာကြောင့် အပေါ် ယံ မှာ ရောဂါတခုခုဖြစ်သလို ချက်ချင်း မသိနိုင်ပါဘူး။ ကင်ဆာရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ရင် အခုခေတ် လူတွေရဲ့နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလာတာကြောင့် အဖြစ်များလားတာ”လို့ ရှင်းပြပါတယ်။

“လမ်းဘေးအစားအသောက်၊ အထူးသဖြင့် အသားကင်တွေမှာ ရောဂါပိုးတွေ ရှိနေတဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်တယ် ဆိုတာ လူထုပညာပေးရေး လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မရှိသေးဘူး။ မစားပါနဲ့လို့ တားလို့ မရတာကြောင့် သန့်ရှင်းအောင် အန္တရာယ်ကင်းအောင်၊ နေ့တိုင်း ရောင်းမကုန်တဲ့ဟာတွေ ထပ်ထပ် ကင်ရောင်းနေတာတွေ မဖြစ်အောင် လုပ်သင့်တယ်”လို့ လည်း ဒေါက်တာ သီတာက အကြံပေးပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ လမ်းဘေး အသားကင်ဆိုင်တွေ တော်တော်များများ ပေါ်လာသလို ကိုရီးယား အသားလုံးတွေကို ကင်ရောင်း၊ ကြော်ရောင်းတဲ့ လမ်းဘေးဆိုင် များလာတာ မြို့ပြနေလူထုရဲ့ စားသောက်မှု ပုံစံ ပြောင်းလာတာလို့ ပြောရပါမယ်။


“လူတွေက ကြက်ငှက်တုပ်ကွေးဖြစ်မှ ကြက်သားဆိုင်မှာ အပြေးအလွှားဝယ်စားကြတယ်။ ညနေဆို လမ်းဘေးမှာ တန်းစီနေ တဲ့ ဝက်သားတုတ်ထိုးဆိုင်မှာ ဘယ်နှရက်မှန်းမသိ ထည့်ထားတဲ့ အချဉ်ရေတွေနဲ့ တို့စားကြတယ်။ သူငယ်ချင်းတယောက်ဆို အစားကောင်းလို့ ဝမ်းသွားတာ ဆေးရုံပါ တက်လိုက်ရတယ်။ အချဉ်ရေက ငရုတ်ဆီ အစစ်မဟုတ်ဘဲ လျှောက်ရောထားတဲ့ ဟာတွေ ဖြစ်နေလို့ မသေတာ ကံကောင်းတယ်”လို့ နိုင်ငံခြား ဘာသာ တက္ကသိုလ် ကျောင်းသူတဦးက ပြောပါတယ်။

သူကိုယ်တိုင်လည်း မသန့်ရှင်းတဲ့ အစားအစာမှန်း သိပေမယ့် ငါးကင်တချောင်း ၂၀၀၊ အသားတချောင်း ၁၀ဝ ကျပ်ပဲ ရှိတာ ကြောင့် ဈေးနှုန်းသက်သာပြီး အရသာကောင်းလို့ ဝယ်စားမိကြောင်း ဝန်ခံပြောဆိုပါတယ်။

အသားကင်ဆိုင်အများစုဟာ ကျောင်း၊ ရုံးနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ဖွင့်လှစ်ရောင်းချတာများပြီး ငါးကင်၊ ကြက်သားကင်၊ အမဲသားကင်တွေကို အဓိကထား ရောင်းကြပါတယ်။

မဖြစ်မနေ စားသုံးနေရမယ့် စားသောက်ကုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် မြန်မာပြည်မှာ ဦးဇော်ဝင်းနိုင်လို ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေ ထောင်သောင်းချီ ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။ လမ်းဘေးမှာ ရောင်းချနေတဲ့ အသားကင်တွေမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ E. Coli (Escherichia Coil) ခေါ် ဘက်တီးရီယား ပိုးတွေ တွေ့ရှိရကြောင်း ဆေးသုတေသန (အောက်မြန်မာပြည်) ကို ကိုးကားပြီး ပြည်တွင်းအခြေစိုက် ဂျာနယ် တချို့မှာ ဖော်ပြ ထားပါတယ်။

“E. Coli ပိုးက အူမကြီးရောင်တာ၊ သွေးဝမ်းသွားတာ၊ ကျောက်ကပ်ပျက်စီးတာ၊ ဆီးထဲသွေးပါတာနဲ့ နောက်ဆက်တွဲ ကင်ဆာ ရောဂါတွေကို ဖြစ်လာစေတယ်။ အသားကင်ဆိုတာ ကျက်ချင်မှ ကျက်မယ်၊ တူးတာတွေရှိမယ်။ ဒီလိုမျိုးတွေ ကြာကြာစားမိ လာရင် ကျန်းမာရေး တော်တော်ထိခိုက်စေတယ်။ ဒီအစားအသောက်တွေ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောရုံကလွဲပြီး အခုချိန်အထိ ဘာမှ မလုပ်ပေးနိုင်သေးဘူး” လို့လည်း ကျန်းမာရေး သုတေသီ ဆရာဝန်တဦးက ဆိုပါတယ်။

ကျန်းမာရေး အသိပညာတိုးအောင် လုပ်လို့ရပေမယ့် လူထုကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ဝယ်စားနိုင်တဲ့ ငွေကြေးပမဏ ရှိနေဖို့တော့ လိုတယ်။ စားဝတ်နေရေး မပြေလည်သေးသရွေ့ ဈေးသက်သာပြီး အရသာကောင်းမယ့်၊ ဒါပေမယ့် ကျန်းမာရေး ထိခိုက်စေမယ့် အစာတွေ ဆက်စားနေကြဦးမှာပဲလို့ အဲဒီ သုတေသီ ဆရာဝန်က ဆက်ပြောပါတယ်။

စူပါမားကက်တွေမှာရှိတဲ့ အစားအသောက်တွေကိုတောင် သက်တမ်းလွန်မယ့် နေ့စွဲ မကြည့်ကြကြောင်း၊ စားသုံးမယ့် အစားအစာ သန့်ရှင်းမှု ရှိမရှိ၊ ဘယ်ဆီကို အသုံးပြုပြီး ကြော်ထားတယ် စတာတွေကို လေ့လာပြီးမှ ဝယ်ယူတဲ့ အလေ့အထ လည်း အားနည်းသေးကြောင်း အရပ်ဘက် လူမှုရေးအဖွဲ့ အစည်းတခုမှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

“လမ်းဘေး အစားအစာတွေထဲမှာ အကြော်တွေလည်း ပါတယ်။ စားအုန်းဆီထဲမှာမှ ဈေးသက်သာတဲ့ဟာကို အကြော်ဆိုင် တွေက သုံးတာ။ ဆီကြော်မုန့်တွေက ကျန်းမာရေးနဲ့ လုံးဝမညီပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့ ဆီတွေဆို ပိုဆိုးတာပေါ့”လို့ အဲဒီ ဆရာဝန်က ဆက်ပြောပါတယ်။

အန္တရာယ်ရှိ လမ်းဘေးအစားအစာ၊ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ အသင့်စား အစားအသောက်တွေ ပြည်သူလူထုကြားမှာ ထိုးဖောက်လာခြင်းဟာ ရောဂါတွေ ပိုမိုဖြစ်ပွားလာစေဖို့ အကြောင်းရင်းတရပ် ဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဆီကြော်မုန့်တွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိကြောင်း၊ အကြော်အထားခံဖို့၊ ကြွပ်ရွနေစေဖို့ အကြော် ဆီပူအိုး ထဲကို ပလတ်စတစ် အကြည်တွေ ထည့်ကြော်တာမျိုး လုပ်နေတယ်လို့ ပြည်တွင်း အခြေစိုက် မော်ဒန်တိုင်းမ် ဂျာနယ်က ရေးလိုက်ပြီးနောက် ဂယက်ရိုက်သွားပါသေးတယ်။

တခြားနိုင်ငံတွေမှာဆို စားသောက်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိ စစ်ဆေးပြီး အဆင့်သတ်မှတ်ပေးတာမျိုး ရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ ထုတ်လုပ်ထားတဲ့ အသင့်စား စားသောက်ကုန်တွေကိုတောင် ကျန်းမာရေးနဲ့ လျော်ညီမှု ရှိမရှိ စစ်ဆေးပေးနိုင်မှုတွေ အားနည်းနေသေးတယ်လို့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြန်မာပြည်က အစားအစာတိုင်း ဒီလို စစ်လို့ မဖြစ်နိုင်သေးဘူး။ စူပါမားကက်မှာ တင်ရောင်းမယ့် သူတွေသာ ကိုယ့်ကုန်ပစ္စည်း လူဝယ်အောင် အပြိုင်အဆိုင် ထောက်ခံချက်ယူကြတာ။ စစ်ဆေးတဲ့ အချိန်မှာ အရည်အသွေးမီပေမယ့် နောက်ထပ်ထုတ်တဲ့ ကုန်ပစ္စည်းတွေမှာ အရည်အသွေး လျှော့ထားတာမျိုးတွေကိုတော့ စစ်ဆေးနိုင်တာမျိုးတွေ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ အဲဒီ FDA တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီလို ပြည်တွင်း စားသောက်ကုန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့အပြင် ပြည်ပက တင်သွင်းလာတဲ့ စားသောက်ကုန် တွေမှာလည်း အရည်အသွေး ထိန်းချုပ် စစ်ဆေးနိုင်မှု၊ အာမခံချက် အပြည့်အဝ ပေးနိုင်မှု လျော့နည်းနေသေး ကြောင်း တွေ့ရ ပါတယ်။

၂၀၀၉ ခုနှစ်အတွင်း ပြည်သူတွေ အဓိက စားသုံးနေတဲ့ လက်ဖက်၊ ငါးပိ၊ ငရုတ်ဆီ စတာတွေမှာ ဆိုးဆေးတွေ ပါဝင်နေလို့ အစားအသောက် ၁၄၂ မျိုးနဲ့ ဆေးဝါး ၆၉ မျိုးကို စစ်အစိုးရပိုင် သတင်းစာတွေကနေ ထုတ်ပြန်ပြီး ပိတ်ပင်ခဲ့ပါတယ်။

ဒီနှစ် စက်တင်ဘာလ အတွင်းမှာ အနောက်တိုင်း ဆေးတွေ ရောနှောထားတဲ့ အတွက် တိုင်းရင်းဆေး ၂၂ မျိုးကိုလည်း ပိတ်ပင်ခဲ့တာကို စစ်အစိုးရ သတင်းစာတွေကတဆင့် သိရပါတယ်။

“အစားအသောက်တွေမှာ ဆိုးဆေးတွေ ထည့်လာတယ်။ အသင့်စား အစားအသောက်တွေလည်း ပေါ်လာတယ်။ ဒီဟာတွေ အတွက် စစ်ဆေးတာတွေ မလုပ်နိုင်သေးပါဘူး။ Shopping Center ကြီးတွေမှာ ရောင်းနေတဲ့ ပစ္စည်းတွေ၊ ပြည်ပက ဝင်လာ တဲ့ ပစ္စည်းတွေက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနအနေနဲ့ ဘယ်လို စစ်ဆေးပြီး ခွင့်ပြုနေလဲဆိုတာ မသိဘူး။ သူတို့ မညီညွတ်ဘူးပြောရင် ဈေးကွက်ထဲကနေ သိမ်းလိုက်တယ်။ ညီညွတ်တယ်ဆိုရင် ပြန်ပေါ်လာတယ်” လို့ အငြိမ်းစား ဆေးပညာ ပါမောက္ခ တဦးက ပြောပါတယ်။ ဆေးဝါး သုတေသီ ပညာရှင်တဦးကလည်း “FDA ထောက်ခံချက်ပါတိုင်း ယုံလို့ရလားဆိုတော့ ခဏခဏ သတင်းစာထဲကနေ ဘယ်အစားအစာကတော့ မစားသင့်တော့ပါဘူးဆိုတဲ့ ဟာမျိုးတွေပဲကြည့်။ ဈေးကွက်ထဲ ဖြန့်ပြီးလို့ လူတွေစားနေကြပြီးမှ ဒီလို ကြေညာချက်ထုတ်ရတာ FDA က အစကတည်းက အရည်အသွေး မီ မမီ မစစ်ဆေးဘူးလား။ စစ်ဆေးရင်လည်း အဲဒီတုန်းက ဘာလို့ မတွေ့တာလဲဆိုတဲ့ မေးခွန်းတွေ မေးစရာပေါ်လာတယ်” လို့ သုံးသပ်ပါတယ်။

“FDA ထောက်ခံချက်ပါလို့ ယုံကြည်ရမယ်လို့ မပြောချင်သလို မပါလို့လည်း မယုံကြည်ရဘူးလို့ မပြောချင်ဘူး။ ဒီနေ့ခေတ်မှာ အရာရာကို ကိုယ့်အသိဉာဏ်နဲ့ယှဉ်ပြီး စားသောက်နေထိုင်နိုင်ဖို့ လိုတယ် ” လို့ အဆိုပါ ပညာရှင်က အကြံပေးပါတယ်။

FDA ရဲ့ အခန်းကဏ္ဍနဲ့ FDA ထောက်ခံချက်ပါတိုင်း ယုံကြည်စိတ်ချစွာ စားသောက်သင့်သလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက် နေကြောင်း ပညာရှင်တွေက ဝေဖန်နေကြပါတယ်။ ။

စာရေးသူ နရီလင်းလက် ဖြစ်ပါတယ်။ Google မှာ ရှာကြည့်တော့ ဒီဆောင်းပါး နာမည်နဲ့ ဆိုက်တော်တော် များများတော့ တွေ့နေပါတယ်။ ဒီဆောင်းပါးကတော့ ကူးယူပြီး ဖေါ်ပြတာပါ။ လူတွေ သိသင့်တယ်ထင်လို့ပါ။ ပွိုင့် နုတ်မယ်ဆိုလည်း စိတ်ကြိုက်နုတ်နိုင်ပါတယ်။

6 comments

  • kopauk mandalay

    September 25, 2010 at 4:22 pm

    အပြင်စာကို လုံးဝမစားဘဲ မရှောင်နိုင်တာကတော့ ကျနော်အပါအဝင်လူတိုင်းပါ။
    နေ့စဉ်နဲ့အမျှလှုပ်ယှားသွားလာနေရတော့ ဗိုက်ဆာရင်စားမိတာပါဘဲ။
    ကျနော်အမြင်ကိုပြောရရင်
    အဓိကအချက်ကတော့ ဘယ်အစားအစာကိုမှ အလွန်အကျွံမစားဘူးဆိုရင်
    အကောင်းဆုံးပါဘဲ။

  • Gong Zhu

    September 25, 2010 at 4:39 pm

    အဲ့ဒီ အကင်တွေကို ကင်မစားပဲနဲ့ ကြော်စားရင်ရော ဖြစ်တတ်လား ? ? ?

    • ဆူး

      September 26, 2010 at 4:05 am

      အိမ်မှာ ကြော်စားလေ ညီမရဲ့.. ကိုယ့်အိမ်က ဆီက လမ်းဘေးက ပလပ်စတစ် ဆီကြော်ထက်စာရင် သန့်တယ်မလား ကြော်စားတာထက် ပြုတ်စားတာကမှ ပိုကောင်းလေမလားတောင် တွေးမိတယ်

  • intro

    September 26, 2010 at 2:11 am

    အသက်ဉာဏ်စောင့် ဆိုတာလဲ ရှိသေးတာပဲဗျာ… စားလဲစား၊ ကိုယ့်ကျန်းမာရေးထိခိုက်လောက်အောင်လဲ ကိုယ့်ကိုယ်ကို အလိုမလိုက်နဲ့ပေါ့ဗျာ… စီးပွားရေး သမားတွေကတော့ ရောင်းကုန်ရှိရင် ရောင်းမှာပဲ… ဒါပေမယ့် ကိုယ်စားမယ့်အစားအသောက်ကိုတော့ ချင့်ပြီးမှ စားတာကောင်းတယ်… အရသာ ကောင်းလဲ ကြိုက်ပေါ့ဗျာ… ကျန်းမာရေးအတွက်လဲ limit လေးလဲ ထားပေါ့….

  • bigcat

    September 26, 2010 at 4:51 am

    ဆူး တင်ထားပေးတဲ့ ဝက်သားဒုတ်ထိုးပုံလေးတွေကို မြင်ရတာ ကိုယ့်ငယ်ချစ်ကိုသူတပါးရင်ခွင်ထဲမှာ တွေ့လိုက်ရသလို ခံစားမိပါတယ်။ ချစ်သောသူနဲ ကွေကွင်းရခြင်း ဆိုတဲ့ ဝက်သားဒုတ်ထိုးနဲ့ ဝေးကွာနေရခြင်းဟာ ဘဝရဲ့ဆင်းရဲဒုက္ခတမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ်ငယ်ချစ်ကိုတွေ့လိုက်ရလို့ အလွမ်းပြေလေးတော့ ဖြစ်လိုက်ပါ၏။ ဒါထက်၃၆လမ်းနဲ့ အနော်ယထာလမ်းမထောင့်မှာ ရောင်းလေ့ရှိတယ် လမ်းဘေးဝက်သားဒုတ်ထိုးနဲ့ ကြာဇံကြော်ဆိုင် ရှိသေးလားမသိ၊ သူ့ရှေ့မှာယုဇန ဒန်ပေါက်ဆိုင်လား မသိဘူးရှိတယ်။ ဒုတ်ထိုးပိုင်ရှင်တရုတ်ရဲ့ လည်ပင်းက ရွှေဆွဲကြိုးက လက်သန်းလောက်ရှိတယ်။ အဲဒီနားက ဖြတ်သွားရင် မစားပဲမနေနိုင်လို့ ရှောင်သွားရတယ်။

    • ဆူး

      September 26, 2010 at 6:08 am

      ၁၉၉၈-၉၉ လောက်ကတည်းက ကျူရှင်တက်ရင် ဝယ်စားနေကျ ဆိုင်တဆိုင်ရှိတယ် ဆိပ်ကမ်းသာလမ်း နဲ့ အနော်ရထာလမ်း ထောင့်နားမရောက်တရောက် အဲဒီ ဆိုင်ဟုတ်မဟုတ်တော့ မသိဘူး ပိုင်ရှင် ရွှေဆွဲကြိုး ဝတ်တာ သတိမထားမိဘူး.ဒုတ်ထိုး ကြာဇံ သိပ်ကောင်းတာ အခု ထိလည်း အဲဒီ ဆိုင် ရှိသေးတယ် လူငယ်တွေ ဘဲ ရောင်းတာ အဲဒီ ဆိုင်က အခုတော့ လူကြီးတွေပေါ့လေ..သူတို့လည်း ၁ဝနှစ်ကျော်အိုသွားပြီဆိုတော့။ အဲဒီ ဆိုင်ကတော့ စားကောင်းတယ်။ ဦးကြောင်ကြီး အိမ်မှာ လုပ်စားပါလား.. မခက်ပါဘူး ဝက်သားကို တရုတ်မဆာလာ ငံပြာရည် အကြည်ရေလေးနဲ့ သာပြုတ်လိုက်.. ကြက်သွန်ဖြူ ဆားနဲ့ ငရုတ်သီး ရောထောင်းပြီး မကျဉ်းနှစ်လေးနဲ့ ရောပြီး ငရုတ်ဆီ လုပ်လိုက်လေ။ ဒါဆို စားကောင်းမှာပါ။ ဘဲဥ မာမာလေး စားချင်ရင်တော့ ဘဲဥလေးကို ပြုတ် အခွံခွာ ဆား တရုတ်ပဲငံပြာရည် အကြည်လေးနဲ့ နယ် ၄နာရီလောက် ရေခဲ သေတ္တာ အောက်ထပ်မှာ ထားပြီး ဝက်သား ပြုတ်ရည်နဲ့ ချက်လိုက်.. ကောင်းမှ ကောင်း လျှာလည် သွားမယ် ငယ်ချစ်ဟောင်းနဲ့ ပြန်ပေါင်းလို့ရသွား ပါမည်။

Leave a Reply